Skip to content

ပါရာ တစ်ဆယ့်တစ် (Juz Eleven)

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ ဆယ့်တစ်

 ပါရာဆယ့်တစ်တွင် စူရာဟ်သောင်ဗာဟ်၏ အပိတ်အာယဟ်များပါဝင်နေသလို စူရာဟ်ယူနွတ်စ်တစ်ပုဒ်လုံးလည်း ပါဝင်နေပြီး စူရာဟ်ဟူဒ်၏ အစပိုင်းအာယဟ်များနှင့် အဆုံးသတ်ထားပါတယ်။ စူရာဟ်ယူနွတ်စ်နှင့် စူရာဟ်ဟူဒ်နှစ်ပုဒ်စလုံးကို မက္ကာန်ခေတ်တလျောက်တွင် အဆင့်ဆင့် ဝဟီချပေးခဲ့ပြီး ဂန္တဝင်မက္ကာန်အကြောင်းအရာများဖြစ်သည့် ဖန်ဆင်းရှင်တစ်ပါးတည်းသာ ခဝပ်ကိုးကွယ်ခြင်း၊ တမန်တော်ဘဝနှင့် အာခေရဟ်အတွက် ပြင်ဆင်ခြင်း အကြောင်းများကို ထင်ဟပ်နေစေပါတယ်။

 ဒီစူရာဟ်နှစ်ပုဒ်လုံးသည် အလ္လာဟ့်ရဟ်မသ် (ကရုဏာတော်)အ‌ပေါ် မျှော်လင့်ချက်ထားခြင်းနှင့် ဖန်ဆင်ရှင်းမှ ချမှတ်မည့်ပြစ်ဒဏ်များကို ကြောက်ရွံ့ခြင်းကြား မျှတစွာဖော်ဆောင်နေပါတယ်။ စူရာဟ်ယူနွတ်စ်သည် မျှော်လင့်ချက်အလင်းရောင်၊ အကောင်းမြင်မှုတို့နှင့် ဆက်စပ်နေသည့်အကြောင်းများကို အဓိကဖော်ပြထားပြီး စူရာဟူဒ်သည် တမန်တော်မြတ်(ﷺ) ၏ ဆံသားတို့ကို ဖြူသွားစေသည်အထိ ပြင်းထန်သည့် သတိပေးချက်များအကြောင်းကို ဖော်ပြထားပါတယ်။

 Ibn Abbas (رضي الله عنه) ဆင့်ပြန်ခဲ့ဖူးပါသည်။
“Abu Bark (رضي الله عنه) က ပြောခဲ့ပါသည်။ ‘အို၊ အလ္လာဟ့်တမန်တော်! အသင့်ဆံသားတို့မှာ အဖြူရောင်သန်းစပြုနေပြီ’။ တမန်တော်မြတ်(ﷺ) မှ ပြန်လည်မိန့်တော်မူခဲ့ပါသည်။ ‘ငါကိုယ်တော်၏ဆံသားတို့မှာ စူရာဟ်ဟူဒ်(Surah Hud)၊ စူရာဟ် အလ်-ဝါကိအဟ်(Surah Al-Waqi`ah) နှင့် စူရာဟ် အလ်-မုရ်စလာသ်(Surah Al-Mursalat)၊ စူရာဟ် အန်-နဗအ် (Surah An-Naba) (ခ) Surah Amma Yatasa’alun (عَمَّ يَتَسَآءَلُونَ) နှင့် စူရာဟ် သက္ကဝီးလ် (Surah At Takwir) (ခ) Surah Idhash-Shamsu Kuwwirat (إِذَا ٱلشَّمْسُ كُوِّرَتْ)တို့ကြောင့် ဖြူလာခဲ့ပြီဖြစ်တယ်။’
(Jami’ at-Tirmidhi, no. 3297, grade: sahih)

 ထိုစူရာဟ်နှစ်ပုဒ်သည် မက္ကာန်ခေတ်အတွင်း တမန်တော်မြတ် (ﷺ) ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲ၊ စိန်ခေါ်မှုများအကြောင်းကို ထင်ဟပ်စေပါတယ်။ ထိုစူရာဟ်များထဲမှ အာယာဟ်များနှင့် ဇာတ်ကြောင်းတို့သည် ထိုအခက်အခဲတစ်ချို့ကို တိုက်ရိုက်ဖြေရှင်းပေးနိုင်ရန် ကျခဲ့ခြင်းလည်း ဖြစ်ပါသည်။ ဥပမာအားဖြင့် မက္ကာန်တို့က တမန်တော်မြတ်(ﷺ) သည် သူတို့ဘဝသက်တမ်းတစ်လျောက်မြင်ဖူးသမျှလူများထဲတွင် အရိုးဖြောင့်ဆုံးနှင့် စိတ်ချယုံကြည်မှုအရှိရဆုံးသောလူသားဖြစ်သည်ကို သိသိလျက်နှင့် သူတို့မယုံကြည်နိုင်တဲ့ စကားများကိုပြောသည့် အမည်မသိလူစိမ်းတစ်ယောက်အနေဖြင့် ဆက်ဆံခဲ့ကြသည်။ ဒါကိုတုံ့ပြန်ချက်အနေဖြင့် အလ္လာဟ်(سبحانه وتعالى) သည် အောက်ပါ အာယာဟ်ကို ဝဟီချပေးခဲ့ပါသည်။

 “(အို-တမန်တော်)အသင်ပြောလိုက်ပါ – “အကယ်၍ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူခဲ့လျှင် ငါသည်လည်း ထိုကုရ်အာန်ကို အသင်တို့ရှေ့၌ ဖတ်ကြားနိုင်မည်မဟုတ်ပေ။ အရှင်မြတ်သည်လည်း အသင်တို့အား ထို ကုရ်အာန်နှင့်ပတ်သက်၍ အသိပေးတော်မူမည်မဟုတ်ပေ။ ၎င်းနောက် အမှန်စင်စစ် ငါသည် ထို(ကုရ်အာန်မကျရောက်မီ) ယခင်ကလည်း အသင်တို့ထဲ၌ တစ်သက်တာ နေခဲ့ပြီးဖြစ်သည်။” ဤမျှပင် အသင်တို့ နားမလည်ကြသလော။”
(ကျမ်းမြတ်ကုရ်အာန် ၁၀:၁၆)

 ထိုအာယာဟ်တွင် အလ္လာဟ်(سبحانه وتعالى) သည် မက္ကာန်တို့အား တမန်တော်မြတ်(ﷺ)နှင့် ဆက်ဆံခဲ့သည့် သူတို့ဘဝသက်တမ်းတစ်လျောက် အတွေ့အကြုံများကို ပြန်လည်အမှတ်ရစေရန် မိန့်ဆိုထားပါတယ်။ တမန်တော်မြတ်(ﷺ) ငယ်ရွယ်စဉ်တုန်းကတောင် တစ်မြို့လုံးတွင် အရိုးဖြောင့်ဆုံးလူသားတစ်ဦးအဖြစ် လူသိများထင်ရှားခဲ့သည်မဟုတ်လော၊ ထိုသို့သောသူမှ အဘယ်အတွက်ကြောင့် ကြီးမားလွန်းလှတဲ့အရာတစ်ခုကို လိမ်လည်ပြောဆိုနိုင်ပါမည်နည်း။

 တမန်တော်မြတ်(ﷺ)၏ ပြီးပြည့်စုံလှသည့် ကိုယ်ကျင့်တရားသည် ကိုယ်တော်မြတ်၏ တမန်တော်ဖြစ်တည်မှုအတွက် ကြီးကျယ်မြင့်မြတ်လှသည့် လက္ခဏာတော်များထဲမှ လက္ခဏာတစ်ရပ်ဖြစ်ပြီး အခိုင်မာဆုံးသော သက်သေတစ်ခုလည်း ဖြစ်ပါသည်။ ယနေ့မျက်မှောက်ခေတ်တိုင်အောင် လူသားများကို အမှန်တရားဘက်သို့ ပြန်လှည့်နိုင်ရန်ဆွေးနွေးသည့်အခါတိုင်း ဒီအချက်က အဓိက ဖြစ်နေပါတယ်။

 စူရာဟ်ယူနွတ်စ်သည် တမန်တော်မြတ်၏လမ်းစဉ်၌ ခက်ခဲနေသည့်အပိုင်းအခြားတစ်ခုအတွင်း ကျလာခဲ့ခြင်း ဖြစ်ပါသည်။ တမန်တော်မြတ်(ﷺ) သည် မက္ကာဟ်တွင် နှစ်ပေါင်းများစွာ ဒါဝဟ်လုပ်နေခဲ့သော်လည်း နောက်လိုက်များစွာ မရှိနေခဲ့ပါဘူး။ ညှဉ်းပန်းနှိပ်စက်မှုတွေပါ ပေါ်ပေါက်လာနေခဲ့ပြီး တမန်တော်မြတ်၏ အမာခံထောက်ခံပေးခဲ့သူများကလည်း ထိုအချိန်တစ်ဝိုက်တွင် ဆုံးပါးသွားခဲ့ကြပါတယ်။ စူရာဟ်ယူနွတ်စ်ထဲမှ အကောင်းမြင်ဝါဒသည် ဘယ်လောက်ပဲခက်ခဲပင်ပန်းမည့်အခြေအနေကို ကြုံလာနိုင်ပါစေ ရှေ့ဆက်သွားနိုင်ဖို့ တမန်တော်မြတ်(ﷺ) အား လှုံ့ဆော်ပေးနေခဲ့ပါတယ်။

ထိုကဲ့သို့ ခက်ခဲနေသည့်အခိုက်အတန့်သည် တမန်တော်ယူနွတ်စ်(عليه السلام)၏ ဇာတ်ကြောင်းနှင့် တိုက်ရိုက်နှိုင်းယှဉ်ဖော်ပြခြင်းဖြင့် အလွန်တရာ ကိုက်ညီမှုရှိခဲ့ပါတယ်။ တမန်တော်ယူနွတ်စ်(عليه السلام) သည် အချိန်ကာလတစ်ခုတွင် သူ၏တာဝန်ကို အရှုံးပေးခဲ့ပြီး အလ္လာဟ်(سبحانه وتعالى)၏ ခွင့်ပြုချက်မပါဝင်ဘဲ သူ၏မြို့မှ ထွက်ခွါသွားခဲ့ပါတယ်။ ထင်ရှားကျော်ကြားသည့်အဖြစ်အပျက်တစ်ခုဖြစ်သည့် ဝေလငါးဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီး တမန်တော်ယူနွတ်စ်(عليه السلام) မှ အလ္လာဟ်(سبحانه وتعالى)၏ ခွင့်လွှတ်မှုကိုတောင်းခံခဲ့ပြီး သူ့မြို့သို့ပြန်လာခဲ့ချိန်တွင် ထိုမြို့လေးသည် စစ်မှန်သည့်သာသနာကို သက်ဝင်ယုံကြည်နေသည့်မြို့လေးအဖြစ်သို့ ကူးပြောင်းနေခဲ့ကြောင်းကို တွေ့ရှိခဲ့ပါတယ်။

 တမန်တော်မြတ်(ﷺ) သည်လည်း များမကြာခင်အချိန်အတွင်းမှာ သူနေထိုင်ရာမြို့လေးကို စွန့်ခွါဖို့ ဖြစ်ပေါ်လာခဲ့ပြီး ဒီတစ်ကြိမ်ကတော့ အလ္လာဟ်(سبحانه وتعالى)၏ သဘောတူညီချက်နှင့်အတူ ထွက်ခွါခြင်းဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာမြင့်သည့်အခါ တမန်တော်မြတ်(ﷺ) မက္ကာဟ်သို့ပြန်လာချိန်တွင် မက္ကာဟ်မြို့သည် နောက်ဆုံးအချိန်ထိ စစ်မှန်သည့်သာသနာကို သက်ဝင်နေသည့် မြို့လေးဖြစ်နေပါလိမ့်မည်။

 “ထို့နောက်အကြင်ရွာကဲ့သို့ရွာတစ်ရွာအဘယ့်ကြောင့်မရှိခဲ့သနည်း။ ထိုရွာ(သူရွာသား)များသည်အချိန်မီ အီမာန်ယုံကြည်ခဲ့ကြလျှင် သူတို့၏ ယုံကြည်မှုသည် သူတို့အား အကျိုးဖြစ်ထွန်းစေခဲ့မည်ပင်ဖြစ်သည်။ သို့ရာတွင် (တမန်တော်) ယူနွတ်စ်၏အမျိုးသားများ (၏ရွာတစ်ရွာသာရှိခဲ့သည်၊ သူတို့)သည် အီမာန်ယုံကြည်ကြသောအခါ ငါအရှင်မြတ်သည်သေးသိမ်စေသောပြစ်ဒဏ်ကိုဤဘဝတွင် သူတို့မှ ကင်းဝေးစေတော်မူခဲ့သည်။ ထို့ ပြင် ငါအရှင်မြတ်သည် သူတို့အား (သတ်မှတ်ထားသော)အချိန်ကာလထိ အကျိုးခံစားခွင့်ပေးတော်မူခဲ့သည်။”
(ကျမ်းမြတ်ကုရ်အာန် ၁၀:၉၈)

 ဒီပါရာဆယ့်တစ်မှ စူရာဟ်တစ်ပုဒ်ချင်းစီသည် တမန်တော်မြတ်(ﷺ) နှင့် ဤဒွန္နယာဟ်တွင် တမန်တော်အဖြစ် ကျရောက်လာခဲ့သည့် ကိုယ်တော်မြတ်၏ တာဝန်များအကြောင်းကို လှပသည့် ဖော်ပြချက်များဖြင့် အဆုံးသတ်ထားပြီး မက္ကာန်တို့အားလည်း သူတို့ကို ချပေးခဲ့သည့် ဝဟီများအား ယုံကြည်မှုရှိရန် သတိပေးချက်တစ်ခုအနေနဲ့လည်း ဖော်ဆောင်နေပါတယ်။

 “အမှန်စင်စစ် အသင်တို့ထဲမှပင် တမန်တော်တစ်ပါး သည် အသင်တို့ထံသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အသင်တို့ ဒုက္ခရောက်ခြင်းသည် ထိုတမန်တော်အပေါ်တွင် အလွန်ဝန်လေးသည်။ (၎င်း နောက် ထိုတမန်တော်သည်) အသင်တို့နှင့် ပတ်သက်၍ (ကောင်းသည်ကိုသာ) အလွန်လိုလားသူဖြစ်သည်။ အီမာန်ယုံကြည်သူများနှင့် ပတ်သက် ၍ အလွန်နူးညံ့သိမ်မွေ့သူ၊ အလွန်ကြင်နာသူတစ်ဦး ဖြစ်သည်။”

 “ထို့နောက် အကယ်၍ သူတို့သည်(သိပါလျက်နှင့် မလိုက်နာဘဲ) ပြန်လှည့် သွားခဲ့ကြလျှင်(အို – တမန်တော်)အသင်ပြောလိုက်ပါ – “ငါ့အတွက် အလ္လာဟ်အရှင်မြတ်သည် လုံလောက်တော်မူသည်၊ ထိုအရှင်မြတ်မှလွဲ၍ကိုးကွယ် ထိုက်သည့်အရှင်မရှိပေ။ ထိုအရှင်မြတ်အပေါ်၌သာ ငါသည် ယုံပုံလွှဲအပ်ခဲ့ပြီဖြစ်သည်။ ၎င်းနောက် အရှင်မြတ်သည် အလွန်ကြီးကျယ်မြင့်မြတ်သော အရ်ရှ်ပလ္လင်တော်ကိုစိုးပိုင်တော်မူသည့်အရှင်ဖြစ်တော်မူသည်။”
(ကျမ်းမြတ်ကုရ်အာန် ၉:၁၂၈-၁၂၉)

 “(အို-တမန်တော်)အသင်ပြောလိုက်ပါ- အို-လူသားအပေါင်းတို့၊ အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်မှ အမှန်တရား ရောက်ရှိလာပြီဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို တရားလမ်းမှန် ကို ရရှိခဲ့လျှင် ထိုသူသည် သူ၏အကျိုးအတွက် လမ်းမှန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းနောက် မည်သူမဆို လမ်းမှားခဲ့လျှင် ထိုသူသည် မိမိကိုယ်နှင့် ဆန့်ကျင်ပြီး(မိမိအကျိုးယုတ်စေရန်) လမ်းမှားခဲ့ခြင်းပင်ဖြစ်သည်။ ၎င်းနောက် ငါသည်အသင်တို့အပေါ်တွင်တာဝန်ခံမဟုတ်ပေ။”

 “ထို့ပြင်အသင် (တမန်တော်)သည် အသင်၏ထံသို့ ထုတ်ပြန်ခြင်းခံရသော ဝဟီအမိန့်တော်ကိုသာ လိုက်နာပါ၊ ၎င်းနောက် အသင်သည် အလ္လာဟ်အရှင်မြတ် စီရင်ဆုံးဖြတ်တော်မူသည်အထိ သည်းခံ၍နေပါ။ ထို့ပြင် အရှင်မြတ်သည် အကောင်းဆုံး စီရင်ဆုံးဖြတ်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသည်။”
(ကျမ်းမြတ်ကုရ်အာန် ၁၀:၁၀၈-၁၀၉) 

Qur'an Reflection (Asbab ul-Nuzul)

ပါရာ တစ်ဆယ်(Juz Ten) ပါရာ တစ်ဆယ့်နှစ် (Juz Twelve)

Leave a Reply

Your email address will not be published. Required fields are marked *