Skip to content

ပါရာ နှစ်ဆယ့်ကိုး (Juz Twenty Nine)

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ နှစ်ဆယ့်‌‌ကိုး

 ပါရာနှစ်ဆယ့်ကိုးတွင် ပါဝင်သော စူရာဟ်များစွာသည် ဒါဝဟ်ပြုလုပ်ခြင်း၏ အရေးပါပုံနှင့် ဆက်စပ်နေသည့် အစောပိုင်း မက္ကာန်စူရာဟ်များ ဖြစ်ကြပါတယ်။ ပါရာနှစ်ဆယ့်ကိုးသည် ဒါဝဟ်၏ လက်တွေ့ကျင့်သုံးသည့်အပိုင်းနှင့် သာသနာရေးရာအပိုင်း နှစ်ခုလုံးကို သင်ကြားပေးနေတဲ့ သင်ကြားရေးလက်စွဲ (Training Manual) တစ်ခုလည်း ဖြစ်ပါတယ်၊။ စူရာဟ်နူးဟ်သည် တမန်တော်နူးဟ် (عليه السلام)၏ ဒါဝဟ်ပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် နည်းလမ်းများ၏ အသေးစိတ်အစီအစဉ်(Blueprint) တစ်ခုအနေနဲ့ ဖော်ဆောင်ပေးနေပါတယ်။ ထိုစူရာဟ်သည် တမန်တော်မြတ်(ﷺ) အား အစောပိုင်းတမန်တော်များ၏ ဒါဝဟ်ပြုလုပ်ပုံနှင့် ထိုတမန်တော်တို့၏ လူများမှ တုံ့ပြန်ပုံများကို သင်ကြားပြသပေးရန် မက္ကာန်ခေတ်၏ အစောဆုံးအချိန်များတွင် ကျလာခဲ့တာဖြစ်ပါတယ်။

 တမန်တော်နူးဟ်(عليه السلام)၏ ဇာတ်ကြောင်းမှတစ်ဆင့် လူသိရှင်ကြား ဒါဝဟ်ပြုလုပ်ခြင်းနှင့် သီးသန့်ဒါဝဟ်ပြုလုပ်ခြင်း နှစ်ခုလုံး၏ အရေးပါမှုကို သင်ယူလေ့လာနိုင်သလို အလ္လာဟ်(سبحانه وتعالى) ထံတော်မှ ခွင့်လွှတ်မှုကိုတောင်းခံဖို့ နှင့် အစ္စလာမ်သာသနာကို လက်ခံလိုက်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပြသရန် အရေးကြီးကြောင်း သိရှိနိုင်ပါတယ်။

 ”၎င်း(တမန်တော်နူးဟ်)ကလျှောက်ထားခဲ့သည်- အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အမှန်စင်စစ် ကျွန်ုပ်သည် ကျွန်ုပ်၏အမျိုးသားများအား နေ့သာမက ည၌လည်း ဖိတ်ခေါ်ခဲ့ပါ သည်။”

 ”ထို့နောက်လည်း ကျွန်တော်၏ဖိတ်ခေါ်မှုသည် သူတို့အား ထွက်ပြေးတိမ်းရှောင်မှုကိုပင် တိုးစေခဲ့ပါသည်။”

 ”ထို့ပြင် အမှန်စင်စစ် ကျွန်ုပ်သည် အရှင်မြတ်က သူတို့အား ခွင့်လွှတ်တော်မူရန်အတွက် မည်သည့်အခါပင်ဖြစ်စေ ကျွန်ုပ်သည် သူတို့အား ဖိတ်ခေါ်ခဲ့တိုင်း သူတို့သည် သူတို့၏ နားများကို သူတို့၏ လက်ချောင်းများနှင့် ပိတ်ဆို့ထားခဲ့ကြပါသည်။ ထို့ပြင် သူတို့သည် သူတို့၏ အဝတ်များကို (သူတို့၏မျက်နှာနှင့် ကိုယ် ပေါ်တွင် )ဖုံးအုပ်ထားခဲ့ကြပါသည်။ (သူတို့ကလည်း ကျွန်ုပ်အား မမြင်ရအောင်၊ ကျွန်ုပ်လည်းသူတို့အား မမှတ်မိအောင် အတွက်ဖြစ်သည်)။ ထို့ပြင် သူတို့သည် (ငြင်းပယ်မှုထဲ၌ပင်)ဇွတ်ပေနေခဲ့ကြသည့်အပြင် မာနလည်းထောင်နေခဲ့ကြပါသည်။”

 ”ထို့နောက် အမှန်ပင် ကျွန်ုပ်သည် သူတို့အား အသံကျယ်ကျယ်ဖြင့်လည်း ဖိတ်ခေါ်ခဲ့ပါသည်။”

 ”ထို့ပြင် အမှန်ပင် ကျွန်ုပ်သည် သူတို့အား ပွင့်လင်းစွာ ကြေညာ၍လည်း ဖိတ်ခေါ်ခဲ့သည့်အပြင် ကျွန်ုပ်သည် သူတို့အား လျှို့ဝှက်စွာလည်း ဖိတ်ခေါ်မှုပြုခဲ့ပါသည်။”

 ”ထို့နောက် ကျွန်ုပ်က (သူတို့အား)ပြောပါသည် – အသင်တို့သည် အသင်တို့ အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်တွင် လွတ်ငြိမ်းချမ်းသာခွင့်တောင်းခံကြပါ။ အမှန်စင်စစ် အရှင်မြတ်သည် အကြိမ်ကြိမ်လွတ် ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်ဖြစ်တော်မူသည်။”

 ”အရှင်မြတ်သည်အသင်တို့အပေါ်တွင်ကောင်းမွန်စွာ(များပြားစွာ)ရွာချသည့်မိုးကို စေလွှတ်တော်မူမည်ဖြစ်သည်။”

 ”ထို့ပြင် အရှင်မြတ်သည် အသင်တို့အား ပစ္စည်းဥစ္စာများ၊ သားသမီးများနှင့် ကူညီတော်မူ(၍တိုးတက်စေ တော်မူ)မည်။ ထို့ပြင် အသင်တို့အတွက် ဥယျာဉ်များ ဖန်ဆင်းပေးတော်မူမည့်အပြင်ချောင်းများကိုလည်းစီးဆင်းစေတော်မူမည်။”

(ကျမ်းတော်မြတ်ကုရ်အာန် ၇၁:၅-၁၂)

စူရာဟ် ဂျင်န် (ဂျင်န်သတ္တဝါကဏ္ဍ)တွင် အောက်ပါအာယဟ်များသည် အမှန်စင်စစ် အားလုံးနှင့် သက်ဆိုင်နေသည်ကို ပြသနေပါတယ်။ အာယဟ်များသည် လူသားမျိုးနွယ်စုတစ်ခုလုံးအတွက်သာမကဘဲ လူသားတို့ ရှုမြင်နိုင်သည့်အတိုင်းအတာမှကျော်လွန်၍ ဂျင်န်တို့၏ လောကကိုပါ ရောက်ရှိတာဖြစ်ပါတယ်။ တမန်တော်မြတ်(ﷺ) အား လူသားတို့အတွက်သာ စေလွှတ်ခဲ့ခြင်းမဟုတ်ဘဲ ဂျင်န်တို့အတွက်ပါ စေလွှတ်ခဲ့ခြင်းဖြစ်သလို ဂျင်န်များစွာမှ ကိုယ်တော်မြတ်အားယုံကြည်ကြပြီး ကိုယ်တော်မြတ်၏ လမ်းညွှန်မှုကို လိုက်နာခဲ့ကြပါတယ်။

 “(အို-တမန်တော်)အသင်ပြောလိုက်ပါ- ငါ၏ထံသို့ဤသို့ ဝဟီ အမိန့်တော် ထုတ်ပြန်ခြင်းခံခဲ့ရသည်။ အမှန်စင်စစ် ဂျင်န်တစ်စုသည် (ကုရ်အာန် ကျမ်းတော်မြတ်) ကို ကြားနာခဲ့ကြသည်။ ထို့နောက် သူတို့သည် (သူတို့ ဂျင်န်အမျိုးသားများထံ ပြန်သွား၍ ဤသို့)ပြောဆိုခဲ့ကြသည်- အမှန်စင်စစ် ကျွန်ုပ်တို့သည် အံ့ဩဖွယ်ရာကောင်းသော ကုရ်အာန်ကျမ်းတော်မြတ်ကို ကြားနာခဲ့ကြသည်။”

 “ထိုကုရ်အာန်ကျမ်းတော်မြတ်သည် ဖြောင့်မတ်သော တရားလမ်းကို ညွှန်ကြားပြသသည့်အတွက် ကျွန်ုပ်တို့သည် ထိုကျမ်းတော်ကို ယုံကြည်ခဲ့ ကြပြီဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့် မည်သူ့ကိုမျှ လုံးဝတွဲဖက်ကိုးကွယ်မည်မဟုတ် တော့ပေ။”

(ကျမ်းတော်မြတ်ကုရ်အာန် ၇၂:၁-၂)

 နောက်ထပ်စူရာဟ်နှစ်ပုဒ်ဖြစ်သည့် စူရာဟ် မုဇ်ဇမ်မိလ် (အဝတ်ခြုံထားသူ ကဏ္ဍ) နှင့် စူရာဟ် မုဒ်ဒဆ်ဆိရ် (စောင်ခြုံထားသူ ကဏ္ဍ) သည် အစောဆုံးဝဟီချပေးခဲ့သည့် စူရာဟ်များထဲမှဖြစ်ပြီး တစ်ချို့သော အစ္စလာမ့်ပညာရှင်များမှ ထိုစူရာဟ်နှစ်ပုဒ်သည် ဒုတိယနှင့် တတိယ ဝဟီကျလာခဲ့သည့် စူရာဟ်များဖြစ်ကြပါတယ်လို့ ဖော်ပြထားကြပါတယ်။ ပထမဆုံးအကြိမ် ဝဟီရပြီးနောက် တမန်တော်မြတ်(ﷺ) အိမ်သို့ပြန်လာခဲ့ချိန်တွင် ကိုယ်တော်မြတ်မှ တစ်ကိုယ်လုံးတုန်နေခဲ့ပြီး ဇနီးသည်ကို ကိုယ်တော့်အား ဖုံးအုပ်ထားပေးရန် ပြောခဲ့ပါတယ်။ ချစ်ဇနီးသည် ခဒီဂျာဟ်( رضي الله عنها) သည် ကိုယ်တော်အား ထွေးပွေ့ထားခဲ့ပြီး အဝတ်ဖြင့် ခြုံထားပေးခဲ့ကာ နှစ်သိမ့်အားပေးခဲ့ပါတယ်။ ထိုစူရာဟ်နှစ်ပုဒ်သည် တမန်တော်မြတ်(ﷺ) အား ခြုံထားသူ (the covered one)၊ အဝတ်ခြုံထားသူနှင့် စောင်ခြုံထားသူ ဟု တိုက်ရိုက်ဦးတည်ကာ ရှေ့ဆင့်နောက်ဆင့် ကျလာခဲ့တာဖြစ်ပါတယ်။ ပထမတစ်ပုဒ်တွင် ညဘက်တွင် အိပ်ယာမှ ထ၍ ညပိုင်းနမာဇ် (သဟာဂျွဒ်) ကို စွလာသ် ဝတ်ပြုရန် တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ ဒုတိယတစ်ပုဒ်တွင် လူများအရှေ့တွင် မားမားမတ်မတ်ရပ်ကာ သတိပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ထိုစူရာဟ်နှစ်ပုဒ်သည် ဒါဝဟ်၏ အပိုင်းနှစ်ခုဖြစ်သည့် ကမ္ဘာလောကတစ်ခုလုံးအား အစ္စလာမ်သာသနာ၏ လှပသည့် သတင်းစကားများကို တင်ပြပေးနေချိန်တွင် ကျွန်မတို့ကိုယ်တိုင်၏ သာသနာရေးဆိုင်ရာ ဝတ်ပြုမှုများကိုလည်း လုပ်ဆောင်သွားနေရမှာဖြစ်ကြောင်းကို ပြသနေပါတယ်။ ဒါဝဟ်ပြုလုပ်ချိန်မှာ ကိုယ့်ကိုယ်ကိုအရင်အချိန်ပေးမှာလား တခြားသူများကို အရင်ဖိတ်ခေါ်ရမှာလားဆိုပြီး တစ်ခုခုကို ရွေးချယ်ခိုင်းတာမျိုးမဟုတ်ဘဲ နှစ်ဖက်လုံးမှာ တစ်ပြိုင်တည်း အားစိုက်ဖို့လိုအပ်ပါတယ်။ ပထမနေ့မှစတင်၍ တမန်တော်မြတ်(ﷺ) သည် ကိုယ်တော်မြတ်၏ စွလာဟ်ဝတ်ပြုခြင်းတွင်ရော ဒါဝဟ်ပြုလုပ်ခြင်းတွင်ပါ အာရုံစူးစိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အားဖြင့် အစ္စလာမ်သာသနာကို မျှဝေနေသူတိုင်းအတွက် သဟာဂျွဒ် စွလာသ်ကို ညစဉ်ပုံမှန်ဝတ်ပြုသူနှင့် အစ္စလာမ်သာသနာသို့ ဖိတ်ခေါ်သူ တစ်ဦးဖြစ်ခြင်းသည် အကောင်းဆုံးစံနှုန်းတစ်ခုဖြစ်ပါတယ်။

ပါရာနှစ်ဆယ့်ကိုးသည် ရှင်ပြန်ထမည့်နေ့ (စူရာဟ် ကိယာမဟ်)၊ ဂျန္နဟ်သုခဘုံ (စူရာဟ် ဒဟ်ရ်) နှင့် ဂျဟန္နမ် (စူရာဟ် မုရ်စလာသ်) တို့အကြောင်းကို အသေးစိတ်ဖော်ပြထားခြင်းများနှင့် အဆုံးသတ်ထားပါတယ်။ ထိုစူရာဟ် သုံးပုဒ်သည် နောက်ဆုံးနေ့အတွက် ပြင်ဆင်ရာတွင် အလ္လာဟ်(سبحانه وتعالى ) ၏ ကရုဏာတော်အပေါ်မျှော်လင့်ချက်နှင့် အလ္လာဟ် (سبحانه وتعالى ) အား စိတ်ပျက်စေမည့်ကိစ္စများကို ပြုလုပ်မိခြင်းအား‌ ကြောက်ရွံ့ခြင်းနှစ်ခုကြားတွင် မျှတမှုရှိရန် အစောပိုင်းဒါဝဟ်များ၏ အာခေရဟ်အကြောင်းတွင် အဓိကထားပုံကို ပြသနေပါတယ်။

ထိုစူရာဟ်များထဲတွင် ဒါဝဟ်နှင့် ပတ်သက်သည့် သင်ခန်းစွာများစွာကို လေ့လာသင်ယူနိုင်ပါတယ်။

 စူရာဟ်နူးဟ်သည် တမန်တော်နူးဟ်(عليه السلام) အား စံပြ ဒါအီ တစ်ဦးအနေဖြင့်ထားရှိသင့်ကြောင်း ပြသနေပါတယ်။

 စူရာဟ်ဂျင်န်တွင် အာယဟ်များသည် ကျွန်မတို့လူသားများအတွက်သာမဟုတ်ဘဲ လူသားမျိုးနွယ်တစ်ခုလုံးအပြင် တခြားလောကများအတွက်ပါ သက်ဆိုင်နေကြောင်း ပြသနေပါတယ်။

 စူရာဟ် မုဇ်ဇမ်မိလ် နှင့် စူရာဟ် မုဒ်ဒဆ်ဆိရ်တွင် ဒါဝဟ်ပြုလုပ်သူများအနေဖြင့် လူထုကြားဖိတ်ခေါ်ခြင်းနှင့်အတူ ကျွန်မတို့ကိုယ်ပိုင်စွလာသ်ဝတ်ပြုမှုကိုပါ တစ်ပါးတည်း လုပ်ဆောင်ရန် နှိုးဆော်ထားပါတယ်။

 နောက်ဆုံး စူရာဟ် ကိယာမဟ်၊ ဒဟ်ရ်နှင့် မုရ်စလာသ်တို့တွင် ကျွန်မတို့ဒါဝဟ်ပြုလုပ်ခြင်း၏ အခြေခံဦးတည်ချက်အနေဖြင့် အာခေရဟ်ကို အာရုံစိုက်သင့်ကြောင်း သတိပေးနေပါတယ်။ 

Qur'an Reflection (Asbab ul-Nuzul)

ပါရာ နှစ်ဆယ့်ရှစ် (Juz Twenty Eight) ပါရာ သုံးဆယ် (Juz Thirty)

Leave a Reply

Your email address will not be published. Required fields are marked *