အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ နှစ်ဆယ့်ခြောက်
စူရာဟ် အလ်-ဖသဟ် (အောင်နိုင်ခြင်းကဏ္ဍ) သည် ဟုဒိုင်ဗိယဟ် စစ်ပြေငြိမ်းစာချုပ် (The Treaty of Hudaibiyah) အပြီးတွင် ဝဟီကျလာခဲ့ခြင်းဖြစ်ပါတယ်။ ဟီဂျ်ရာဟ်အပြီး ၆ နှစ် ဇူလ်ကအ်ဒါဟ် (Dhul Qa’dah) လ တွင် အွမ္မရဟ်ပြုလုပ်ဖို့ ရည်ရွယ်ချက်ဖြင့် တမန်တော်မြတ်(ﷺ) သည် ကိုယ်တော်၏ ဆွဟာဗဟ်များနှင့်အတူ မဒီနာမြို့မှ မက္ကာဟ်မြို့သို့ ထွက်ခွါလာခဲ့ကြပါတယ်။ တမန်တော်မြတ်(ﷺ) သည် မက္ကာဟ်သို့ ငြိမ်းအေးစွာဖြင့် ဝင်ရောက်ခဲ့ကာ အွမ္မရဟ်ပြုလုပ်ခဲ့သည့် အိပ်မက်တစ်ခုကို မက်မြင်ခဲ့ပါတယ်။ တမန်တော်များ၏ အိပ်မက်များသည် ဝဟီပုံစံတစ်မျိုးဖြစ်သည့်အတွက် တမန်တော်မြတ်(ﷺ) သည် ထိုအိပ်မက်ကို ကောင်းခြင်းနိမိတ်တစ်ခုအဖြစ် မှတ်ယူခဲ့ပြီး မက္ကာဟ်မြို့သို့ ခရီးထွက်လာခဲ့ပါတယ်။
ကူရေ့ရှ်တို့တွေဟာ တမန်တော်မြတ်(ﷺ) တို့ လူစုကို မက္ကာဟ်မြို့သို့ ဝင်ခွင့်ပြုသင့်၊ မပြုသင့် အငြင်းအခုံဖြစ်ခဲ့ကြတဲ့အတွက် ခရီးထွက်လာကြသူများသည် ဟုဒိုင်ဗိယဟ်လို့ခေါ်သည့် မက္ကာဟ်မြို့အပြင်ဘက်မှ နေရာတစ်ခုတွင် ရပ်နားခဲ့ကြရပါတယ်။ တစ်ဖက်တွင် ကူရေ့ရှ်တို့အတွက် ငြိမ်းချမ်းစွာဝတ်ပြုရန်လာရောက်သူတို့ကို တားဆီးခြင်းသည် အမြင်မတင့်တယ်မှုကို ဖြစ်စေနိုင်ပါတယ်။ တခြားတစ်ဖက်တွင် တမန်တော်မြတ်(ﷺ) အား မက္ကာဟ်မြို့သို့ ပြန်လည်ဝင်ရောက်ခြင်းကို ခွင့်ပြုလိုက်ခြင်းသည် ကူရေ့ရှ်တို့အရေးနိမ့်သွားပြီး မွတ်စ်လင်မ်တို့ အင်အား ကြီးထွားလာခြင်းကို အသိအမှတ်ပြုခြင်းရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။
ဆွေးနွေးမှုများစွာလုပ်ပြီးချိန်တွင် ကူရေ့ရှ်တို့၏ သံတမန် စူဟေးလ် အိဗ်နု အမရ် မှ မွတ်စ်လင်မ်တို့အား စစ်ပြေငြိမ်းရေးစာချုပ်တစ်ခုကို အဆိုပြုခဲ့ပါတယ်။ စာချုပ်ပါ သတ်မှတ်ချက်များသည် ကူရေ့ရှ်တို့ဘက်မှ များစွာအရေးသာနေခဲ့ပါတယ်။ မွတ်စ်လင်မ်တို့သည် အိမ်သို့ ပြန်သွားကြရမည်ဖြစ်ပြီး တစ်နှစ်ကြာသည်အထိ အွမ္မရဟ်ပြုခွင့်မရှိတော့ပါဘူး။ အစ္စလာမ်သာသနာကို စွန့်ပယ်မည့်သူတိုင်းသည် မက္ကာဟ်မြို့သို့ ပြောင်းရွှေ့နိုင်ခွင့်ရှိပါတယ်။ သို့သော်လည်း မက္ကာဟ်မြို့မှ အစ္စလာမ်သာသနာကို လက်ခံသူများသည် မဒီနာဟ်မြို့သို့ ဝင်ရောက်နိုင်ခွင့်မရှိတော့ပါဘူး။ ထိုအထဲတွင် စူဟေးလ် လက်မှ လွတ်မြောက်ရန် အကူအညီပေးဖို့ မွတ်စ်လင်မ်တို့အား အသနားခံထားသည့် စူဟေးလ်၏သား အဗူဂျန်ဒလ်ကို ပြန်လွှတ်ပေးခြင်းဖြင့် စာချုပ်၏ သဘောတူညီချက်ကို စတင်ဖို့ ပါဝင်ပါတယ်။
တမန်တော်မြတ်(ﷺ) သည် ထိုစစ်ပြေငြိမ်းရေးစာချုပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး အဗူဂျန်ဒလ်အား သူ့ဖခင်ထံသို့ ပြန်အပ်လိုက်ချိန်တွင် မွတ်စ်လင်မ်တို့မှာ အလွန်ပင် အံ့အားသင့်ခဲ့ကြပါတယ်။ ဘာတွေဖြစ်ပျက်ကုန်တာလဲ မတွေးတောတတ်ကြတော့သည့်အခါ မွတ်စ်လင်မ်တို့မှာ အရေးနိမ့်ပြီဟု ခံစားခဲ့ရကာ စိတ်ပျက်အားလျော့ခဲ့ကြပါတယ်။ အုမရ် အိဗ်နု အလ်-ခတ္တာဗ်(رضي الله عنه) သည် သူ၏ စိုးရိမ်ကြောင့်ကြမှုအား နှုတ်မှ ထုတ်ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း အဗူဗကရ်(رضي الله عنه) မှ တမန်တော်မြတ်(ﷺ) လုပ်သမျှအရာတိုင်းသည် အမြဲတမ်း အီမာန်သက်ဝင်ယုံကြည်သူများအတွက် အကောင်းဆုံးအကျိုးကျေးဇူးရဖို့အတွက်သာဖြစ်ကြောင်းကို အုမရ် အိဗ်နု အလ်-ခတ္တာဗ်(رضي الله عنه) အား အခိုင်အမာပြောခဲ့ပါတယ်။
မွတ်စ်လင်မ်တို့ မဒီနာမြို့သို့ ပြန်လာရာလမ်းတွင် စူရာဟ် အလ်-ဖသဟ် ၏ အဖွင့်အာယဟ်များ ဝဟီကျလာခဲ့ပြီး စစ်ပြေငြိမ်းစာချုပ်သည် အီမာန်သက်ဝင်ယုံကြည်သူတို့အတွက် ပိုမိုများပြားသည့် အောင်နိုင်မှုများဖြစ်ပေါ်လာစေမည့် အောင်ပွဲတစ်ခုဖြစ်ကြောင်း ကြေညာချက်ပါဝင်နေခဲ့ပါတယ်။
“အမှန်စင်စစ် ငါအရှင်မြတ်သည် အသင့်ကိုထင်ရှားသော အောင်မြင်မှုတစ်ခု ချီးမြှင့်တော်မူလိုက်ပြီဖြစ်သည်။”
“(ထိုသို့အောင်မြင်မှုပေးရခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် အသင်၏နောက်ဖြစ်လျော့နည်းမှုများနှင့် အသင်၏ရှေ့ ဖြစ်လျော့နည်းမှုများကို ခွင့်လွှတ်တော်မူရန်အတွက်၊ ထို့ပြင် အရှင်မြတ်၏ ကျေးဇူးတော်ကို အသင်၏အပေါ်တွင် ပြည့်ဝစေတော်မူရန်အတွက်၊ ထို့ပြင် အသင့်အား ဖြောင့်မတ်သော တရားလမ်းကို ညွှန်ကြားပြသတော်မူရန်အတွက်ဖြစ်သည်။”
“ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်အသင့်အား အားလုံးအပေါ်တွင် လွှမ်းမိုးသော ကူညီမှုကို ချီးမြှင့်ပေးသနား တော်မူရန်အတွက်လည်းဖြစ်သည်။”
“အရှင်မြတ်သည်ပင် အီမာန်ယုံကြည်သူများ၏စိတ်နှလုံးများထဲတွင် သူတို့၏ အီမာန်များနှင့်တကွ အီမာန် ထပ်တိုးစေရန်အတွက် စိတ်တည်ငြိမ်မှုကို ချပေးတော်မူခဲ့သည်။ ထို့ပြင် မိုးကောင်းကင်များနှင့် မြေပထဝီတွင်ရှိသော စစ်တပ်ဟူသမျှသည် အလ္လာဟ်အရှင်မြတ်ပင် စိုးပိုင်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့်အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။”
(ကျမ်းမြတ်ကုရ်အာန် ၄၈:၁-၄)
အထက်ပါအာယဟ်များကို ကြားရတဲ့အခါမှာ အုမရ် အိဗ်နု အလ်-ခတ္တာဗ်(رضي الله عنه) သည် လွန်စွာဝမ်းမြောက်ခဲ့ပြီး စိတ်လှုပ်ရှားခဲ့ကာ ထိုအာယဟ်အကြောင်းကို လိုက်ပါလာသည့် မွတ်စ်လင်မ်လူတန်းတို့အား သွားရောက်၍ ထပ်ဆင့်ပြန်လည်ပြောပြခဲ့ပါတယ်။ အကယ်၍ အလ္လာဟ်(سبحانه وتعالى) သည် ထိုစာချုပ်ကို အောင်ပွဲတစ်ခုဟု ခေါ်ခဲ့လျင် သေချာပေါက် ထိုစာချုပ်သည် အောင်ပွဲတစ်ခု မုချဖြစ်မည်ဆိုသည်ကို အုမရ် အိဗ်နု အလ်-ခတ္တာဗ်(رضي الله عنه) သိနေခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ်။
ထိုစစ်ပြေငြိမ်းစာချုပ်သည် စီရာဟ် (တမန်တော်မြတ်(ﷺ) ၏ ဘဝဇာတ်ကြောင်း) ထဲတွင် အဓိက အလှည့်အပြောင်းတစ်ခုအဖြစ် သက်သေပြုခဲ့ပါတယ်။ စစ်ပြေငြိမ်းမှုသည် အာရေဗျလူမျိုးများကြား ပြန့်နှံ့သွားပြီး လူအများသည် စစ်ပွဲအတွက်စိုးကြောက်စိတ်မရှိတော့ဘဲ သူတို့ကိုယ်တိုင် ဒါဝဟ်ကို ကြားနာခွင့်ရခဲ့ကာ အစ္စလာမ်သာသနာ၏ စစ်မှန်သည့် အလှကို ခံစားခွင့်ရခဲ့ကြပါတယ်။ အာရေဗျမျိုးနွယ်စုအကုန်လုံး အစ္စလာမ်သာသနာကို လက်ခံခဲ့ကြသည့်အတွက် နှစ်အနည်းငယ်အကြာတွင် လူထောင်ပေါင်းများစွာ အစ္စလာမ်သာသနာသို့ ကူးပြောင်းလာခဲ့ကြပါတယ်။
ဟုဒိုင်ဗိယဟ်စစ်ပြေငြိမ်းရေးစာချုပ်ချုပ်အပြီး နောက်နှစ်တွင် တမန်တော်မြတ်(ﷺ) နှင့် ဆွဟာဗဟ်များသည် ငြိမ်းချမ်းစွာဖြင့် အွမ္မရာဟ်ကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြပါတယ်။ တမန်တော်မြတ်(ﷺ) ၏ အိပ်မက်သည်လည်း အမှန်တကယ် လက်တွေ့ဖြစ်လာခဲ့ပြီး ဒါက အစတစ်ခုမျှသာဖြစ်ခဲ့ပါတယ်။ မက္ကာန်များစွာသည် အစ္စလာမ်သာသနာသို့ ကူးပြောင်းလာခဲ့ကြပါတယ်။ ထို့သို့ကူးပြောင်းပြီးနောက် စာချုပ်အရ မဒီနာဟ်သို့ မရွှေ့ပြောင်းနိုင်ကြသည့်အတွက် ထိုမွတ်စ်လင်မ်များသည် မက္ကာဟ်အပြင်ဘက်တွင် သူတို့၏ ကိုယ်ပိုင်လူထုအသိုင်းအဝိုင်းတစ်ခု ဖွဲ့စည်းခဲ့သည့်အတွက် ကျန်မက္ကာန်တို့အတွက် ကြီးမားသည့် အနှောင့်အယှက်တစ်ခု ဖြစ်လာခဲ့ကြပါတယ်။ နောက်ဆုံးတွင် မက္ကာန်တို့သည် အစ္စလာမ်သာသနာသို့ကူးပြောင်းသူများအား မဒီနာဟ်သို့ ပြောင်းရွှေ့ခွင့်ပြုလိုက်ပြီး စာချုပ်ပါ စည်းကမ်းချက်များကို ပြန်လည် ပြင်ဆင်ခဲ့ကြပါတယ်။
ထိုအဖြစ်အပျက်ပြီးသည့်နောက်တွင် အွသ်မန်း အိဗ်နု တလ်ဟာ(رضي الله عنه)၊ ခါလစ်ဒ် အိဗ်နု ဝါလစ်ဒ် (رضي الله عنه)၊ အမရ် အိဗ်နု အလ်-အာစ် (رضي الله عنه) နှင့် တမန်တော်မြတ်(ﷺ) ၏ ဦးလေးတော် အဗ္ဗက်စ်(رضي الله عنه) တို့အပါအဝင် မက္ကာဟ်မှ ခေါင်းဆောင်အမြောက်အများ နောက်ဆုံးတွင် မဒီနာဟ်သို့ ပြောင်းရွှေ့ခဲ့ကြသည့်အတွက် မက္ကာမြို့သည် ပြင်းထန်သည့် အင်အားယိုစီးမှုကို ကြုံတွေ့ခဲ့ကြရပါတယ်။ အီမာန်သက်ဝင်ယုံကြည်သူအင်အားသည် ကျွန်မတို့ တွေးထင်နိုင်သည်ထက် ပိုမို လျင်မြန်စွာ တိုးပွားလာနေခဲ့ပါတယ်။
နောက်ဆုံးတွင် မက္ကာန်တို့သည် စစ်ပြေငြိမ်းစာချုပ်ကို ဖောက်ဖျက်လာခဲ့ကြသည့်အတွက် အပြန်အလှန်အားဖြင့် တမန်တော်မြတ်(ﷺ) သည် စစ်သည် တစ်သောင်းကျော်ကို ဦးဆောင်ကာ မက္ကာဟ်မြို့သို့ စစ်ချီလာခဲ့ပြီး ငြိမ်းချမ်းစွာဖြင့် အောင်ပွဲကို ရရှိခဲ့ပါတယ်။ ဟုဒိုင်ဗိယဟ်စစ်ပြေငြိမ်းရေးစာချုပ်သည် ငြိမ်းချမ်းသည့် ဒါဝဟ် ပြုခြင်း၏ အင်အားကို သက်သေပြနိုင်ခဲ့ပြီး မွတ်စ်လင်မ်တို့၏ အကြီးမားဆုံးသော အောင်ပွဲအဖြစ်လည်း သက်သေပြုခဲ့ပါတယ်။
အချိန်တိုလေးအတွင်းမှာပင် အာရေဗျအကုန်လုံးတို့သည် မွတ်စ်လင်မ်များ ဖြစ်လာခဲ့ကြပြီး တမန်တော်မြတ်(ﷺ) ၏ တမန်တော်တာဝန်သည်လည်း ပြီးမြောက်ခဲ့ပြီး ဖြစ်ပါတယ်။ ထိုအချိန်မှစ၍ မွတ်စ်လင်မ်တို့၏ ကမ္ဘာသည် ဆက်တိုက် ကြီးထွားလာခဲ့ပြီး နှစ်ထောင်ပေါင်းများစွာအကြာ ယနေ့တိုင်အောင် ဆက်လက်ကြီးထွားလျက်ရှိပါတယ်။ ဟုဒိုင်ဗိယဟ်အောင်ပွဲသည် Ripple Effect (လှိုင်းဂယက်အကျိုးသက်ရောက်မှု) အားဖြင့် အစ္စလာမ်သာသနာ ကမ္ဘာတစ်ခုလုံးသို့ စတင်ပျံ့နှံ့သွားစေခဲ့သည့် အချက်အချာ အခိုက်အတန့်လည်း ဖြစ်ခဲ့ပါတယ်။ (ဒီနေရာမှာ Ripple Effect ဆိုတာက ကျောက်ခဲတစ်တုံးကို ရေထဲပစ်ချလိုက်ရင် ကျောက်ခဲက ရေမြုပ်သွားပေမဲ့ လှိုင်းဂယက်လေးတွေက ဘေးနားကနေ အဝေးကြီးအထိ ရေပြင်မှာထင်ကျန်နေခဲ့သလိုမျိုး the Treaty of Hudaibiyah မှာ သဘောတူလက်မှတ်ထိုးခြင်းအားဖြင့် ဒါဝဟ်၏ ငြိမ်းချမ်းမှုတရားကို လူတွေသိမြင်ခံစားခွင့်ရခဲ့ပြီး အစ္စလာမ်သာသနာတွင်းသို့ တဖြည်းဖြည်း လူများစွာ ကူးပြောင်းလာသည့် အကျိုးသက်ရောက်မှုရှိခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။)
