အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ နှစ်ဆယ့်ငါး
မက္ကာန်ခေတ်အတွင်းမှာ လူထုအသိုင်းအဝိုင်းတစ်ခုလုံးကို အကြီးအကျယ်ထိခိုက်စေခဲ့တဲ့ ငတ်မွတ်ခေါင်းပါးခြင်းအချိန်ကာလတစ်ခု မက္ကာဟ်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ ကူရေ့ရှ်တို့က ဒီငတ်မွတ်ခေါင်းပါးခြင်း အဆုံးသတ်သွားရန် ဆုတောင်းဝတ်ပြုမှုပြုလုပ်ဖို့ တမန်တော်မြတ်(ﷺ) အား အမေးရှိခဲ့ကြပါတယ်။ တမန်တော်မြတ်(ﷺ) သည်လည်း ဆုတောင်းဝတ်ပြုမှုပြုလုပ်ခဲ့ပြီး ထိုငတ်မွတ်ခေါင်းပါးမှု ပပျောက်ခဲ့ပါတယ်။ ဒီလိုအခြေအနေကြုံရတာတောင် ကူရေ့ရှ်တို့က သူတို့ရဲ့ အီမာန်သက်ဝင်ယုံကြည်မှုမရှိခြင်းအပေါ်ကို စွဲမြဲစွာလက်ကိုင်ထားပြီး အစ္စလာမ်သာသနာအား ဆက်တိုက်ကို ငြင်းဆန်နေခဲ့ကာ မွတ်စ်လင်မ်တို့အား ဘေးအန္တရာယ်ပြုနေခဲ့ကြပါတယ်။ အလ္လာဟ်(سبحانه وتعالى) သည် ထိုအခြေအနေကို စူရာဟ် ဒုခါန်း (အခိုးအငွေ့များကဏ္ဍ) ၏ အဖွင့်အာယဟ်များတွင် ဦးတည်ဖြေရှင်းထားပါတယ်။
“သို့ဖြစ်ရာအသင်သည်မိုးကောင်းကင်မှ ထင်ရှားသောအခိုးအငွေ့ဖြစ်ပေါ်လာမည့်နေ့ကိုပင်စောင့်နေပါ။”
“ထိုအခိုးအငွေ့ များသည် လူသားအားလုံးကို ဖုံးလွှမ်းသွားမည်။ ဤသည် အလွန်နာကျင်စေသော ပြစ်ဒဏ်ပင် ဖြစ်မည်။”
“(သူတို့က ပန်ကြားကြလိမ့်မည်)။ အို – ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ပြစ်ဒဏ်ကို ကျွန်ုပ်တို့မှ ဖယ်ရှားပေးသနားတော်မူပါ။ အမှန်စင်စစ် ကျွန်ုပ် တို့သည် အီမာန် ယုံကြည်ကြပါတော့မည်။”
“သူတို့အတွက် အဘယ်မှာလျှင် သတိတရားရရှိခြင်းသည် ရှိတော့မည်နည်း။ အမှန်စင်စစ် သူတို့ထံသို့ (အမှန်တရားကို) ထင်ရှားအောင်ပြသသော တမန်တော်သည် ရောက်ရှိခဲ့ပြီးဖြစ်သည်။”
“ထို့နောက် သူတို့သည် ထိုတမန်တော်ဘက်မှ မျက်နှာလွှဲခဲ့ကြသည်။ ထို့ပြင် သူတို့က (တမန်တော်သည် သူတစ်ပါး၏) သင်ကြားပို့ချမှုကို ခံရသူ၊ ရူးသွပ်နေသူဟုစွပ်စွဲပြောဆိုခဲ့ကြသည်။”
“အမှန်စင်စစ် ငါအရှင်မြတ်သည် အချိန်အနည်းငယ် ပြစ်ဒဏ်ကို ဖယ်ရှားပေးတော်မူမည်ဆိုလျှင်လည်း အမှန်စင်စစ် အသင်တို့သည် (မူလ အခြေအနေအတိုင်းပင်)ပြန်လာကြမည်ပင်ဖြစ်သည်။”
(ကျမ်းမြတ်ကုရ်အာန် ၄၄:၁၀-၁၅)
တမန်တော်မြတ်(ﷺ)၏ တမန်တော်ဘဝ ဖြစ်တည်မှုအတွက် တိကျသေချာသည့် သက်သေများစွာကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နေရသည့်တိုင် ကူရေ့ရှ်ခေါင်းဆောင်တို့က အီမာန်သက်ဝင်ယုံကြည်မှုမရှိခြင်းကို စွဲမြဲစွာ ဆုပ်ကိုင်ထားကြပါတယ်။ ဒီလိုဖြစ်နေရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ ကူရေ့ရှ်တို့ရဲ့ မောက်မာပြီး မာန်မာန ထောင်လွှားမှုကြောင့်ပဲ ဖြစ်ပါတယ်။ ကူရေ့ရှ်တို့အတွက် အလ္လာဟ်(سبحانه وتعالى) သည် တမန်တော်အဖြစ် ဝလီဒ် အစ်ဗ်နု မူဂီးရာဟ် ကဲ့သို့ အကျော်အမော်တွေကို ကျော်လွန်ပြီး ဗနူဟာရှင်မ်မျိုးနွယ်စုမှ မိဘမဲ့တစ်ဦးကို ရွေးချယ်ခဲ့သည့်အတွက် လက်မခံနိုင်အောင် ဖြစ်ခဲ့ကြရတယ်။ အလ္လာဟ်(سبحانه وتعالى) သည် ထိုကဲ့သို့သော စိတ်ထားမျိုးရှိခြင်းကို စူရာဟ် ဇုခ်ရုဖ် (ရွှေကဏ္ဍ) ထဲတွင် တိုက်ရိုက် ဦးတည်မိန့်ကြားထားပါတယ်။
“ထို့ပြင် သူတို့က ဤကုရ်အာန်ကျမ်းတော်မြတ်သည်(မက္ကဟ်မြို့နှင့် သွာအိဖ်မြို့)နှစ်မြို့မှလူကြီးလူကောင်း တစ်ဦးတစ်ယောက်အပေါ်တွင် အဘယ့်ကြောင့် ချပေးခြင်း မခံခဲ့ရသနည်းဟု ပြောဆိုခဲ့ကြသည်။”
“အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာဖြစ်သော တမန်တော်အဖြစ်ခန့်အပ်ခြင်းကို သူတို့ကပင် ခွဲဝေပေးကြသလော။ (အမှန်စင်စစ်)ငါအရှင်မြတ်သည် ဤဘဝတွင် သူတို့၏ အသက်မွေးဝမ်းကျောင်းကိစ္စကိုပင် သူတို့၏ အကြား၌ ခွဲဝေပေးထားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ ထဲမှ အချို့သည် အချို့ကို အခိုင်းအစေပြုလုပ်နိုင်ရန် သူတို့ထဲမှ အချို့ကို အချို့ထက် အဆင့်အတန်းများ မြှင့်တင်ပေးတော်မူခဲ့သည်။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာတော်သည် သူတို့ ရှာဖွေစုဆောင်းနေကြသည်များထက် ပိုကောင်းမြတ်သည်။”
(ကျမ်းမြတ်ကုရ်အာန် ၄၃:၃၁-၃၂)
ထိုစူရာဟ်ဇုခ်ရုဖ်ထဲမှ နောက်ထပ်အာယဟ်အချို့သည် မက္ကာန်ခေတ်အတွင်း ပေါ်ပေါက်ခဲ့သည့် အခြားဖြစ်စဉ်တစ်ခုကို ဦးတည်ထားပါတယ်။ ကူရေ့ရှ်တို့တွေသည် အီမာန်သက်ဝင်ယုံကြည်မှုမရှိကြပေမဲ့ စည်းစိမ်ဥစ္စာများစွာကို စုဆောင်းထားနိုင်ခဲ့ကြပြီး တစ်ချိန်တည်းမှာပဲ မွတ်စ်လင်မ်များစွာတို့က နက်ရှိုင်းစွာ အီမာန်သက်ဝင်ယုံကြည်နေကြတာတောင်မှ ငွေကြေးရေးဆိုင်ရာ အခက်အခဲဖြစ်မှုများ ရှိနေခဲ့ကြပါတယ်။ အစ္စလာမ်သာသနာသို့ စတင်ကူးပြောင်းလာခဲ့ကြသည့် အီမာန်သက်ဝင်ယုံကြည်သူအချို့က အလ္လာဟ်(سبحانه وتعالى) သည် အဘယ့်ကြောင့် အီမာန်ရှင်များထက် အစ္စလာမ့်ရန်သူတွေကို ပိုမိုကြွယ်ဝချမ်းသာမှုပေးထားရသလဲဆိုပြီး နားမလည်နိုင်ဖြစ်ခဲ့ကြပါတယ်။
ထိုအကြောင်းနှင့်ပတ်သက်၍ ဤဒွန္နယာဟ်မှာ ကြွယ်ဝချမ်းသာတယ်ဆိုတာက အာခေရဟ်နှင့် ယှဉ်ရင် ဘာမှဟုတ်ဘူးဆိုတဲ့အချက်ကို အလ္လာဟ်(سبحانه وتعالى) မှ ရှင်းလင်းစွာ မိန့်ကြားထားပြီး ဖြစ်ပါတယ်။ ငွေရေးကြေးရေးကြွယ်ဝမှု၊ အဖိုးထိုက်တန်မှုဆိုတာက အလ္လာဟ်(سبحانه وتعالى) မျက်မှောက်တွင် အဖိုးထိုက်တန်မှုနှင့် မတူညီနေပါဘူး။ ဤဒွန္နယာဟ်မှာ ပြည့်စုံကြွယ်ဝမှုဆိုတာက အရမ်းကို သေးငယ်နည်းပါးပါတယ်။ အလ္လာဟ်(سبحانه وتعالى) သည် ကာဖိရ်များအား ပို၍ပို၍ သာလွန်ကောင်းမွန်မှုတွေ မချီးမြှင့်ထားခြင်းသည် အီမာန်အားနည်းသည့် မွတ်စ်လင်မ်တို့အတွက် ကာဖိရ်အဖြစ်သို့ ကူးပြောင်းနိုင်ချေမှ တားဆီးနိုင်ဖို့အတွက်သာဖြစ်ကြောင်းကို အောက်ပါအာယဟ်များတွင် ရှင်းလင်းစွာဖော်ပြထားပါတယ်။
“ထို့ပြင် အကယ်၍ လူများအားလုံးသည် (ကုဖ်ရ်ငြင်းပယ်သည့်) သာသနာဝင် အုပ်စုတစ်ခုတည်း ဖြစ်သွားကြရန် (စိုးရိမ်စရာ)အကြောင်းမရှိခဲ့လျှင် အနန္တ ကရုဏာတော်ရှင်ကို သွေဖည်ငြင်းပယ်သူများအတွက် အမှန်ပင် ငါအရှင်မြတ်သည် သူတို့၏ နေအိမ်များ၏ အမိုးများကို ငွေနှင့်ပြုလုပ်ပေးတော်မူခဲ့မည်ဖြစ်သည်။ ထို့ပြင် လှေကားများကိုလည်း (ငွေနှင့်ပြုလုပ်ပေးတော်မူခဲ့မည်ဖြစ်သည်)သူတို့သည်ထို(လှေကားများနှင့်)အမိုးပေါ်သို့ တက်ကြ မည်ဖြစ်သည်။”
“ထို့ပြင် သူတို့နေအိမ်များ၏ တံခါးများနှင့်သူတို့မှီထိုင်ကြသော ခုတင်များကိုပါ (ငွေနှင့်ပြုလုပ်ပေးတော်မူခဲ့မည်ဖြစ်သည်)။”
“ထို့ပြင် (ထိုပစ္စည်းများကို) ရွှေနှင့်လည်း (ပြုလုပ်ပေးတော်မူခဲ့မည်ဖြစ်သည်)။ သို့ရာတွင် ဤအရာများသည် ဤဘဝ၏ အသုံးအဆောင်များပင် ဖြစ်သည်။ ထို့ပြင် တမလွန်ဘဝကမူ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင် ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများအတွက် ဖြစ်သည်။”
(ကျမ်းမြတ်ကုရ်အာန် ၄၃:၃၃-၃၅)
ယခုဘဝမှာ အလ္လာဟ်(سبحانه وتعالى) သည် အီမာန်ရှင်များနှင့် ကာဖိရ်တို့အား မတူညီသည့် ဝင်ငွေအခြေအနေပေးထားခြင်းအားဖြင့် စမ်းသပ်နေပါတယ်။ အချို့သော အီမာန်ရှင်များသည် ချမ်းသာကြွယ်ဝမှုတွေ၊ ပိုင်ဆိုင်မှုတွေ တိုးပွားလာနေချိန်တွင် အချို့က အဆင်မပြေနေကြသလို အချို့က ဘဝရဲ့ စီးပွားရေး အခြေအနေ မတူညီမှုမျိုးစုံကို ကျော်ဖြတ်နေကြရပါတယ်။ ဒီလိုတူညီတဲ့အခြေအနေမျိုးက ကာဖိရ်တွေမှာလည်း ရှိနေပါတယ်။ လူတစ်ယောက်ရဲ့ ငွေရေးကြေးရေး ကြွယ်ဝမှုအဆင့်အတန်းက အလ္လာဟ်(سبحانه وتعالى) မျက်မှောက်မှာ ထိုလူရဲ့ တန်ဖိုးကို ထင်ဟပ်မှုမဖြစ်စေပါဘူး။
ချမ်းသာကြွယ်ဝသူတွေတိုင်းက အလ္လာဟ်(سبحانه وتعالى) အချစ်ခံသူရတွေမဟုတ်သလို ဆင်းရဲနွမ်းပါးသူတိုင်းက အလ္လာဟ်(سبحانه وتعالى) စွန့်ပစ်ထားသူတွေ မဟုတ်ကြပါဘူး။ လူတိုင်းက မတူညီသည့်အခြေအနေတွေမှာ စမ်းသပ်ခံနေရမှာဖြစ်ပြီး အလ္လာဟ်(سبحانه وتعالى) ထံတော်တွင် တန်ဖိုးရှိသူဆိုတာက သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေကို သူတို့အကောင်းဆုံး ဘယ်လိုဖြေရှင်းသလဲဆိုတာကပဲ ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ချမ်းသာကြွယ်ဝတဲ့ လူတစ်ယောက် အလ္လာဟ်(سبحانه وتعالى) အမိန့်ကို နာခံမယ်၊ ရက်ရောပေးကမ်းမယ်၊ သနားကရုဏာကြီးမားမယ်ဆိုရင် အလ္လာဟ်(سبحانه وتعالى) ရှေ့မှာ မြင့်မားတဲ့အဆင့်အတန်းတစ်ခု ကို ပိုင်ဆိုင်မှာပဲဖြစ်တယ်။ ထို့နည်းတူစွာပင် ဆင်းရဲနွမ်းပါးမှုနှင့် ဤဒွန္နယာဟ်မှာ စမ်းသပ်ခံနေရသူတစ်ယောက် အလ္လာဟ်(سبحانه وتعالى) အပေါ်မှာ ယုံကြည်မှုထားမယ်၊ စိတ်ရှည်မယ်၊ အလုပ်ကြိုးစားမယ်၊ အလ္လာဟ်(سبحانه وتعالى) ချီးမြှင့်ပေးထားတဲ့အရာတိုင်းအတွက် ကျေးဇူးတင်မယ်၊ တင်းတိမ်ရောင့်ရဲစိတ်ထားတတ်ဖို့ ကြိုးစားနေမယ်ဆိုရင် ထိုသူသည်လည်း အလ္လာဟ်(سبحانه وتعالى) ရှေ့မှောက်မှာ မြင့်မားတဲ့အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ရမှာပဲ ဖြစ်တယ်။ ဒီဘဝမှာ၊ ဒွန္နယာဟ်မှာ ကျွန်မတို့တွေရဲ့ ပိုင်ဆိုင်မှုဆိုတာက ကျွန်မတို့ရဲ့ အဆင့်အတန်းကို မဆုံးဖြတ်ပေးနိုင်သလို ကျွန်မတို့ရဲ့ ဘာသာတရားကိုင်းရှိုင်းမှုနှင့် စစ်မှန်တဲ့ ကျွန်မတို့တွေရဲ့ စိတ်နှလုံးသားကသာ အဆုံးသတ်မှာ အရေးပါတာဖြစ်ပါတယ်။
