Skip to content

ပါရာ တစ်ဆယ့်ခုနှစ် (Juz Seventeen)

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ တစ်ဆယ့်ခုနှစ်

 ပါရာဆယ့်ခုနှစ်ထဲမှ စူရာဟ်များသည် မက္ကာဟ်မှ မဒီနာဟ်သို့ ရွှေ့ပြောင်းချိန်အတွင်း ချပေးခဲ့တာပဲဖြစ်ပါတယ်။ စူရာဟ်များကို နှစ်တခုတည်းမှာပဲချပေးခဲ့တာဆိုပေမဲ့ တစ်ချို့စူရာဟ်တွေသည် မက္ကာန်စူရာဟ်များဖြစ်ကြပြီး တစ်ချို့စူရာဟ်များသည် မဒီနန်စူရာဟ်များဖြစ်ကြပါတယ်။ မွတ်စ်လင်မ်တို့တွေဟာ နယ်မြေအသစ်တစ်ခုမှာ ဘဝအသစ်တစ်ခုကို စတင်နိုင်ဖို့ လိုက်လျောညီထွေဖြစ်အောင်ကြိုးစားခဲ့ကြရတဲ့အတွက် ဟီဂျ်ရာဟ်ထွက်ခြင်း (ရွှေ့ပြောင်းခြင်း) နှစ်၏ အခက်အခဲအချို့ကို ဒီပါရာထဲမှာ ဖော်ပြထားပါတယ်။

 စူရာဟ် အလ်-ဟဂျ်တွင် အလ္လာဟ်(سبحانه وتعالى) သည် ရည်ရွယ်ချက်ဖြင့် အလ္လာဟ်(سبحانه وتعالى) အား ခဝပ်ကိုးကွယ်သည့် လူအုပ်စုတစ်စုအကြောင်းကို ဖော်ပြထားပါသည်။ ထိုလူများသည် အကျိုးအမြတ်တစ်စုံတစ်ရာ ပြန်လည်ရရှိနိုင်ရန် မျှော်ကိုး၍ အလ္လာဟ်(سبحانه وتعالى) အား ခဝပ်ကိုးကွယ်ကြသူများဖြစ်ကြပြီး သူတို့တောင့်တသည့်အရာများ မရရှိခဲ့ပါက သာသနာကိုစွန့်ပစ်ကြမည့် (သို့) သာသနာကို လက်လျော့လိုက်မည့်သူများ ဖြစ်ကြပါသည်။ ထိုကဲ့သို့သော ဖန်ဆင်းရှင်နှင့် အပေးအယူဆက်ဆံရေးမျိုးသည် ကျွန်မတို့ဘဝ၏ ရည်ရွယ်ချက်၊ သောင်ဟီဒ်သစ္စာတရား၏ အနှစ်သာရနှင့် ဆန့်ကျင်နေပါသည်။

 “ထို့ပြင် လူများထဲတွင် အစွန်အဖျား၌(ရပ်ပြီး) အလ္လာဟ်အရှင်မြတ်အား ကိုးကွယ်သူလည်းရှိသည်။ ထို့ပြင် အကယ်၍ သူ့တွင် အကျိုးတစ်စုံတစ်ခု သက်ရောက်ခဲ့လျှင် သူသည် ထိုအခြေအနေကို ကျေနပ်ခဲ့သည်။ ထို့ပြင် အကယ်၍ ထိုသူတွင် စမ်းသပ်မှုတစ်စုံတစ်ခု သက်ရောက်ခဲ့လျှင် သူသည် သူ၏မျက်နှာကို လှည့်ပြီး ပြန်သွားခဲ့သည်။ သူသည် ဤဘဝတွင်သာမက တမလွန်ဘဝတွင်လည်း လက်လွတ်ဆုံးရှုံးခဲ့သည်။ ထိုအရာသည် ထင်ရှားသည့်ပျက်စီးဆုံးရှုံးမှုပင် ဖြစ်သည်။”
(ကျမ်းမြတ်ကုရ်အာန်၂၂:၁၁)

 အထက်ပါအာယာဟ်ကို ဝဟီချပေးခဲ့ရခြင်းမှာ မဒီနာဟ်တွင် တချို့သောလူများသည် မှားယွင်းသည့်နိယဟ် (ရည်ရွယ်ချက်) များဖြင့် အစ္စလာမ်သာသနာသို့ ကူးပြောင်းခဲ့ကြသည့်အတွက်ပဲ ဖြစ်ပါတယ်။ သူတို့တွေက စစ်မှန်သည့်သာသနာသည် သူတို့ဘဝအတွက် လွယ်ကူချောမွေ့အောင် လုပ်ပေးနိုင်ရမည်ဟု တွေးထင်ခဲ့ကြပါတယ်။ သူတို့တွေသည် သာသနာကို စမ်းသပ်ကြည့်ဖို့ ကူးပြောင်းလာခဲ့ကြပါတယ်။ အကယ်၍ သူတို့မိသားစုမှာ သားသမီးရတနာတွေတိုးပွားလာမယ်၊ ခြံမွေးတိရစ္ဆာန်တွေပွားများလာမယ်ဆိုရင် ဒါက ကောင်းတဲ့ သာသနာတစ်ခုဖြစ်တယ်လို့ ပြောကြပါလိမ့်မယ်။ အကယ်၍ အဲ့လိုသာမဟုတ်ဘူးဆိုရင်တော့ အစ္စလာမ်သည် ကောင်းတဲ့သာသနာမဟုတ်ဘူးလို့ ပြောကြပြီး သာသနာမှ စွန့်ခွါကြပါလိမ့်မယ်။ ထိုကဲ့သို့သော အတွေးအခေါ်မျိုးနှင့် အစ္စလာမ်သာသနာသို့ ချဥ်းကပ်မှုသည် ပြဿနာတစ်ခုဖြစ်ပါတယ်။

 ဒါက ယနေ့ခေတ်မှာ ပို့ချနေကြတဲ့ အောင်မြင်ကြီးပွားတိုးတက်ရေး အယူဝါဒတွေနှင့် အလားတူပါတယ်။ တစ်ချို့ တရားဟောဆရာတွေက အကယ်၍ အသင်သည် အလ္လာဟ်(سبحانه وتعالى) အား ချစ်ခင်မြတ်နိုးပြီး ယုံကြည်မှုရှိမယ်ဆိုရင် အလ္လာဟ်(سبحانه وتعالى) သည် အသင့်အား ဤကမ္ဘာမြေပေါ်တွင် အသင်လိုချင်သမျှကို ချီးမြှင့်ပေးမှာဖြစ်ပြီး အသင့်ဘဝနေထိုင်ရေးကို လွယ်ကူအောင် ပြုလုပ်ပေးပါလိမ့်မည် ဆိုတဲ့ အတွေးအခေါ်ကို သင်ကြားပေးနေပါတယ်။ ဒီလိုသင်ကြားမှုတွေက လူတွေကို ရိုးသားမှုမရှိဘဲ အစ္စလာမ်သာသနာကို လက်ခံဖို့နှင့် အလ္လာဟ်(سبحانه وتعالى) အား ခဝပ်ကိုးကွယ်ဖို့ ဖြစ်လာစေပါတယ်။

 ကျမ်းမြတ်ကုရ်အာန်၏ အပိုင်းတော်တော်များများတွင် အထက်ပါအယူအဆနှင့် မတူညီသည့်ရှုထောင့်များကို ဖော်ပြပေးထားပါတယ်။ ကျမ်းမြတ်ကုရ်အာန်ထဲတွင် အီမာန်သက်ဝင်ယုံကြည်သူများသည် ဘဝရဲ့ စမ်းသပ်မှုများကို မျှော်လင့်ထားသင့်သလို အလ္လာဟ်(سبحانه وتعالى) အလိုတော်အတွက် အနစ်နာခံတတ်ရန် အဆင်သင့်ဖြစ်နေကြောင်း အဆိုပြုထားပါတယ်။ ဤဒွန္နယာဟ်မှ ဘဝသည် ဂျန္နဟ်သုခဘုံ မဟုတ်နေသလို ကျွန်မတို့တွေဟာလည်း ဤဒွန္နယာဟ်မှာ ကျွန်မတို့အလိုရှိသမျှတိုင်းကို အမြဲတမ်း မရရှိနေနိုင်ပါဘူး။ အလ္လာဟ်(سبحانه وتعالى) မှ ကျွန်မတို့အား ဒီကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်ခွင့်ပြုထားခြင်းက ကျွန်မတို့အတွက် စမ်းသပ်မှုတွေဖြစ်သလို စမ်းသပ်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာက ဘဝရဲ့ ခက်ခဲမှုတွေကို ရင်ဆိုင်ဖို့နှင့် ဒီအခက်အခဲတွေကို ဖြတ်ကျော်နေချိန်တိုင်းမှာ စိတ်ရှည်သည်းခံမှုရှိဖို့ (စဘာရ်ထားတတ်) ပဲ ဖြစ်ပါတယ်။

 အန်ဆာလူမျိုးတွေက ဒီအချက်ကို ကောင်းစွာ နားလည်သဘောပေါက်ခဲ့ကြတယ်။ သူတို့က အစ္စလာမ်သာသနာကို လက်ခံခြင်းအားဖြင့် မက္ကာန်မွတ်စ်လင်မ်များကို သူတို့မြေပေါ်သို့ ပြောင်းရွှေ့ခွင့်ပြုရမှာဖြစ်သလို တမန်တော်မြတ်(ﷺ) အား ကာကွယ်ပေးရန်လိုအပ်ကြောင်းကို သဘောပေါက်နားလည်ခဲ့ကြပြီး အခက်အခဲအသစ်တွေ၊ စမ်းသပ်မှုအသစ်တွေကို လက်ခံလိုက်ဖို့ သူတို့ စိတ်အားထက်သန်ခဲ့ကြပါတယ်။ မက္ကာန်တွေက သူတို့နဲ့ နီးစပ်တဲ့မြို့တစ်ခုမှာ အစ္စလာမ်သာသနာပြန့်ပွားလာခြင်းကို ငြိမ်ငြိမ်လေး လွှတ်မထားနိုင်ခဲ့ကြပါဘူး။ သူတို့က လက်တုံ့ပြန်ဖို့ကြိုးစားခဲ့ကြပြီးတော့ ဒီအချင်းအရာက စစ်ပွဲသို့ ဦးတည်စေခဲ့တယ်။ အန်ဆာလူမျိုးတွေက ဒီလိုဖြစ်လာမှာကို သိခဲ့ကြပေမဲ့ အစ္စလာမ်ကို စိတ်ရောကိုယ်ပါနှစ်၍ လက်ခံခဲ့ကြပြီး သူတို့ရဲ့ သာသနာအပေါ် စစ်မှန်ရိုးသားမှုနှင့် ကတိသစ္စာစောင့်သိနိုင်မှုကို သက်သေပြနေခဲ့ကြပါတယ်။

 မက္ကာဟ်နှင့် မဒီနာဟ်လူမျိုးတွေကြား သက်သေခံကတိပြုချက်ရဲ့ ရလဒ်အနေနဲ့ စစ်ပွဲတစ်ခုဖြစ်လာခဲ့ပြီး သိပ်မကြာခင်မှာပဲ စတင်ခဲ့တာဖြစ်ပါတယ်။ စူရာဟ် ဟဂျ်ထဲမှာပင် အလ္လာဟ်(سبحانه وتعالى) သည် အီမာန်သက်ဝင်ယုံကြည်သူတို့အား မက္ကာန်လူမျိုးတို့ကို ပြန်တိုက်ရန် ပထမဆုံးအကြိမ်အနေဖြင့် ခွင့်ပြုချက်ပေးခဲ့ပါတယ်။

 “(ယခုမူ)တိုက်ခိုက်မှုခံနေကြရသည့်သူ (မွတ်စ်လင်မ်) များသည် (ခုခံတိုက်ခိုက်)ခွင့် ရရှိပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် နှိပ်စက်မှုကို ခံခဲ့ကြရသည်။ ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အမှန်ပင် ကူညီနိုင်တော်မူသောအရှင်ပင် ဖြစ်တော်မူသည်။”
(ကျမ်းမြတ်ကုရ်အာန် ၂၂:၃၉)

 ဒါက စစ်တိုက်ဖို့ခွင့်ပြုသည့် ပထမဆုံးဝဟီကျလာခြင်းလည်း ဖြစ်ခဲ့ပါတယ်။ ဝဟီထဲတွင် သတ်မှတ်ထားသည့်အခြေအနေများကတော့ စစ်အတွင်း ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်ရန်နှင့် ငြိမ်းချမ်းရေးကို အဓိက ဦးစားပေးရန်ပဲ ဖြစ်ပါတယ်။ ထိုအာယဟ်များသည် ရွှေ့ပြောင်းသည့်နှစ်အတွင်း ကိစ္စရပ်များ ပြောင်းလဲပုံကို ဖော်ပြထားပါတယ်။

 မဒီနာဟ်သို့ရွှေ့ပြောင်းခြင်းသည် ကောင်းသည့်ကိစ္စရပ်များစွာကို ပေါ်ပေါက်စေခဲ့ပါတယ်။ မွတ်စ်လင်မ်တို့တွေသည် ကိုယ်ပိုင်နယ်မြေတစ်ခုရှိလာခဲ့ကြပြီး အားကောင်းသည့် လူထုအသိုင်းအဝိုင်း ထောက်ခံအားပေးမှုတို့ရရှိကာ မက္ကာဟ်မြို့သားများ၏ နိုင်လိုမင်းထက်ပြုမူမှုများမှ အကာအကွယ်များရရှိလာခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း မွတ်စ်လင်မ်တို့သည် မက္ကာန်လူမျိုးများနှင့် စစ်ဖြစ်ပွားခြင်း၊ မွတ်စ်လင်မ်တို့အတွင်းထဲမှ အယောင်ဆောင်အုပ်စုများ ပေါ်ထွက်လာခြင်း တို့အပါအဝင် အခက်အခဲ၊ စိန်ခေါ်မှုအသစ်များနှင့်လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။ 

Qur'an Reflection (Asbab ul-Nuzul)

ပါရာ တစ်ဆယ့်ခြောက် (Juz Sixteen) ပါရာ တစ်ဆယ့်ရှစ် (Juz Eighteen)

Leave a Reply

Your email address will not be published. Required fields are marked *