အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ တစ်ဆယ့်လေး
စူရာဟ်ဟိဂျ်ရ် (ကျောက်ဆောင်ကဏ္ဍ) တွင် စူရာဟ်ရအဒ်နှင့် စူရာဟ်အိဗ်ရာဟီမ်တို့ကဲ့သို့ပင် တူညီသည့်အကြောင်းအရာများ ဆက်လက်ပါဝင်နေပါတယ်။ စူရာဟ်ဟိဂျ်ရ်ကို မက္ကာန်ခေတ်နှောင်းပိုင်းတွင် ချပေးခဲ့ပြီး လူသားတို့အား တမန်တော်မြတ်(ﷺ) ကို ယုံကြည်ဖို့နှင့် နာခံဖို့ သတိပေးနေသည့်အကြောင်းအရာများကို အဓိက ဖော်ပြထားပါတယ်။ ပျက်စီးသွားသည့်လူမျိုးများရဲ့ဇာတ်ကြောင်းကိုလည်း ယခုစူရာဟ်ထဲတွင် ထပ်မံဖော်ပြထားပြီး ထိုသူတို့ရဲ့ ခြေရာလိုက်မနင်းဖို့ မက္ကာန်တို့အား နောက်ဆုံး သတိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်။
အောက်ပါအာယဟ်များသည် အလ္လာဟ်(سبحانه وتعالى) တည်ရှိမှု၏ လက္ခဏာတော်များမြင်တွေ့နေရတာတောင် ကူရေ့ရှ်တို့ရဲ့ သူတို့ ၏ မယုံကြည်နိုင်ခြင်းတွင် အပြတ်အသတ် ငြင်းဆန်နေခဲ့ကြောင်း ဖော်ပြပေးနေပါတယ်။
“ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည်အသင်၏ မတိုင်မီက အုပ်စုများတွင်လည်း (တမန်တော်များ)စေလွှတ်တော်မူခဲ့သည်။”
(ကျမ်းမြတ်ကုရ်အာန် ၁၅:၁၀)
“ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် သူတို့အပေါ်တွင် မိုးကောင်းကင်၏တံခါးပေါက်တစ်စုံတစ်ခုကို ဖွင့်ပေးတော်မူခဲ့လျှင် ၎င်းနောက် သူတို့သည် နေ့ခင်းကြောင်တောင်၌ ထိုတံခါးပေါက်မှ တက်သွားခဲ့ကြမည်ဆိုလျှင်လည်း။ “ကျွန်ုပ်တို့၏မျက်စိများသည် (လှည့်စား)ပိတ်ဆို့ထားခြင်းကို ခံလိုက်ကြရပြီဖြစ်သည်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် စုန်းပြုစားခြင်းကို ခံခဲ့ကြရသော လူများပင်ဖြစ်ကြသည်” ဟု သူတို့က ပြောဆိုကြမည်အမှန်ပင်။”
(ကျမ်းမြတ်ကုရ်အာန် ၁၅:၁၄-၁၅)
စူရာဟ်နဟ်လ် (ပျားကောင်ကဏ္ဍ) သည် အလ္လာဟ်(سبحانه وتعالى) ၏ ကောင်းချီးများနှင့် ထိုကဲ့သို့သော ကောင်းချီးများ ချီးမြှင့်ပေးသနားတော်မူတဲ့အတွက် အလ္လာဟ်(سبحانه وتعالى)၏ ကျေးဇူးတော်ကိုသိတတ်ရန် အရေးကြီးကြောင်းကို အဓိကထားဖော်ပြထားပါတယ်။ စူရာဟ်နဟ်လ်သည် အစ္စလာမ့်အကီဒါဟ် (သက်ဝင်ယုံကြည်မှုဆိုင်ရာသဘောတရား) ၏ အဓိကရှုထောင့်ကို ဖော်ပြထားသည့် မက္ကာန်ခေတ်နှောင်းပိုင်းစူရာဟ်တစ်ပုဒ် ဖြစ်ပါတယ်။ မက္ကာန်ဝဟီတွေကို ချပေးရတဲ့ အဓိက ရည်မှန်းချက်တွေထဲက တစ်ခုကတော့ လူသားတွေကို မှန်ကန်သည့် သက်ဝင်ယုံကြည်မှုများအကြောင်း နှင့် ဘာကြောင့် ဖန်ဆင်းရှင်တစ်ပါးတည်းသာ ခဝပ်ကိုးကွယ်သင့်ကြောင်းကို သင်ကြားပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ တမန်တော်မြတ်(ﷺ) သည် အလ္လာဟ့်ကျေးဇူတော်ကို သိတတ်ခြင်းကြောင့် ခဝပ်ကိုးကွယ်မှုတွင် အပြောင်မြောက်ဆုံးဖြစ်ခဲ့တဲ့အတွက် အလ္လာဟ့်ကျေးဇူတော်ကို သိတတ်ခြင်းသည် ခဝပ်ကိုးကွယ်မှုပြုခြင်းတွင် အမြင့်ဆုံးအဆင့်တစ်ခုဟု မှတ်ယူနိုင်ပါတယ်။
အာအိရှာဟ်(رضي الله عنها) က ဆင့်ပြန်ခဲ့ဖူးပါတယ်။
တမန်တော်မြတ် (ﷺ) သည် ပုံမှန်ဖတ်နေကျနမာဇ်များကို ကိုယ်တော်မြတ်၏ ခြေထောက်ယောင်ကိုင်းသည့်တိုင်အောင် ဝတ်ပြုလေ့ရှိခဲ့ပါတယ်။ ထို့ကြောင့် သူမက ကိုယ်တော်မြတ်သို့ အမေးရှိခဲ့ပါတယ် “အလ္လာဟ်(سبحانه وتعالى) သည် အသင်၏ ယခင်က အပြစ်များနှင့် နောင်တွင်ပြုလုပ်မိနိုင်မည့် အပြစ်များကို ခွင့်လွှတ်ပေးပြီးသားဖြစ်ပါလျက်နှင့် ကိုယ်တော်၏ ခြေထောက်များယောင်ကိုင်းသည်အထိ ဝတ်ပြုရမည်လား”။
တမန်တော်မြတ်(ﷺ) မှ ပြန်လည်မိန့်ဆိုခဲ့ပါတယ် “ထိုကဲ့သို့သောကောင်းချီးများအတွက် ငါကိုယ်တော်သည် ကျေးဇူးအသိတတ်ဆုံးသော ကျေးကျွန် မဖြစ်သင့်ပေဘူးလား”။
(Sahih Muslim, no. 2819)
စူရာဟ်နဟ်လ်သည် ကျွန်မတို့ အမြဲရရှိနေမယ်လို့ မှတ်ယူထားကြတဲ့ အလ္လာဟ်(سبحانه وتعالى) မှ ကျွန်မတို့ကို ချီးမြှင့်ပေးနေတဲ့ ကောင်းချီးများစွာကို အဓိကထား ဖော်ပြထားပါတယ်။ ကျွန်မတို့မှာရှိနေတဲ့ အစားအသောက်တွေ၊ နေထိုင်ခိုလှုံရာအိမ်နှင့် အခြားသောပိုင်ဆိုင်မှုတွေအားလုံးက အလ္လာဟ်(سبحانه وتعالى) မှ ကျွန်မတို့ကိုချီးမြှင့်ပေးထားတဲ့အရာတွေဖြစ်တဲ့အတွက် အလ္လာဟ့်ကျေးဇူးတော်ကိုသိတတ်ဖို့ ကျွန်မတို့အား သတိပေးနေပါတယ်။
“အရှင်မြတ်သည် လူသားကို သုတ်ရည်တစ်စက်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်။ သို့ဖြစ်ပါလျက် သူသည် ရုတ်တရက် ထင်ရှားသော ပြိုင်ဘက်ဖြစ်လာသည်။”
“ထို့ပြင် အရှင်မြတ်သည် ခြေလေးချောင်းတိရစ္ဆာန်များကိုလည်း ဖန်ဆင်းတော်မူခဲ့သည်။ အသင်တို့အတွက် ထိုခြေ လေးချောင်းတိရစ္ဆာန်များတွင် အနွေးထည်နှင့် အခြားအကျိုးများလည်းရှိသည်။ ထို့ပြင် အသင်တို့သည် ထိုခြေလေးချောင်းတိရစ္ဆာန်များထဲမှပင် စားသုံးကြသည်။”
“ထို့ပြင် ထိုခြေလေးချောင်းတိရစ္ဆာန်များထဲ၌ အသင်တို့သည် (သူတို့အား)ညနေတွင် စားကျက်မှ (အိမ်သို့)ပြန်သွင်းလာကြသောအချိန်နှင့် အသင်တို့သည် နံနက်စားကျက်သို့လွှတ်ကြသောအချိန်တွင် အသင်တို့အတွက် နှစ်သက်ကြည်နူးစရာအလှအပလည်းရှိသည်။”
“ထို့ပြင် ထိုခြေလေးချောင်းတိရစ္ဆာန်များသည် အသင်တို့၏ ဝန်စည်များကိုလည်း အသင်တို့ အလွန်ခဲယဉ်းစွာဖြင့် ရောက်ရှိနိုင်ကြသော မြို့ရွာများထံသို့ သယ်ပိုးပေးမှုကိုလည်း ပြုလုပ်ကြသည်။ အမှန်စင်စစ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်နူးညံ့သိမ်မွေ့ တော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။”
“ထို့ပြင် မြင်း၊ လားနှင့် မြည်းတိရစ္ဆာန်များကိုလည်း အသင်တို့သည် သူတို့အား စီးနင်းကြရန်အတွက်နှင့် လှပတင့်တယ်မှုရှိစေရန်အတွက် (ဖန်ဆင်းတော်မူခဲ့သည်)။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ မသိ ကြသောအရာများကိုလည်းဖန်ဆင်းတော်မူသည်။”
(ကျမ်းမြတ်ကုရ်အာန် ၁၆:၄-၈)
စူရာဟ်နဟ်လ်တွင် ကျွန်မတို့ဘဝမှာ ချီးမြှင့်ခံထားရတဲ့ အလ္လာဟ်(سبحانه وتعالى)၏ ကောင်းချီးများစွာတို့က ရေတွက်၍ပင် ကုန်ဆုံးနိုင်မည်မဟုတ်ကြောင်း လှပတဲ့သတိပေးချက်တစ်ခု ပါဝင်နေပါတယ်။ ထိုစူရာဟ်ကို အပြန်ပြန်အလှန်လှန် သုံးသပ်ခြင်းအားဖြင့် ကျွန်မတို့နှလုံးသားတွေဟာ ကျေးဇူးသိတတ်မှုနှင့် ပြည့်နှက်နေသင့်ပြီး အလ္လာဟ်(سبحانه وتعالى)၏ ကောင်းချီးများအတွက် ကျေးဇူးသိတတ်မှုနှင့်အတူ ခဝပ်ကိုးကွယ်မှုပြုသင့်ပါတယ်။
“ထို့ပြင် အကယ်၍ အသင်တို့ သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ရေတွက်ကြမည်ဆိုလျှင် အသင်တို့သည် ထိုကျေးဇူးတော်များကို ရေတွက်နိုင်ကြမည် မဟုတ်ပေ။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသော အရှင်ဖြစ်တော်မူသည်။”
(ကျမ်းမြတ်ကုရ်အာန် ၁၆:၁၈)
စူရာဟ်နဟ်လ်၏ အဆုံးသတ်နားသည် ဟောပြောချက်တော်တော်များများတွင် မကြာခဏ ထပ်ခါထပ်ခါ ဖော်ပြခြင်းခံရသည့် အားကောင်းတဲ့ အာယာဟ်တစ်ခု ဖြစ်ပါတယ်။ ထိုအာယာဟ်ကို အစ္စလာမ်သာသနာ၏ လိုက်နာရမည့်အမိန့်တော်များနှင့် တားမြစ်ချက်များ၏ အကျဉ်းချုပ်များဖြင့် ပြီးပြည့်စုံသည့်အာယာဟ်တစ်ခု အနေဖြင့်လည်း မှတ်ယူထားနိုင်ပါတယ်။
“အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မျှတရန်၊ ကောင်းမွန်စွာဆက်ဆံရန်နှင့် ဆွေမျိုးသားချင်းများကိုပေးကမ်းထောက်ပံ့ရန် အမိန့်ပေးတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် စက်ဆုပ်ရွံရှာဖွယ်ရာများ၊ မကောင်းမှုများနှင့် ကျူးကျော်မှုများမှ တားမြစ်တော်မူသည်။ အရှင်မြတ်သည် အသင်တို့အား အသင်တို့ သတိတရားရကြရန်အတွက် ဆုံးမတော်မူသည်။”
(ကျမ်းမြတ်ကုရ်အာန် ၁၆:၉၀)
စီရာဟ် (တမန်တော်မြတ်(ﷺ)၏ ဘဝဇာတ်ကြောင်း) ထဲတွင် အထက်ပါ အာယာဟ်နှင့် ဆက်စပ်နေသည့် လှပသည့် အဖြစ်အပျက်နှစ်ခု ရှိပါတယ်။
ပထမတစ်ခုကတော့ Uthman Ibn Maz’un (رضي الله عنه) ၏ ဇာတ်ကြောင်းဖြစ်ပါတယ်။
Abdullah Ibn Abbas (رضي الله عنه) မှ ဆင့်ပြန်ထားခဲ့ဖူးပါသည်။
တစ်ခါက တမန်တော်မြတ်(ﷺ) သည် ကိုယ်တော်မြတ်၏ အိမ်ခြံဝင်းအတွင်းထိုင်နေစဉ်၌ Uthman Ibn Maz’un (رضي الله عنه) မှ အနီးအပါးမှ ဖြတ်သွားစဉ် ကိုယ်တော်မြတ်ကို မြင်၍ ပြုံးပြခဲ့ပါသည်။ ထိုအခါ တမန်တော်မြတ်(ﷺ) မှ “ဝင်မထိုင်တော့ဘူးလား” ဟု မေးခဲ့ပါတယ်။ Uthman Ibn Maz’un (رضي الله عنه) မှ “ထိုင်ပါမည်” ဟု ပြန်ဖြေကြားခဲ့ပါတယ်။ ထို့ကြောင့် တမန်တော်မြတ်(ﷺ) သည် Uthman Ibn Maz’un (رضي الله عنه) ကို မျက်နှာမူ၍ ထိုင်ခဲ့လိုက်ပြီး စကားပြောနေကြစဉ်တွင် တမန်တော်မြတ်(ﷺ) သည် ကောင်းကင်သို့ မော့ကာ အချိန်အနည်းငယ်ကြာသည်အထိ စိုက်ကြည့်နေခဲ့ပြီး တမန်တော်မြတ်(ﷺ)၏ ညာဘက်မြေကြီးပေါ်ရောက်သည်အထိ အကြည့်ကို တဖြည်းဖြည်းအောက်စိုက်ချခဲ့ပါတယ်။ ထို့နောက် တမန်တော်မြတ်(ﷺ) သည် ထိုသို့ကြည့်နေရာကနေ Uthman Ibn Maz’un (رضي الله عنه) ကို မျက်နှာမူထားရာမှ အနည်းအငယ်အကွာအဝေးသို့ လှည့်လိုက်ကာ ဆက်လက်ကြည့်နေခဲ့ပါတယ်။
ထို့နောက် တစ်စုံတစ်ခုကိုနားလည်သဘောပေါက်ရန်ကြိုးပမ်းသည့်အနေဖြင့် ခေါင်းကို အနည်းငယ်စောင်းငဲ့လိုက်တာကို Uthman Ibn Maz’un (رضي الله عنه) မှ ကြည့်နေခဲ့ပါတယ်။ ထိုတစ်စုံတစ်ရာက ပြီးဆုံးသွားပြီးနောက် တမန်တော်မြတ်ကိုပြောပြနေသည့်ကိစ္စကို နားလည်သဘောပေါက်သွားတဲ့အခါမှာ တမန်တော်မြတ် (ﷺ) သည် ပထမဆုံးအကြိမ်တုန်းကလို ကောင်းကင်ကိုတစ်ဖန်စိုက်ကြည့်နေခဲ့ပြီး ထိုအရာက ပျောက်ဆုံးသွားသည်အထိ မြင်နိုင်သလောက်ကို ကြည့်နေခဲ့ပါတယ်။ ထို့နောက်မှာတော့ တမန်တော်မြတ်(ﷺ) က Uthman Ibn Maz’un (رضي الله عنه) သို့ မျက်နှာပြန်မူခဲ့ပါတယ်။
Uthman Ibn Maz’un (رضي الله عنه) က ပြောခဲ့ပါတယ် “အို တမန်တော်မုဟမ္မဒ် (ﷺ)၊ ယနေ့ ကိုယ်တော်နှင့်အတူထိုင်နေစဉ်အတွင်းမှာ ကိုယ်တော်ပြုမှုခဲ့တာမျိုးကို အရင်တစ်ခါမှ မမြင်ဖူးခဲ့ဘူး”။
တမန်တော်မြတ်(ﷺ) က မိန့်ခဲ့ပါတယ် “ကိုယ်တော်ဘာလုပ်တာကို မြင်ခဲ့ပါသလဲ”။
Uthman Ibn Maz’un (رضي الله عنه) က ပြောခဲ့ပါတယ် “ ကိုယ်တော်သည် ကောင်းကင်ကို စိုက်ကြည့်နေခဲ့တာကို မြင်ခဲ့ပါတယ်။ ထို့နောက်မှာ ကိုယ်တော့်အကြည့်က ညာဘက်မြေပြင်ပေါ်ရောက်သည်အထိ အကြည့်ကို တဖြည်းဖြည်းအောက်စိုက်ချလာခဲ့ပြီးနောက် ကျွန်ုပ်ကိုထားပြီး ထိုသူ့ဘက်သို့ လှည့်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ကိုယ်တော့်ကို ပြောပြနေတဲ့တစ်စုံတစ်ခုကို နားလည်ရန်အလို့ငှာ ခေါင်းကို စောင်းငဲ့ခဲ့ပါတယ်”။
တမန်တော်မြတ်(ﷺ) က ပြန်လည်မိန့်ဆိုခဲ့ပါတယ် “အဲ့ဒါကို သတိပြုမိခဲ့တာလား”။
Uthman Ibn Maz’un (رضي الله عنه) က ပြန်ဖြေကြားခဲ့ပါတယ် “ဟုတ်ကဲ့”။
တမန်တော်မြတ်(ﷺ) မှ မိန့်တော်မူခဲ့ပါတယ် “အသင်ဒီနားမှာထိုင်နေချိန်မှာပဲ အလ္လာဟ်(سبحانه وتعالى) ထံပါးမှ ကောင်းကင်တမန်တစ်ပါး ကိုယ်တော့်ဆီ ယခုလေးတင် ရောက်ရှိလာခဲ့ပါတယ်”။
Uthman Ibn Maz’un (رضي الله عنه) က ပြန်ဖြေခဲ့ပါတယ် “အလ္လာဟ်(سبحانه وتعالى) ထံပါးမှ ကောင်းကင်တမန်တစ်ပါး?”။
တမန်တော်မြတ်(ﷺ) မှ မိန့်တော်မူခဲ့ပါတယ် “ဟုတ်ပါတယ်”။
Uthman Ibn Maz’un (رضي الله عنه) က ပြန်လည်မေးမြန်းခဲ့ပါတယ် “ကောင်းကင်တမန်မှ ကိုယ်တော့်ကို ဘာပြောသွားခဲ့တာပါလဲ”။
တမန်တော်မြတ်(ﷺ) သည် စူရာဟ် အလ်-နဟ်လ် ၏ အာယာဟ် ၉၀ ကို ရွတ်ဆိုခဲ့ပါတယ်။
Uthman Ibn Maz’un (رضي الله عنه) က ပြန်လည်ပြောကြားခဲ့ပါတယ် “အဲ့ဒီအချိန်ကစလို့ ကျွန်ုပ်ရဲ့ နှလုံးသားထဲမှာ အီမာန်စတင်ဖြစ်ထွန်းလာခဲ့ပြီး တမန်တော်မြတ်(ﷺ) ကို စတင် ကြည်ညိုလေးစား၊ ချစ်ခင်ခဲ့တာပါပဲ”။
(Tafsir Ibn Kathir: Musnad Imam Ahamd, grade: hasan)
ထိုအာယာဟ်နှင့် ဆက်စပ်နေတဲ့ အခြားဇာတ်ကြောင်းတစ်ခုကတော့ အစ္စလာမ့်အမိန့်သတင်းစကား၏ အနှစ်သာရကို သိချင်ခဲ့တဲ့ မျိုးနွယ်စုတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦး အကြောင်းပဲ ဖြစ်ပါတယ်။
Aktham ibn al-Saifi သည် သူ့မျိုးနွယ်စု၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ထိုသူသည် တမန်တော်မြတ်(ﷺ)၏ အကြောင်း၊ တမန်တော်ဘဝ ဖြစ်တည်မှုအပေါ် အခိုင်အမာရပ်တည်ချက်နှင့် အစ္စလာမ်သာသနာ ပေါက်ဖွားလာပုံတို့ကို လေ့လာသင်ယူမိသည့်အခါ တမန်တော်မြတ်(ﷺ) ထံတော်သို့ လူကိုယ်တိုင် သွားရောက်တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သို့သော်လည်း သူ၏နောက်လိုက်တို့က Aktham ibn al-Saifi သည် သူတို့ရဲ့ အကြီးအကဲ၊ သူတို့ထဲမှ ရာထူးအမြင့်မားဆုံးလူသားဖြစ်တဲ့အတွက် သူကိုယ်တိုင်လူချင်းသွားရောက်တွေ့ဆုံခြင်းက မသင့်လျော်ကြောင်းကို အကြံပြုခဲ့ကြတယ်။
ထို့နောက်မှာတော့ Aktham ibn al-Saifi သည် အခြားနည်းလမ်းတစ်ခုအနေဖြင့် သူတို့လူမျိုးစုထဲမှ တမန်တော်မြတ်(ﷺ) ထံသို့ သွားရောက်ပြီး အခြေအနေကိုလေ့လာသုံးသပ်ကာ သူ့ထံပြန် သတင်းပို့ဖို့ သင့်လျော်သည့် ကိုယ်စားလှယ်နှစ်ဦးကိုရွေးချယ်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ ကိုယ်စားလှယ်နှစ်ဦးသည် တမန်တော်မြတ်(ﷺ) ရှေ့မှောက်တွင် သူတို့ကိုယ်သူ မည်သူမည်ဝါဖြစ်ကြောင်း မိတ်ဆက်ခဲ့ကြပြီး သူတို့တွေသည် Aktham ibn al-Saifi ထံမှ အကြောင်းအရာနှစ်ခုကို သိရှိရန် ရောက်လာခဲ့ခြင်းဖြစ်ကြောင်းကိုလည်း တင်ပြခဲ့ကြပါတယ်။
Aktham ibn al-Saifi မှ ကိုယ်တော့်အတွက် မေးခွန်းနှစ်ခုရှိပါတယ် “ကိုယ်တော်က ဘယ်သူလဲ၊ ကိုယ်တော်က ဘာလဲ”
တမန်တော်မြတ်(ﷺ) မှ ပြန်လည်မိန့်ကြားခဲ့ပါတယ် “ပထမမေးခွန်းအတွက်အဖြေကတော့ ကိုယ်တော်သည် Muhammad ibn Abdullah(ﷺ) ဖြစ်ပါတယ်။ ဒုတိယမေးခွန်းအတွက်အဖြေကတော့ ကိုယ်တော်သည် အလ္လာဟ်(سبحانه وتعالى) ၏ ကျေးကျွန်ဖြစ်ပြီး အလ္လာဟ်(سبحانه وتعالى)၏ တမန်တော်တစ်ပါး ဖြစ်ပါတယ်”
ထို့နောက်မှာတော့ ကိုယ်တော်မြတ်က စူရာဟ် အလ်-နဟ်လ် ၏ အာယာဟ် ၉၀ ကို ရွတ်ဆိုခဲ့ပါတယ်။ ကိုယ်စားလှယ်နှစ်ဦးသည် ထိုအာယာဟ်ကို နောက်တစ်ကြိမ်ထပ်မံ ရွတ်ဆိုပေးဖို့ ကိုယ်တော်မြတ်ကို တောင်းဆိုခဲ့ကြပါတယ်။ ကိုယ်တော်မြတ်သည် ထိုသူတို့ အလွတ်ရသွားသည့်တိုင်အောင် ထိုအာယာဟ်ကို ရွတ်ဆိုပြခဲ့ပါတယ်။
ကိုယ်စားလှယ်နှစ်ဦးသည် Aktham ထံသို့ ပြန်လာခဲ့ကြပြီး သူတို့ရဲ့ ပထမ မေးခွန်း မေးရခြင်း၏ ရည်ရွယ်ချက်သည် တမန်တော်မြတ်(ﷺ)၏ မျိုးရိုးကိုသိရှိရန်ဖြစ်ကြောင်းကို တင်ပြခဲ့ပါတယ်။ သို့သော်လည်း ကိုယ်တော်မြတ်သည် မျိုးရိုးနှင့်ပတ်သက်ပြီး အထူးတလည် အာရုံစိုက်ခြင်းမပြုခဲ့ပါဘူး။ ကိုယ်တော်မြတ်၏ ဖခင်အမည်ကို ဖော်ပြခြင်းဖြင့် လုံလောက်သည်ဟု ကိုယ်တော်မြတ်မှ ရိုးရှင်းစွာ စဉ်းစားဖော်ပြခဲ့ပါတယ်။
ထိုကိုယ်စားလှယ်နှစ်ဦးတို့မှ အခြားသူများနှင့် ကိုယ်တော်မြတ်၏ မျိုးရိုးကို ဆန်းစစ်ကြည့်သောအခါ တမန်တော်မြတ်(ﷺ) သည် အလွန်ကို မြင့်မားပြီး မြင့်မြတ်သည့် မျိုးရိုးမှ ဆင်းသက်လာသည်ကို တွေ့ရှိခဲ့ကြပါတယ်။ ထို့နောက် ထိုကိုယ်စားလှယ်တို့က သူတို့ရှေ့မှောက်တွင် တမန်တော်မြတ်(ﷺ) သည် သူတို့ Aktham ကို ပြန်လည်ဆင့်ပြန်မည့် စကားအချို့ကို ရွတ်ဆိုခဲ့ကြောင်း တင်ပြခဲ့ကြပါတယ်။
ကိုယ်စားလှယ်နှစ်ဦးမှ ထိုအာယာဟ်ကို Aktham အား ပြန်လည်ရွတ်ဆိုပြကြသည့်အခါ Aktham က “ဒါက ကိုယ်တော်မြတ်သည် မြင့်မြတ်သည့် အကျင့်စာရိတ္တကိုသာ အားပေးထောက်ခံပြီး နိမ့်ကျသည့် ကိုယ်ကျင့်တရားကို တားမြစ်ထားကြောင်း ပြောပြနေတယ်။ အသင်တို့အားလုံး သူ၏သာသနာ (အစ္စလာမ်) ကို ချက်ချင်း လက်ခံကြလော့၊ ထိုမှသာ အသင်တို့သည် အခြားသူများ၏ရှေ့မှာကြို၍ ရှိနေနိုင်ပြီး သူတို့ကိုယ်ပိုင်အတွေးမပါဘဲနောက်လိုက်နေသူများကဲ့သို့ နောက်တွင် ကျန်မနေခဲ့မှာပဲဖြစ်တယ်”
(Tafsir Ibn Kathir)
ထိုဇာတ်ကြောင်းနှစ်ခုကနေ ရိုးသားစစ်မှန်သည့်နှလုံးသားအတွက် ကျမ်းမြတ်ကုရ်အာန်၏ အားကောင်းစွာအကျိုးသက်ရောက်စေနိုင်မှုကို ပြသနေပါတယ်။ ထိုအာယာဟ်တို့ကို နားနှင့်ကြားပြီး ပြန်လည်သုံးသပ်သည့် အမှန်တရားကို ရိုးဖြောင့်စွာ ရှာဖွေနေသူတစ်ဦးအတွက် ထိုအာယာဟ်များသည် အမှန်စင်စစ် အလ္လာဟ်(سبحانه وتعالى) ၏ အမိန့်တော်များဖြစ်ပြီး အမှန်တရားဖြစ်ကြောင်းကို လက်ခံယုံကြည်ကြပါလိမ့်မည်။
