အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ တစ်ဆယ်
စူရာဟ်သောင်ဗာဟ် (နောင်တရခြင်းကဏ္ဍ)တွင် စူရာဟ်အလ်-အန်ဖာလ်မှ စစ်ပွဲများအကြောင်းက ဆက်လက်ပါဝင်နေပါတယ်။ ဒီစူရာဟ်နှစ်ပုဒ်လုံးမှာပါဝင်နေသည့် အကြောင်းအရာများက ဆင်တူလွန်းလှတဲ့အတွက် အစောပိုင်းက အစ္စလာမ့်ပညာရှင်တစ်ချို့က ဒီစူရာဟ်နှစ်ပုဒ်ကို တစ်ပုဒ်တည်းအဖြစ် မှတ်ယူခဲ့ကြတယ်။ ဒီပါရာတစ်ဆယ်ထဲမှာ အဓိကဖော်ပြထားတဲ့ စစ်မက်ရေးရာနှင့် ဆက်စပ်နေသည့် အကြံဉာဏ်တွေသည် ဒီစူရာဟ်တွေရဲ့ နောက်ခံနှင့် မရင်းနှီးတဲ့ ပထမဆုံးအကြိမ် စာဖတ်သူအချို့အတွက်တော့ အနည်းငယ် အထိတ်တလန့် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ စူရာဟ်သောင်ဗာဟ်မှ အာယဟ်အများကြီးက သီးသန့်ဖြစ်စဉ်တွေကို နောက်ခံထားပြီးဖော်ပြထားသလို ဘာ့ကြောင့် ဒီအာယဟ်တွေကို ဝဟီချပေးခဲ့ရသလိုဆိုတာကို သေချာပြန်အသေးစိတ်လေ့လာတဲ့အခါမှာတော့ အဓိပ္ပာယ်ပိုပေါ်လွင်လာပါတယ်။
စူရာဟ်သောင်ဗာဟ်ရဲ့ အဖွင့်အာယဟ်တွေသည် မွတ်စ်လင်မ်တို့နှင့် ပေကန်တို့ကြား ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ် ပြီးဆုံးသွားခဲ့ပြီး မကြာခင်စစ်ပွဲတစ်ခုစတင်လာတော့မှာဖြစ်တဲ့အကြောင်း ကြေညာချက်တစ်ခုဖြစ်ပါတယ်။ မက္ကာန်တွေနှင့် သူတို့ရဲ့ မဟာမိတ်တွေဟာ ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ် ကို ချိုးဖောက်ခဲ့ကြပြီး အဲ့ဒီအခြေအနေတွေက ဒီအာယဟ်တွေကျဖို့ ဖြစ်လာစေခဲ့တယ်။ ရန်သူကို အလစ်တိုက်ခိုက်ခြင်းအစား စစ်ပွဲကို တရားဝင်ကြေညာချက်ထုတ်ပြန်ခြင်းသည် အစ္စလာမ့်ကျင့်ဝတ်များရဲ့ အစိတ်အပိုင်းလည်းဖြစ်ပါတယ်။ ဒီလိုကြေညာလိုက်ခြင်းအားဖြင့် မွတ်စ်လင်မ်တို့ဟာ တရားမျှတမှုရှိစွာဖြင့် တစ်ဖက်ရန်သူကို ပြန်လည်တိုက်ခိုက်ခွင့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
စူရာဟ်သောင်ဗာဟ်ကို မဒီနန်ခေတ် အဆုံးသတ်ခါနီးမှာ နည်းနည်းချင်းစီချပေးခဲ့တာဖြစ်တယ်။ ဒီစူရာဟ်ထဲက အာယဟ်တော်တော်များများသည် တမန်တော်မြတ်(ﷺ)၏ ဘဝသက်တမ်းတွင် နောက်ဆုံးသော အပြန်အလှန်တိုက်ခိုက်မှုနှစ်ခုဖြစ်သည့် သဗူက်(Tabuk) နှင့် ဟုနိုင်န်(Hunain) အဖြစ်အပျက်များကို ဗဟိုထားပြီး ဖော်ပြထားပါသည်။ Tabuk သည် Byzantines တို့ကို တိုက်ခိုက်မည့် တမန်တော်မြတ်(ﷺ)၏ စစ်တပ်ရဲ့ ပထမဆုံးသော စစ်ဆင်ရေးတစ်ခုအဖြစ် အမှတ်အသားပြုခဲ့ကြပြီး Hunain သည် အာရဗ်မျိုးနွယ်တစ်ခုကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် နောက်ဆုံးအဓိကစစ်ပွဲလည်း ဖြစ်ခဲ့ပါသည်။
ဒီအဖြစ်အပျက်နှစ်ခုလုံးကို အာရေဗျတွင် အခြေအနေအလှည့်အပြောင်းတစ်ခုအနေနဲ့လည်း မှတ်သားခဲ့ကြတယ်။ အဲ့ဒီအချိန်တုန်းက မွတ်စ်လင်မ်တို့သည် အာရေဗျကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အာဏာရှိခဲ့ကြပြီး ဒီအခြေအနေကို Byzantines တို့က သူတို့ရဲ့ အာဏာအပေါ် ခြိမ်းခြောက်နိုင်မှုတစ်ခုအဖြစ် မြင်လာခဲ့ကြတယ်။ ဒီလိုကနေ ရာရှီဒိုက်တ်ခေတ် (Rashidite Era) အတွင်း လူမျိုးစုနှစ်ခုကြား ကြီးမားတဲ့ စစ်ပွဲတွေဖြစ်လာခဲ့ပြီး Byzantines တို့ရဲ့ နယ်မြေတွေဖြစ်ကြတဲ့ ဒမ္မစကတ်စ် (Damascus)၊ ဂျေရုဆလင်မ် (Jerusalem) နှင် အီဂျစ် (Egypt) တို့က မွတ်စ်လင်မ်တို့ရဲ့ နယ်မြေတွေဖြစ်လာခဲ့တယ်။
Hunain က စိတ်ဝင်စားဖွယ်ကောင်းတဲ့ အဖြစ်အပျက်တစ်ခုပဲဖြစ်တယ်။ မွတ်စ်လင်မ်တို့သည် ပထမဆုံးအကြိမ်အဖြစ် အင်အားကြီးမားတဲ့စစ်တပ်တစ်ခုဖြစ်ခဲ့ပြီး အများစုအတွက် သူတို့ခုလိုအင်အားကြီးမားနေတာက သူတို့ကိုပြန်ပြီး လှည့်စားမိစေခဲ့တယ်။ ဒီလောက်အင်အားကြီးမားပုံနှင့် သူတို့က အလွယ်တကူအောင်နိုင်မှာဖြစ်ပြီးတော့ ရန်သူကိုအလွယ်လေးကျရှုံးစေနိုင်တယ်ဆိုပြီး ယုံကြည်ခဲ့ကြတယ်။ ရလဒ်အနေနဲ့ကတော့ မွတ်စ်လင်မ်စစ်တပ်က အငိုက်မိသွားပြီး ချောင်းမြောင်းတိုက်ခြင်းခံခဲ့ရတယ်။ အဲ့ဒီအခါမှာ မွတ်စ်လင်မ်အများစုကတပ်မှ ထွက်ပြေးခဲ့ကြပေမဲ့ တမန်တော်မြတ်(ﷺ) နှင့် တမန်တော်မြတ်ရဲ့ မြဲမြံတဲ့နောက်လိုက်ကြီးတွေကတော့ အပြင်းအထန်စစ်ပွဲကြားမှာ ခိုင်မာစွာ ပြန်လည်ခုခံတိုက်ခိုက်ရင်း ကျန်ရှိနေခဲ့ကြတယ်။ တမန်တော်မြတ်(ﷺ) ရဲ့ ရဲစွမ်းသတ္တိကို မျက်ဝါးထင်ထင်မြင်လိုက်ကြရဲတဲ့အခါမှာတော့ ထွက်ပြေးသွားခဲ့တဲ့ မွတ်စလင်မ်တွေဟာ နောက်ဆုံးမှာ သူတို့နေရာကိုသူတို့ ပြန်ရောက်ကာ တိုက်ပွဲဝင်ခဲ့ကြပြီး စစ်ပွဲကို အောင်နိုင်ခဲ့ကြပါတယ်။
အလ္လာဟ်(سبحانه وتعالى) သည် ဒီစစ်ပွဲအကြောင်းနှင့် ဒီစစ်ပွဲကနေရလာတဲ့ သင်ခန်းစာတွေအကြောင်းကို စူရာဟ်သောင်ဗာဟ်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။
“အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား စစ်မြေပြင်များစွာ၌လည်းကောင်း ဟုနိုင်န် (တောင်ကြား၌ စစ်ဖြစ်ခဲ့သော) နေ့တွင်လည်းကောင်း ကူညီတော်မူခဲ့သည်။ ထို (ဟုနိုင်န်တောင်ကြား၌ စစ်ဖြစ်သော) အခါ အသင်တို့၏ (အရေအတွက်)များပြားမှုသည် အသင်တို့အား အထင်ကြီးစေခဲ့သည်။ သို့ရာတွင် ၎င်း (အရေအတွက်)များပြားမှုသည် အသင်တို့အတွက် မည်သို့မျှ အသုံးမဝင်ခဲ့ပေ။ ထို့ပြင် ကမ္ဘာမြေပြင်သည် (ဤမျှ) ကျယ်ဝန်းလျက်နှင့်ပင် အသင် တို့အပေါ်၌ ကျဉ်းမြောင်းသွားခဲ့သည်။ ထို့နောက် အသင်တို့သည် ကျောခိုင်းထွက်ပြေးခဲ့ကြသည်။”
“ထို့နောက် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ထံတော်မှ အရှင်မြတ်၏တမန်တော်နှင့် ယုံကြည်သူများအပေါ်တွင် စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့သည်။၎င်းပြင် အရှင်မြတ်သည် အသင်တို့ မမြင်နိုင်သော စစ်တပ်များကို စေလွှတ်ပေးတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် ကာဖိရ်များအား ပြစ်ဒဏ်ပေးတော်မူခဲ့သည်။ ၎င်းပြင်ဤသည် ကာဖိရ်များ၏ အစားပေးခြင်းပင်ဖြစ်သည်။”
(ကျမ်းမြတ်ကုရ်အာန် ၉:၂၅-၂၆)
Hunain သည် အာရေဗျတွင် နောက်ဆုံးအဓိကစစ်ပွဲဖြစ်ခဲ့ပါတယ်။ အဲ့ဒီစစ်ပွဲနောက်မှာတော့ အာရေဗျနယ်မြေတစ်လျောက်မှာရှိတဲ့ အာရဗ်လူမျိုးတွေက တစ်ယောက်ပြီးတစ်ယောက် အစ္စလာမ်သာသနာသို့ ကူးပြောင်းခဲ့ကြပါတယ်။ ဒါကို Byzantines တို့က သူတို့ကိုဆန့်ကျင်မဲ့ ခြိမ်းခြောက်မှုအသစ်တစ်ခု ဖြစ်ပေါ်လာနေတယ်လို့မြင်ခဲ့ကြပြီး မွတ်စ်လင်မ်တို့ကို တိုက်ခိုက်ဖို့ စစ်တပ်တစ်ခု ဖွဲ့စည်းခဲ့တယ်။ ဒါကို တုံ့ပြန်သည့်အနေနဲ့ တမန်တော်မြတ်(ﷺ) က အင်အားကြီးစစ်တပ်တစ်ခုအနေနဲ့ စုရုံးလိုက်ပြီး ရောမ (Romans) တို့ကို ရင်ဆိုင်နိုင်ဖို့အတွက် Tabuk သို့ ချီတက်ခဲ့တယ်။ ရောမစစ်တပ်ဘက်က တစ်ယောက်မှ မထွက်လာခဲ့တဲ့အတွက် မွတ်စ်လင်မ်တို့ဟာ အောင်ပွဲနှင့် အိမ်သို့ပြန်လာခဲ့ကြပြီး တိုက်ခိုက်မှုတစ်ခုမှ မပြုလုပ်ခဲ့ရဘဲ အောင်ပွဲခံခဲ့ကြတယ်။
သို့သော်လည်း Tabuk အတွက်စမ်းသပ်မှုက စစ်ချီဖို့ပြင်ဆင်နေချိန်မှာ ဖြစ်ခဲ့ပါတယ်။ အယောင်ဆောင်တွေက မခိုင်လုံတဲ့ ဆင်ခြေပေါင်းများစွာပေးပြီး စစ်တပ်ထဲဝင်ဖို့ ငြင်းဆန်ခြင်းအားဖြင့် သူတို့ရဲ့ သရုပ်မှန်ပေါ်လာခဲ့ကြပါတယ်။ တချို့သောအယောင်ဆောင်တွေကတော့ တစ်လျောက်လုံးမှာ စစ်တပ်မှာပါဝင်တဲ့သူတွေကို လှောင်ပြောင်စော်ကားပြီး စိတ်ဓာတ်ကျဆင်းအောင် ကြိုးစားခဲ့ခြင်းဖြင့် သရုပ်မှန်ပေါ်ခဲ့ကြတယ်။ ဒီစူရာဟ်ထဲမှာ အယောင်ဆောင်တို့ နောက်ဆုံးအကြိမ်အနေဖြင့် သရုပ်မှန်ပေါ်သွားခဲ့တဲ့ အာယဟ်များစွာ ပါဝင်နေပါတယ်။
“(သဗူက်စစ်ပွဲကို မလိုက်ဘဲ) နောက်ကျန်ရစ်ခဲ့ကြသောသူများသည် အလ္လာဟ်အရှင်မြတ်၏ တမန်တော့်နောက်၌ သူတို့ ထိုင်နေရစ်ခဲ့ကြရသည့်အတွက် ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြသည်။ ထို့ပြင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် သူတို့၏ ပစ္စည်းများ၊ အသက်များနှင့် စစ်တိုက်ရခြင်းကို မလိုလားခဲ့ကြပေ။ ထို့ပြင် သူတို့သည် (သူတို့ အချင်းချင်း) “အသင်တို့သည် အပူရှိန်ထဲသို့ မထွက်ကြနှင့်” ဟု ပြောဆိုခဲ့ကြသည်။ (အို-တမန်တော်)အသင်ပြောလိုက်ပါ -“ ဂျဟန္နမ်ငရဲဘုံ၏ မီးသည် ပို၍ပူသည်။” အကယ်၍ သူတို့သည် သိမြင်နားလည်ကြလျှင် ကောင်းလေစွ။”
“သို့ဖြစ်ရာ သူတို့သည် (ဤဘဝတွင်)အနည်းငယ်သာ ရယ်မောကြရမည်၊ ၎င်းနောက်(တမလွန်ဘဝတွင်) များစွာ ငိုကြွေးကြရမည်။ (ထိုအရာသည်)သူတို့ ရှာဖွေဆည်းပူးခဲ့ကြသော (အရာ၏) အကျိုးရလဒ်ပင်ဖြစ် သည်။”
“ထို့နောက် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင့်အား သူတို့ထဲမှ လူတစ်စုထံသို့ ပြန်ရောက်ရှိစေခဲ့လျှင်၊ ၎င်းနောက် သူတို့က (စစ်ပွဲသို့)ထွက်ရန် အသင့်ထံ၌ ခွင့်တောင်းကြလျှင် (အို- တမန်တော်)အသင်ပြောလိုက်ပါ- “အသင်တို့သည် ငါနှင့်အတူ မည်သည့်အခါမှ ထွက်ကြရမည်မဟုတ်ပေ၊ ၎င်းနောက် ငါနှင့်အတူ မည်သည့် ရန်သူကိုမှ တိုက်ခိုက်ကြရမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် အသင်တို့သည် ပထမအကြိမ်၌လည်း ထိုင်နေရစ်ခဲ့ကြခြင်းကိုပင် နှစ်သက်ခဲ့ကြသောကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ ယခုလည်း အသင်တို့သည် နောက်ကျန်ခဲ့သောသူများနှင့်အတူ ထိုင်သာနေခဲ့ကြပေတော့။””
(ကျမ်းမြတ်ကုရ်အာန် ၉:၈၁-၈၃)
Tabuk သည် စစ်မှန်မှုနှင့် ရဲစွမ်းသတ္တိတို့အတွက် သင်ခန်းစာတစ်ခုဖြစ်ခဲ့ပါတယ်။ အီမာန်သက်ဝင်ယုံကြည်သူတို့ဟာ သူတို့ရဲ့ အိမ်တွေ၊ ပိုင်ဆိုင်မှုတွေနှင့် မိသားစုကို ချန်ထားခဲ့ရပြီး အချိန်အားသာတဲ့အခြေအနေမှာ ရန်သူကိုရင်ဆိုင်နိုင်ဖို့အတွက် နွေနေပူပူကြီးထဲမှာ သဲကန္တာရကို ဖြတ်ကျော်ပြီး စစ်ချီခဲ့ရတယ်။ ဘာကိုရင်ဆိုင်ရလဲဆိုတာကို မသိနိုင်တဲ့အခြေအနေနှင့် စစ်ချီခဲ့ကြတဲ့ အီမာန်သက်ဝင်ယုံကြည်သူတို့သည် သူတို့ရဲ့ ရိုးဖြောင့်တဲ့စစ်မှန်မှု၊ ခိုင်မြဲတဲ့ကတိသစ္စာထားရှိမှု၊ ခိုင်မာသည့် ယုံကြည်ချက်၊ ရဲစွမ်းသတ္တိ တို့ကို ပေါ်လွင်စေခဲ့ပါတယ်။ ဒီလိုအခြေခိုင်မာမှုတွေက အစ္စလာမ့်ပထမဆုံးမျိုးဆက်အတွက် လာမည့်နှစ်တွေမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ကြဖို့ ဖြည့်ဆည်းပေးပါလိမ့်မယ်။
