အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ နှစ်ဆယ့်ခုနှစ်
ပါရာနှစ်ဆယ့်ခုနှစ်တွင် ကျမ်းမြတ်ကုရ်အာန်ထဲမှ အားကောင်းသည့်နိမိတ်ပုံတစ်ချို့ ပါဝင်နေပါတယ်။ ယခုပါရာထဲမှ စူရာဟ်များသည် အာခေရဟ်အကြောင်း နှင့် ကျွန်မတို့လူသားတွေ တွေးတောဆင်ခြင်နိုင်သည်ထက် သာလွန်သည့် ကမ္ဘာတစ်ခုအကြောင်းကို အသေးစိတ်ဖော်ပြချက်များနှင့် ရှင်းလင်းမြင်သာအောင်ဖော်ပြထားသည့် မက္ကာန်စူရာဟ်များ ဖြစ်ကြပါတယ်။ ပါရာနှစ်ဆယ့်ခုနှစ်၏ အဖွင့်သည် ထူးခြားပြောင်မြောက်သည့် စူရာဟ် နဂျ်မ် (ကြယ်တာရာကဏ္ဍ) ဖြစ်ပါတယ်။ စူရာဟ် နဂျ်မ် သည် အားကောင်းလှသည့်အတွက် ပေကန်အာရဗ်တို့ ထိုစူရာဟ်အား ရွတ်ဖတ်ခြင်းကို ပထမဆုံးကြားဖူးခဲ့ကြတဲ့အခါမှာ စဂျ်ဒါဟ် ချခဲ့ကြပါတယ်။
အဗ္ဗဒူလာဟ် အစ်ဗ်နု အဗ္ဗက်စ် (رضي الله عنه) မှ ဆင့်ပြန်ခဲ့ဖူးပါတယ်။ “တမန်တော်မြတ်(ﷺ) သည် စူရာဟ်နဂျ်မ်ကို ရွတ်ဖတ်နေချိန်တွင် စဂျ်ဒါဟ်ချခဲ့ပြီး ကိုယ်တော်မြတ်နှင့်အတူ မွတ်စ်လင်မ်များ၊ ပေကန်များ၊ ဂျင်မ် များနှင့် လူသားအားလုံးတို့ပါ စဂျ်ဒါဟ်ချခဲ့ကြပါတယ်”။
(Sahih al-Bukhari, no. 1071)
ထိုအဖြစ်အပျက်က အရမ်းကို အားကောင်းလှခဲ့သည့်အတွက် ပေကန်တို့ စဂျ်ဒါဟ်ချခဲ့သည့် သတင်းသည် အဗ္ဗစီးနီးယား သို့ ရွှေ့ပြောင်းနေသူများထံသို့ ရောက်ရှိခဲ့ပြီး ပေကန်တို့အားလုံး အစ္စလာမ်သာသနာသို့ ကူးပြောင်းခဲ့ကြပြီဟု နားလည်မှုလွဲခဲ့ကြပါတယ်။ ရွှေ့ပြောင်းထားသူများကလည်း မက္ကာဟ်မြို့သို့ပြန်လာခဲ့ကြပေမဲ့ ထိုကောလဟာလက အမှန်မဟုတ်နေတာကို သိသွားကြတဲ့အခါမှာ လူများစွာက အဗ္ဗစီးနီးယားသို့ ဒုတိယအကြိမ် ရွှေ့ပြောင်းခဲ့ကြရပါတယ်။
စူရာဟ်နဂျ်မ်မှာ ပါဝင်နေတဲ့အကြောင်းအရာတွေ၊ ကာရံတွေ၊ ဖွဲ့စည်းပုံတွေနှင့် နမိတ်ပုံတွေကို သေချာလေ့လာကြည့်မယ်ဆိုရင် ထိုစူရာဟ်ရဲ့ အားကောင်းသည့် အကျိုးသက်ရောက်စေနိုင်မှုကို ပိုမိုထင်ရှားစွာ သိမြင်နိုင်ပါတယ်။ ထိုစူရာဟ်အား တမန်တော်မြတ်(ﷺ) သည် စစ်မှန်သည့် တမန်တော်တစ်ပါးဖြစ်ကြောင်း၊ အစ္စလာမ်သာသနာသည် စစ်မှန်သည့် သာသနာဖြစ်ကြောင်းနှင့် အာခေရဟ်သည် အမှန်တကယ်ရှိကြောင်း၊ အမှန်တရားများကို သိရှိနိုင်ရန် ချပေးထားခြင်းလည်း ဖြစ်ပါတယ်။ ထို့အပြင် သာသနာနှင့် ပတ်သက်၍ တမန်တော်မြတ်(ﷺ) မိန့်ကြားထားချက်မှန်သမျှသည် အလ္လာဟ်(سبحانه وتعالى) ထံမှ လာခြင်းသာဖြစ်ကြောင်းကိုလည်း အတည်ပြုထားပါတယ်။
“အသင်တို့၏ အဖော်(တမန်တော်မုဟမ္မဒ်)သည်လမ်းလွဲနေသည်လည်းမဟုတ်ပေ။ လမ်းမှားကိုလိုက်ခဲ့သည်လည်းမဟုတ်ပေ။”
“ထို့ပြင် ၎င်းသည် (၎င်း၏) စိတ်အလိုဆန္ဒအတိုင်း စကားပြောသည်မဟုတ်ပေ။”
“ထိုပြောဆိုမှုသည် (အလ္လာဟ်အရှင်မြတ်ထံတော်မှ)ထုတ်ပြန်ခြင်းခံရသော ထုတ်ပြန်ချက် သာဖြစ်သည်။”
“၎င်းကို အလွန်အင်အားကြီးမားသူ(ကောင်းကင်တမန်)က သင်ကြားပို့ချပေးခဲ့သည်။”
(ကျမ်းမြတ်ကုရ်အာန် ၅၃:၂-၅)
စူရာဟ်နဂျ်မ်တွင် ကောင်းကင်တမန်ဂျီဗရီးလ်(عليه السلام) ၏ မူလပုံစံကို နှစ်ကြိမ်မြင်ဖူးခဲ့သည့် တမန်တော်မြတ်(ﷺ) နှင့် အံ့ဖွယ်တုံ့ပြန်ပုံကိုလည်း ဖော်ပြထားပါတယ်။ ထိုအဖြစ်အပျက်သည် အလ္လာဟ်(سبحانه وتعالى) ၏ မျက်မှောက်တွင် နောက်ဆုံးတမန်တော်ဟူသည့် တမန်တော်မြတ်(ﷺ)၏ အဆင့်ကို အတည်ပြုရန်အတွက် အထူးတလည် ချီးမြှင့်ခဲ့သည့် ကောင်းချီးလက်ဆောင်တစ်ခု ဖြစ်ခဲ့ပါတယ်။
“(၎င်း၏)စိတ်နှလုံးက တွေ့မြင်ခဲ့သောအရာများနှင့်ပတ်သက်၍လွဲမှားမှုမရှိခဲ့ပေ။”
“ထို့နောက်လည်း အသင်တို့သည်၎င်းတွေ့မြင်ခဲ့သည့်အရာများတွင်အငြင်းအခုံ ပြုနေကြသေးသလော။”
“ထို့ပြင် ၎င်း(တမန်တော်)သည် သူ(ကောင်းကင်တမန်) ကိုဒုတိယအကြိမ် ဆင်းသက်ရာတွင် အမှန်ပင် တွေ့မြင်ခဲ့ သည်။”
“စိဒ်ရသုလ်မွန်သဟာနယ်စပ်၌ရှိသည့်ဆီးပင်၏အနီးတွင်”
“ထိုဆီးပင်အနီးတွင် ဂျန္နသိုလ်မအ်ဝါသုခဘုံရှိသည်။”
“တစ်ခါက ဆီးပင်ကိုဖုံးလွှမ်းနေသည့်အရာများသည် ဖုံးလွှမ်းနေသည်။”
“(၎င်း၏)မျက်စိသည် လွဲချော်ခဲ့သည်လည်းမရှိပေ။ ကျော်လွန်သွားခဲ့သည် လည်းမရှိပေ။”
“၎င်းသည် ၎င်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ကြီးကျယ်သော သက်သေလက္ခဏာများကို အမှန်ပင် တွေ့မြင်ခဲ့သည်”
(ကျမ်းမြတ်ကုရ်အာန် ၅၃:၁၁-၁၈)
အထက်ပါအာယဟ်များသည် ကောင်းကင်တမန်ဂျီဗရီးလ်(عليه السلام) ၏ မူလပုံစံကို တမန်တော်မြတ်(ﷺ) မြင်တွေ့ခဲ့သည့် အခြေအနေ ၂ ရပ်ကို ဖော်ပြထားပါတယ်။ ပထမအကြိမ်သည် တမန်တော်ဘဝ၏ အစပိုင်းရက်များအတွင်း မိုးကုပ်စက်ဝန်းပေါ်တွင် ဖြစ်ပါတယ်။ ဒုတိယအကြိမ်သည် တခြားမည်သည့်လူသားမှ မြင်တွေ့နိုင်ခွင့်မရှိခဲ့ဖူးသည့်အရာများကို တမန်တော်မြတ်(ﷺ) မြင်တွေ့ခဲ့သည့် ညကောင်းကင်ခရီး (မေရာ့ဂျ်) အတွင်း ဖြစ်ပါတယ်။
ကျန်စူရာဟ်များတွင် ဂျန္နဟ်၏ အံ့ဖွယ်အသေးစိတ်ဖော်ပြချက်များကို အကျယ်တဝင့်ဖော်ပြထားပြီး အထူးသဖြင့် အမြွှာစူရာဟ်နှစ်ပုဒ်ဖြစ်သည့် စူရာဟ် အလ်-ရဟ်မာန် (အနန္တကရုဏာတော်ရှင် ကဏ္ဍ) နှင့် စူရာဟ် အလ်-ဝါကိအဟ် (အဖြစ်အပျက် ကဏ္ဍ) တို့တွင် တွေ့ရှိနိုင်ပါတယ်။ ထိုစူရာဟ်နှစ်ပုဒ်သည် မတူညီသည့်အီမာန်ရှင်နှစ်မျိုးအတွက် မတူညီသည့် ဂျန္နဟ်အဆင့် နှစ်ခု ကို ဖော်ပြထားသည့် စူရာဟ်များဖြစ်ကြပါတယ်။ မတူညီသည့် ဂျန္နဟ်အဆင့်ဆိုသည်မှာ သာမာန်မွတ်စ်လင်မ်တို့အတွက် ယေဘုယျဂျန္နဟ်နှင့် အလ္လာဟ်(سبحانه وتعالى) အား သူမတူအောင် ခဝပ်ကိုးကွယ်ကြသည့် စစ်မှန်သည့် အီမာန်ရှင်များအတွက် ပိုမိုအဆင့်မြင့်သည့် ဂျန္နဟ် ကို ဆိုလိုခြင်းဖြစ်ပါတယ်။
ကျွန်မတို့အားလုံးသည် အီမာန်ရှင်များထဲမှ ဖြစ်ပြီး
“(ထိုလက်ယာဘက်သားများထဲတွင်) ပထမလူများထဲမှ ကြီးကျယ်သောအုပ်စုကြီးတစ်ခုနှင့်၊”
“နောက်လူများထဲမှ ကြီးကျယ်သည့်အုပ်စု ကြီးတစ်ခုတို့ပါဝင်ကြမည်။”(ကျမ်းမြတ်ကုရ်အာန် ၅၆:၃၉-၄၀) ဟုဖော်ပြထားသည့်အတွက် သာမာန်အီမာန်ရှင်များသည် ကျွန်မတို့အားလုံးအတွက် မျှော်လင့်ချက်သယ်ဆောင်လာပေးပါတယ်။ တစ်ချိန်တည်းမှာပင်
“(ထိုအထဲတွင်)ပထမလူများထဲမှ များပြားသည့်အုပ်စုကြီးတစ်ခု ရှိမည်။”
“ထို့ပြင် နောက်လူများထဲမှ အနည်းငယ်ရှိကြမည်။” (ကျမ်းမြတ်ကုရ်အာန် ၅၆:၁၃-၁၄) ဟု ဖော်ပြထားသည့်အတွက် စစ်မှန်သည့်အီမာန်ရှင်တို့အတွက် ဂျန္နဟ်ဘုံ၏ အသေးစိတ်ဖော်ပြချက်များသည် ကျွန်မတို့အတွက်ရှင်သန်နေထိုင်ရာတွင် ပန်းတိုင်တစ်ခုအဖြစ် ကျွန်မတို့မှတ်ယူထားသင့်ပါတယ်။ ထိုအာယဟ်များ၏ သိမ်မွေ့နက်နဲသည့် အံ့ဖွယ်တစ်ခုကတော့ အချိန်ကြာမြင့်လာသည်နှင့်အမျှ အီမာန်ရှင်အရေအတွက် တဖြည်းဖြည်းတိုးပွားလာချိန်တွင် စစ်မှန်သည့်အီမာန်ရှင်အရေအတွက်ကတော့ တဖြည်းဖြည်းဆုတ်ယုတ်လာလိမ့်မည်ဟု ညွှန်ပြထားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်က ကျွန်မတို့ မျိုးဆက်တွေတစ်ခုပြီးတစ်ခုကူးပြောင်းလာချိန်မှာ မှန်ကန်ကြောင်း သက်သေပြုခဲ့ပြီး ဖြစ်ပါတယ်။
ကျမ်းမြတ်ကုရ်အာန်ထဲမှ ဂျန္နဟ်သုခဘုံ၏ အသေးစိတ်ဖော်ပြချက်များသည် ကျွန်မတို့အတွက် အကောင်းဆုံးကြိုးစားဖို့ လှုံ့ဆော်ပေးနေသည့် ခွန်အားတစ်ခုအဖြစ် မှတ်ယူသင့်ပါတယ်။ ကျွန်မတို့အခက်အခဲဖြစ်ချိန်များတွင် အကယ်၍ ကျွန်မတို့ကသာ စိတ်ရှည်သည်းခံမယ်ဆိုရင် အာခေရဟ်မှာ ပိုကောင်းတဲ့ဘဝတစ်ခုက ကျွန်မတို့ကို စောင့်နေကြောင်း သတိပေးနေပါတယ်။ ကျွန်မတို့အချိန်ကောင်းတွေကြုံနေရချိန်တွင် အလ္လာဟ်(سبحانه وتعالى) အား ခဝပ်ကိုးကွယ်ခြင်းကို တသတ်မတ်တည်း ဆက်လက်ထိန်းသိမ်းထားသင့်သလို အာခေရဟ်ကိုကျော်ပြီး ဒွန္နယာဟ်အရေးကို ဦးစားမပေးဖို့ သတိပေးနေပါတယ်။ ထို့ကြောင့် ထိုစူရာဟ်များကို မကြာခဏရွတ်ဆိုပြီး အာယဟ်များ၏ နက်နဲသည့် အဓိပ္ပါယ်များကို လေ့လာတွေးတော သုံးသပ်ခြင်းသည် ကျွန်မတို့အတွက် များစွာ အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းသည် ကျွန်မတို့အား တကယ့်ဘဝသည် အာခေရဟ်သာဖြစ်ပြီး အာခေရဟ်ကိုဦးတည်ပြီး နေထိုင်တတ်ဖို့ ခွန်အားများစွာရရှိရန် အကူအညီပေးပါလိမ့်မည်။
