Skip to content

ပါရာ ခုနှစ် (Juz Seven)

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ ခုနှစ်

 စူရာဟ် အလ်-အန္နအာမ် (သားကောင်များကဏ္ဍ) သည် ကျမ်းမြတ်ကုရ်အာန်၏ ပထမ ပါရာ ၆ ခုတွင် ဖော်ပြခဲ့သည့် အကြောင်းအရာများနှင့် လုံးဝကွဲထွက်နေသည်ဟု မှတ်သားရပါသည်။ ယခင်စူရာဟ်များသည် မဒီနန်စူရာဟ်များဖြစ်နေခဲ့ကြပြီး မဒီနာဟ်ခေတ်၏ အဖြစ်အပျက်များနှင့် အနီးစပ်ဆုံး ချိတ်ဆက်လျက်ရှိသကဲ့သို့ စူရာဟ် အလ်-အန္နအာမ်သည် အကီဒါ (ယုံကြည်သက်ဝင်မှု) ဆိုင်ရာအဖြစ်အပျက်များအပေါ် အဓိကထားဖော်ပြထားသည့် မက္ကာန်စူရာဟ်တစ်ပုဒ်လည်း ဖြစ်ပါသည်။ ဒီစူရာဟ်တစ်လျောက်လုံးမှာ ပါဝင်နေသည့် တမန်တော်ဘဝ (Prophethood) နှင့် ဖန်ဆင်းရှင်တစ်ပါးတည်းသာခဝပ်ကိုးကွယ်သည့်ဝါဒ (Monotheism) ကနေပြီးတော့ အစောပိုင်းမက္ကာန်ဝဟီများ၏ အဓိကဦးတည်ချက်ကို သိမြင်စေနိုင်ပါတယ်။

 မက္ကာဟ်မှာရှိတဲ့ Pagans (ပေဂန်=ဗာဟီရဝါဒ) အချို့သည် အံ့ဖွယ်ဖြစ်ရပ်တွေ (Miracles) ဖြစ်ပေါ်နေတာကို သူတို့မျက်စိရှေ့မှာ မမြင်မချင်း ယုံကြည်ဖို့ ငြင်းဆန်ခဲ့ကြတယ်။ ဒီလိုသူတို့ငြင်းဆန်နေတာတွေက အကြောင်းပြချက်မျှသာဖြစ်ပြီး ဘာကိစ္စတွေပဲ ဖြစ်လာ ဖြစ်လာ လက်မခံဖို့ အကြောင်းပြချက်တွေ၊ နည်းလမ်းတွေရှာပြီး ဘယ်တော့မှ ယုံကြည်လာမှာမဟုတ်ကြောင်းကိုလည်း ဖန်ဆင်းရှင်မှ ဝဟီချပေးထားခဲ့ပါတယ်။ သူတို့မတိုင်ခင် ရာချီတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေဖြစ်ပွားနေခဲ့ရင်တောင် အံ့ဖွယ်တစ်ခုချင်းစီက မှော်အတတ်ပညာတွေ၊ ထင်ယောင်ထင်မှားဖြစ်မှုတွေ ဒါမှမဟုတ် မရှိတာကို အဟုတ်ထင်နေခြင်းတွေသာ ဖြစ်တယ်ဆိုပြီး သူတို့ငြင်းဆန်ကြပါလိမ့်မယ်။

 ဒါက ယနေ့ခေတ်ရဲ့ ဘာသာမဲ့ (atheists) တွေရဲ့ လက်တွေ့ဖြစ်ရပ်လိုပါပဲ။ ဖန်ဆင်းရှင်က ကျွန်မတို့ကို ဖန်ဆင်းရှင်၏ တည်ရှိနေမှုနှင့် တန်ခိုးသြဇာ ရဲ့ လက္ခဏာ သန်းပေါင်းများစွာနှင့်အတူ ဝန်းရံပေးထားပါတယ်။ ကျွန်မတို့ကသာ ဒီလက္ခဏာတွေကိုငြင်းဆန်ဖို့ရွေးချယ်ခဲ့မယ်ဆိုရင် သက်သေပြချက်ပေါင်းများစွာကနေ ကိုယ့်ကိုယ်ကို ကွယ်ထားဖို့၊ မသိချင်ယောင်ဆောင်နေဖို့ ရွေးချယ်လိုက်သလိုပါပဲ။ အကယ်၍ လူတစ်ယောက်က အံ့ဖွယ်ဖြစ်ရပ်အများကြီးကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နေခဲ့ရင်တောင် နှလုံးသားက အမှန်တရားကို မမြင်ချင်ယောင်ဆောင်နေမယ်ဆိုရင် ပါးစပ်ကနေ ဆင်ခြေပေါင်းများစွာကို ပြောထွက်လာပါလိမ့်မယ်။ ဒါက မက္ကာန်လူမျိုးတွေရဲ့ အခြေအနေဖြစ်ခဲ့သလို ယနေ့ခေတ် ဘာသာအယူဝါဒ ယုံကြည်သက်ဝင်မှုမရှိသူတွေရဲ့ အခြေအနေပါပဲ။

“ထို့ပြင် သူတို့ထံသို့ သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်မှ မည်သည့်သက်သေလက္ခဏာမျိုး ရောက်လာသည်ပင်ဖြစ်စေ သူတို့သည် ထိုသက်သေလက္ခဏာများမှ မျက်နှာလွှဲသွားခဲ့ကြသည်ချည်းပင်ဖြစ်သည်။”

“၎င်းပြင် အမှန်စင်စစ် သူတို့သည် သူတို့ထံသို့ အမှန်တရားရောက်ရှိလာသောအခါ ထိုအမှန်တရားကိုလည်း မဟုတ်မမှန်ဟု ငြင်းပယ်လိုက်ကြသည်။ သို့ဖြစ်ရာ သူတို့ထံသို့ မကြာမီ သူတို့ပြောင်လှောင်လေ့ရှိခဲ့သော အရာ၏သတင်းမှန် (ရလဒ်ဆိုးကျိုး)သည် ရောက်ရှိလာလိမ့်မည်။”
(ကျမ်းမြတ်ကုရ်အာန် ၆:၄-၅)

“ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် (စာရွက်ကဲ့သို့)ရေးမှတ်ရာ၌ ရေးထားသောကျမ်းတစ်စောင်ကို အသင်၏အပေါ်ချပေးတော်မူခဲ့ပြီး သူတို့သည် ထိုကျမ်းကို သူတို့၏ လက်များနှင့် ထိတွေ့ခဲ့ကြလျှင်လည်း ကာဖိရ် ငြင်းပယ်သူများကမူ “ဤသည် ထင်ရှားသော စုန်းပယောဂ ဖြစ်သည်” ဟု အမှန်စင်စစ်ပြောဆိုကြလိမ့်မည်။”

“ထို့ပြင်သူတို့က “အဘယ့်ကြောင့် ၎င်း(တမန်တော်)ထံသို့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ခြင်း မခံရသနည်း” ဟု ပြောဆိုကြသည်။”

“ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ကောင်းကင်တမန် တစ်ပါးပါးကို စေလွှတ်တော်မူခဲ့လျှင် အမှန်ပင် ကိစ္စသည် ပြီးဆုံးသွားခဲ့မည်ပင်ဖြစ်သည်။ ထို့နောက် သူတို့သည် (အပြစ်ဒဏ်မှ)ရွှေ့ဆိုင်းခွင့် (လုံးဝ)ရကြမည်မဟုတ်တော့ပေ။”

“ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ၎င်း(လူသားတမန်တော်)ကို ကောင်းကင်တမန်တစ်ပါးအဖြစ် ပြုလုပ်တော်မူခဲ့လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုကောင်းကင်တမန်ကိုလည်း (သူတို့ကြည့်မြင်နိုင်သောပုံသဏ္ဌာန်ရှိသောလူ)ယောက်ျားပင် ပြုလုပ်ရမည်ဖြစ်သည်။ ထို့ နောက် ငါအရှင်မြတ်သည် သူတို့ သံသယ ဖြစ်နေသော အရာထဲ၌ပင် (ထပ်ပြီး) သူတို့အပေါ်တွင် အမှန်စင်စစ် သံသယဖြစ်စေတော်မူဦးမည်ပင် ဖြစ်သည်။”

“ထို့ပြင်အသင်(တမန်တော်)၏မတိုင်မီက တမန်တော်များသည်လည်းပြောင်လှောင်ခြင်းကို အမှန်စင်စစ် ခံသွားခဲ့ကြရသည်။ ၎င်းပြင် ထိုတမန်တော်များကို ပြောင်လှောင်သောသူများအား သူတို့ ပြောင်လှောင်ခဲ့ကြသောအရာ(အပြစ်ဒဏ်)ကပင် ဝိုင်းဝန်းခဲ့သည်။”
(ကျမ်းမြတ်ကုရ်အာန် ၆:၇-၁၀)

ဒီစူရာဟ် အလ်-အန္နအာမ်ကို ဝဟီချပေးခဲ့ခြင်းကိုကလည်း ခမ်းနားကြီးကျယ်တဲ့ဖြစ်ရပ်တစ်ခုပဲ ဖြစ်ခဲ့ပါတယ်။ ဒီဝဟီက မိုးကုပ်စက်ဝိုင်းတစ်ခုလုံးပြည့်သွားသည်အထိ များပြားသည့် ကောင်းကန်တမန်များနှင့်အတူ ကျလာခဲ့တာပဲ ဖြစ်တယ်။ တချို့ ဇာတ်ကြောင်းပြန်ပြောချက်တွေအရဆိုရင် ကောင်းကင်တမန်ပေါင်း ၇ သောင်း ရှိတယ်လို့ ဖော်ပြခဲ့ကြပေမဲ့ ဒီပြန်ပြောချက်တွေက အားနည်းတဲ့အတွက် ကောင်းကင်တမန်အရေအတွက် အတိအကျကိုတော့ ကျွန်မတို့ မသတ်မှတ်ထားကြပါဘူး။

 မည်သို့ပင်ဆိုစေကာမူ ကောင်းကင်တစ်ခုလုံး ကောင်းကင်တမန်တွေနှင့်အပြည့်ဖြစ်ခဲ့တယ်ဆိုတဲ့အချက်က ဒီစူရာဟ် အလ်-အန္နအာမ်သည် အရေးကြီးသည့် မိန့်ဆိုချက်ပါဝင်နေတဲ့ တန်ခိုးအားကောင်းပြီး အရေးကြီးလှတဲ့ စူရာဟ်တစ်ပုဒ်ဖြစ်တယ်ဆိုတာ သိမြင်နိုင်ပါတယ်။

ပေကန်တွေရဲ့ ခေါင်းဆောင်ကြီးတွေက ကျမ်းမြတ်ကုရ်အာန်ကို ဖန်ဆင်းရှင်ဝဟီချပေးထားသည့် ကျမ်းတစ်ခုအနေနဲ့ အသိအမှတ်ပြုခဲ့ကြပါတယ်။ ပေဂန်တို့လို အာရဗ်ကဗျာလင်္ကာ အကျော်အမော်တွေအနေနဲ့ ကျမ်းမြတ်ကုရ်အာန်လိုကျမ်းမျိုးသည် လူသားတို့ရဲ့ ဖန်တီးနိုင်စွမ်းထက် သာလွန်ပြောင်မြောက်သည့် ကျမ်းတစ်ခုဖြစ်တယ်ဆိုတာ သူတို့သိခဲ့ကြပါတယ်။

 အထူးသဖြင့် ဒါက Waleed Ibn Mugheirah လိုမျိုး ကျမ်းမြတ်ကုရ်အာန်သည် မှော်အတတ်ပညာ တစ်ခုမဟုတ်တာ သိသိကြီးနှင့်ကို အလျဉ်းသင့်သလို မှော်ပညာသာဖြစ်တယ်လို့ ရေးလေ့ရှိခဲ့တဲ့ ဖြစ်ရပ်တစ်ခု လိုပါပဲ။ အလ္လာဟ် (سبحانه وتعالى) သည် ကူရေ့ရှ် တွေကို ကျော်လွန်ပြီး တမန်တော်မုဟမ္မဒ်(ﷺ) အား နောက်ဆုံးတမန်တော်အဖြစ် ရွေးချယ်လိုက်သည့်အချက်ကို လက်ခံဖို့ မာန်မာနှင့်အတူ ငြင်းဆန်ခြင်းသည် အမှန်တရားက နေ့ပမာ ထင်းလင်းမြင်သာနေသော်လည်း ကူရေ့ရှ်တို့အဖို့ အမှန်တရားကို ငြင်းပယ်ဖို့ ဖြစ်ခဲ့ရတယ်။ ထိုငြင်းဆန်သူတို့ကို တုံ့ပြန်ဖို့အတွက် အလ္လာဟ်(سبحانه وتعالى) သည် အောက်ပါ အာယဟ်များကို ဝဟီချပေးခဲ့ပါသည်။

“အကြင်သူများအား ငါအရှင်မြတ်သည် ကျမ်းဂန်ကို ပေးသနားတော်မူခဲ့သည်။ ထိုသူများသည် သူတို့၏သားများအား သိရှိမှတ်မိကြသကဲ့သို့ ၎င်း(တမန်တော် မုဟမ္မဒ်)ကို သိရှိမှတ်မိကြသည်။ (သို့ရာတွင်) သူတို့ကိုယ်သူတို့ နစ်နာဆုံးရှုံးအောင်ပြုလုပ်သောသူများကမူ ယုံကြည်ခြင်းမရှိကြပေ။”

“ထို့ပြင် အကြင်သူထက် မတရားသောသူ မည်သူရှိဦးမည်နည်း၊ ထိုသူသည် အလ္လာဟ်အရှင်မြတ် အပေါ်၌ မုသားကို လုပ်ကြံ စွပ်စွဲသည်၊ သို့မဟုတ် အရှင်မြတ်၏ အာယသ်တော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သည်။ အမှန်စင်စစ် မတရားသူများသည် အောင်မြင်ကြမည်မဟုတ်ပေ။”
(ကျမ်းမြတ်ကုရ်အာန် ၆:၂၀-၂၁)

မက္ကာန်ဝဟီများသည် သာသနာအပေါ်နက်ရှိုင်းစွာသက်ဝင်ယုံကြည်မှု၏ အခြေခံများကို အဓိကထား ဖော်ညွှန်းထားပါသည်။ စူရာဟ် အလ်-အန္နအာမ်သည် မက္ကာန်ဝဟီများ၏ အဓိက မိန့်ဆိုချက်ကို အသေးစိတ်ရှုမြင်စေနိုင်ပါတယ်။ ထိုစူရာဟ်ထဲတွင် တမန်တော်မုဟမ္မဒ်(ﷺ) ၏ တမန်တော်ဘဝနှင့် တစ်ပါးတည်းသောဖန်ဆင်းရှင် အလ္လာဟ်(سبحانه وتعالى) တို့အပေါ် ငြင်းခုံမှုများစွာနှင့် ပြည့်နှက်နေပါတယ်။ စူရာဟ် အလ်-အန္နအာမ်သည် အမှန်တရားကို ရိုးဖြောင့်စွာရှာဖွေနေသူတို့အဖို့ အားကောင်းပြီး လက်ခံချင်စဖွယ်ကောင်းသည့် သတင်းစကားတစ်ခုအနေဖြင့် ယနေ့တိုင် ဆက်လက်တည်ရှိနေပါတော့သည်။ 

Qur'an Reflection (Asbab ul-Nuzul)

ပါရာ ခြောက်(Juz Six) ပါရာ ရှစ်(Juz Eight)

Leave a Reply

Your email address will not be published. Required fields are marked *