အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ နှစ်ဆယ့်တစ်
ပါရာနှစ်ဆယ့်တစ်သည် မက္ကာဟ်မြို့သားများအား တမန်တော်မြတ်(ﷺ) ဒါဝဟ်ပြုလုပ်နေချိန်အတွင်း ကျလာခဲ့သည့် မက္ကာန်စူရာဟ်အများစုနှင့် ဖွဲ့စည်းထားပါတယ်။ စူရာဟ်ရူးမ် (ရောမနိုင်ငံကဏ္ဍ) သည် ဖန်ဆင်းခံများအတွင်း အလ္လာဟ်(سبحانه وتعالى)၏ မြောက်များစွာသော သက်သေလက္ခဏာများ နှင့် အလ္လာဟ်(سبحانه وتعالى) တည်ရှိနေမှု၏ သက်သေပြချက်များစွာကို အဓိကထားဖော်ပြထားပါတယ်။ တစ်ချိန်တည်းမှာပဲ စူရာဟ်ရူမ်းသည် အလ္လာဟ်(سبحانه وتعالى) မှ ချပေးထားခြင်းဖြစ်ပြီး မည်သည့်လူသား၏ စိတ်ထဲမှလာခြင်းမျိုးမဟုတ်ကြောင်း ရှင်းလင်းစွာသက်သေပြုနေသည့် ဟောကိန်းတစ်ခုနှင့် အစပြုထားသည့်အတွက် စူရာရူမ်းသည် တမန်တော်မြတ် (ﷺ) ၏ တမန်တော်ဘဝဖြစ်တည်မှုအတွက် သက်သေပြချက်တစ်ခုလည်း ဖြစ်ပါတယ်။
စူရာဟ်ရူးမ်သည် ရောမတို့ ပါရှန်များအား စစ်ရှုံးနေချိန်တွင် ကျလာခဲ့ခြင်းဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြတဲ့ ရောမတို့ထက်စာလျင် သာသနာရေးအရ ပါရှန်တွေက သူတို့နှင့် ပိုနီးကပ်မှုရှိတယ်လို့ မြင်ခဲ့ကြတဲ့ မက္ကာဟ်မှ ပေကန်တို့က ဒီသတင်းကို ကြားတဲ့အခါ စိတ်လှုပ်ရှားခဲ့ကြပါတယ်။
ရောမအင်ပါယာအတွက် အခြေအနေတွေ အရေးနိမ့်သည့်ဘက်သို့ပြောင်းလဲလာခဲ့ပြီး ဒီအင်အားကြီးမားတဲ့ အင်ပါယာကြီးရဲ့ အဆုံးသတ်ရောက်ခါနီးလို့ ထင်လာခဲ့ရပါတယ်။ ရောမတို့ရဲ့ အရေးအကြီးဆုံးနယ်မြေအများစုက ပါရှန်သို့လက်တွင်းဆင်းသက်ခဲ့ရပြီးတော့ ရောမတို့အတွက် မျှော်လင့်ချက်လုံးဝကင်းမဲ့နေခဲ့ပါတယ်။ ထိုအချိန်က အလ္လာဟ်(سبحانه وتعالى) မှ အောက်ပါဟောကိန်းကို ချပေးခဲ့သည့် အခိုက်အတန့်လည်း ဖြစ်ခဲ့ပါတယ်။
“ရောမနိုင်ငံသားများသည် (စစ်)ရှုံးကြပြီဖြစ်သည်။”
“(စအူဒီ အရဗ်နှင့်) နီးကပ်ဆက်စပ်နေသော ( ဆီးရီးယား) တိုင်းပြည်တွင်၊ ထို့ပြင် သူတို့သည် သူတို့ (စစ်)ရှုံးကြပြီးနောက် မကြာမီ သူတို့သည် အောင်နိုင်ကြမည်။”
“အနည်းငယ်နှစ်ကာလ၌ပင်ဖြစ်သည်။ အမိန့်အာဏာသည် ယခင်ကလည်း အလ္လာဟ်အရှင်မြတ်၌ပင် ရှိခဲ့သည်။ နောင်တွင်လည်း (အရှင်မြတ်ထံတော်၌သာရှိနေမည်ဖြစ်သည်)။ ထိုနေ့တွင် အီမာန်ယုံကြည်သူများသည် ဝမ်းမြောက်ကြလိမ့်မည်။”
“အလ္လာဟ်အရှင်မြတ်၏ ကူညီမှုကြောင့်ပင်ဖြစ်သည်။ အရှင်မြတ်သည် အရှင်မြတ် အလိုရှိတော်မူသောသူကို ကူညီတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်လွှမ်းမိုးတော်မူသော၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။”
“(ဤသည်) အလ္လာဟ်အရှင်မြတ်၏ ကတိပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ပြုထားတော်မူသည့်ကတိကို ဖောက်ဖျက်တော် မမူပေ။ သို့ရာတွင်လူအများစုသည်မသိကြပေ။”
(ကျမ်းမြတ်ကုရ်အာန် ၃၀:၂-၆)
ဒီဟောကိန်းက အလွန်ကို ရှင်းလင်းပြတ်သားခဲ့သလို အခြေအနေတွေ အထပ်ထပ် ပါဝင်နေပါတယ်။ အလ္လာဟ် (سبحانه وتعالى) မှ ရောမတို့တွေဟာ နှစ်အနည်းငယ်အတွင်းမှာ အောင်မြင်မှုရကြလိမ့်မယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီအာယဟ်တွေမှာ အသုံးပြုထားတဲ့ အာရဗ္ဗစ်စကားလုံးက ဒီအောင်နိုင်မှုသည် ဆယ်နှစ်အတွင်းဖြစ်လာလိမ့်မည်ဟု ညွှန်ပြနေခဲ့ပါတယ်။ အလ္လာဟ် (سبحانه وتعالى) မှ ထိုအောင်နိုင်သည့်နေတွင် အီမာန်သက်ဝင်ယုံကြည်သူများသည် အလ္လာဟ်(سبحانه وتعالى)၏ ထောက်ခံမှုကြောင့် ဝမ်းမြောက် ပျော်ရွှင်နေကြလိမ့်မည်ဟုလည်း ကတိပြုထားခဲ့ပါတယ်။ ထိုအာယဟ်တို့သည် ဤအကြောင်းအရာတို့သည် အလ္လာဟ်(سبحانه وتعالى) ၏ ကတိပင်ဖြစ်ပြီး အလ္လာဟ်(سبحانه وتعالى) သည် ပြုထားသည့်ကတိကို ဖောက်ဖျက်တော်မူမည့် အရှင်မဟုတ်ကြောင်းကို ဖော်ပြခြင်းဖြင့် အဆုံးသတ်ထားပါတယ်။
ထိုအချိန်တွင် အထက်ပါအာယဟ်တို့သည် အဓိက ဟောကိန်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကို ဗဟိုပြုထားတဲ့ ဒါဝဟ်ရဲ့ ခိုင်မာမှုက ဆယ်စုနှစ်တစ်ခုစာအတွင်း အကောင်အထည်ပေါ်လာခဲ့ပြီး ဒီအကြောင်းအရာက မွတ်စ်လင်မ်တို့ လွှမ်းမိုးနိုင်စွမ်း လုံးဝမရှိခဲ့တဲ့ နယ်မြေအသစ်တွေကို ပျံ့နှံ့သွားခဲ့ပါတယ်။
“The History of the Decline and Fall of the Roman Empire” ကို ရေးသားခဲ့တဲ့ Edward Gibbon က သူ၏စာအုပ်ထဲတွင် “ထိုကြိုတင်ခန့်မှန်းချက်ထွက်ပေါ်လာခဲ့ချိန်တွင် Heraclius ၏ ပထမဆယ့်နှစ်နှစ်အုပ်ချုပ်မှုတွင် အင်ပါယာပြိုကွဲတော့မည်ဟု ကြေညာခဲ့သည့်အတွက် ထိုဟောကိန်းက အမှန်တကယ်ဖြစ်လာနိုင်မဲ့ပုံ နည်းနည်းလေးတောင် မရှိနေခဲ့ပါဘူး။” ဟု ပြောခဲ့ပါတယ်။
(Edward Gibbon, The History of the Decline and Fall of the Roman Empire <London: Electric Book Co., 2001>, 8:94)
ဟောကိန်းသည် ခန့်မှန်းထားခဲ့သည့်အတိုင်း အတိအကျ ဖြစ်ပေါ်လာခဲ့ပါတယ်။ နှစ်အနည်းငယ်အတွင်းမှာ ရောမတို့သည် ကစားပွဲကို လုံးဝပြန်လှန်လိုက်နိုင်ခဲ့ပြီး ပါရှန်တွေလက်ထဲမှ သူတို့ရဲ့ နယ်မြေအကုန်လုံးကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ရောမတို့ ဂျေရုဆလင်မ်ကို ပြန်လည်သိမ်းယူနိုင်ခဲ့တဲ့ တစ်နေ့တည်းမှာပဲ မွတ်စ်လင်မ်တို့က ဗဒရ်စစ်ပွဲကို အောင်နိုင်ခြင်းအားဖြင့် မက္ကာန်တို့အား ပြန်လည်အနိုင်ယူနိုင်ခဲ့ပါတယ်။ ဟောကိန်းသည် ဝဟီချပေးခဲ့သည့်အတိုင်း အတိအကျ ဖြစ်ပေါ်လာခဲ့ပြီး တမန်တော်မြတ်(ﷺ) သည် အမှန်စင်စစ် စစ်မှန်သည့် တမန်တော်ဖြစ်ကြောင်းနှင့် ကျမ်းမြန်ကုရ်အာန်သည် အမှန်စင်စစ် အလ္လာဟ်(سبحانه وتعالى) ထံမှသာ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အဓိသက်သေပြချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ပါရာနှစ်ဆယ့်တစ်၏ အရေးကြီးသည့် အခြားစူရာဟ်တစ်ပုဒ်မှာ စူရာဟ်လွတ်က်မာန် ဖြစ်ပါတယ်။ မက္ကာဟ်မှ ပေကန်တို့က ဉာဏ်ပညာကြီးမားသည့် လွတ်က်မာန်အား စံပြပုဂ္ဂိုလ်အနေနှင့် အထင်ကြီးလေးစားခဲ့ကြပါတယ်။ ထိုစူရာဟ်လွတ်က်မာန်ထဲတွင် လွတ်က်မာန်သည် သူ၏သားအား အလ္လာဟ်(سبحانه وتعالى) တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန် သင်ကြားပေးခဲ့သည့် ဖန်ဆင်းရှင်တစ်ပါးတည်းသာခဝပ်ကိုးကွယ်သူဖြစ်ပြီး သူ၏ဘဝတစ်လျောက်လုံးတွင်လည်း အလ္လာဟ်(سبحانه وتعالى) ကိုသာ အလုပ်အကျွေးပြုရင်း ရှင်သန်နေထိုင်သည့်သူဖြစ်ကြောင်း အလ္လာဟ်(سبحانه وتعالى) မှ ဝဟီချပေးခဲ့ပါတယ်။ မက္ကာန်တို့က သူတို့ရဲ့ အပြုအမှုတွေ၊ ကိုယ်ကျင့်တရားတွေကို လွတ်က်မာန်ထံမှ နာယူကျင့်သုံးခဲ့ကြပေမဲ့ အရေးအကြီးဆုံးဖြစ်တဲ့ လွတ်က်မာန်ရဲ့ သာသနာသက်ဝင်ယုံကြည်မှုအယူဝါဒအတိုင်း လိုက်နာကျင့်သုံးဖို့ လျစ်လျူရှုခဲ့ကြပါတယ်။
လွတ်က်မာန်၏ ဘဝဇာတ်ကြောင်းအလယ်တွင် အကယ်၍ ကျွန်မတို့ရဲ့ မိဘများမှ ကျွန်မတို့အား မကောင်းမှုကျူးလွန်ခိုင်းလာပါက မလိုက်နာရန်နှင့် မိဘများအား သနားကြင်နာစွာနှင့် ကရုဏာတရားဆက်လက်ထားရှိဖို့ အားကောင်းသည့် သတိပေးချက်တစ်ခု ပါဝင်ပါတယ်။ ထိုသတိပေးချက်သည် မက္ကာန်ခေတ်ဦးပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်တစ်ခုကြောင့် ဝဟီကျလာခဲ့ခြင်းလည်း ဖြစ်ပါတယ်။ Sad Ibn Abi Waqqas (رضي الله عنه) သည် အစ္စလာမ်သာသနာသို့ အစောဆုံး ကူးပြောင်းခဲ့သူများထဲမှ တစ်ဦးဖြစ်ပါတယ်။ အတိအကျပြောရလျင် သူသည် အစ္စလာမ်သာသနာကိုလက်ခံခဲ့သည့် ခုနှစ်ယောက်မြောက် ဖြစ်ပါတယ်။ သူ၏ မိခင်သည် အစ္စလာမ်သာသနာကို ပြင်းထန်စွာ ဆန့်ကျင်ခဲ့ပြီး အကယ်၍ Sad (رضي الله عنه) သာ ဗာဟီရဝါဒ (Paganism) သို့ ပြန်လည်မကူးပြောင်းခဲ့ဖူးဆိုလျင် အစာငတ်ခံဆန္ဒပြဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အောက်ပါအာယဟ်များသည် မိဘများ၏ အခွင့်အရေးနှင့် အလ္လာဟ်(سبحانه وتعالى)၏ အခွင့်အရေးကို ရှင်းလင်းပြထားခဲ့ပါတယ်။
“ထို့ပြင် ငါအရှင်မြတ်သည် လူသားအား သူ၏မိဘနှစ်ပါးနှင့် ပတ်သက်၍ အမိန့်ပေးတော်မူခဲ့သည်။ သူ၏မိခင်သည် ချည့်နဲ့မှုအပေါ် တွင် ချည့်နဲ့မှုနှင့် သူ့အား လွယ်ပိုက်ထားခဲ့သည်။ ထို့ပြင် ၂နှစ်ရောက်သည့်အခါ(မှသာလျှင်) နို့ဖြတ်သည်။ (သို့ဖြစ်ရာ) အသင်သည် ငါအရှင်မြတ်နှင့် အသင်၏မိဘနှစ်ပါးအား ကျေးဇူးတင်ပါ။ (အသင်၏)ပြန်လှည့်ရာဌာနသည် ငါအရှင်မြတ်ထံတော်၌သာဖြစ်သည်။”
“ထို့ပြင် အကယ်၍ ထို မိဘနှစ်ပါးက အသင့်တွင် အထောက်အထားမရှိသည့် အရာတစ်စုံတစ်ခုကို ငါအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ရန် အသင့်အား အကျပ်ကိုင်ကြိုးစားခဲ့လျှင် အသင်သည် ထိုမိဘနှစ်ပါး၏ (ထို)အမိန့်ကို မနာခံနှင့်၊ ထို့ပြင် အသင်သည် ဤဘဝတွင် ထိုမိဘနှစ်ပါးနှင့် ကောင်းမွန်စွာဆက်ဆံပါ။ ထို့ပြင် အသင်သည်ငါအရှင်မြတ်ဘက်သို့ တစ်စိတ်တစ်လက်နှင့် ပြန်လှည့်သူ၏လမ်းစဉ်ကိုလိုက်နာပါ။ ထို့နောက် အသင်တို့သည် ငါအရှင်မြတ်ထံတော်သို့ ပြန်လှည့်လာကြရမည်ဖြစ်သည်။ ထို့နောက် ငါအရှင်မြတ်သည် အသင်တို့ပြုလုပ်ခဲ့ကြသည်များကို အသင်တို့အား အသိပေးတော်မူမည်ဖြစ်သည်။”
(ကျမ်းမြတ်ကုရ်အာန် ၃၁:၁၄-၁၅)
Sad Ibn Abi Waqqas (رضي الله عنه) သည် ထိုအာယဟ်များအတိုင်း နေထိုင်ခဲ့ပါတယ်။ သူသည် အစ္စလာမ်သာသနာကို စွန့်ပစ်ရန် ငြင်းဆိုခဲ့သော်လည်း သူ့မိခင်အား ရိုသေလေးစားမှုပေးသည့် သားတစ်ယောက်အနေဖြင့် ဆက်လက်နေထိုင်ခဲ့ပါတယ်။ Sad Ibn Abi Waqqas (رضي الله عنه) သည် အနာဂတ်တွင် အစ္စလာမ်သာသနာကိုဆန့်ကျင်နေသည့် မိဘများ (သို့) ဆွေမျိုးများနှင့် ဆက်ဆံနေရသည့် နောင်မွတ်စ်လင်မ် (အစ္စလာမ်သာသနာသို့ကူးပြောင်းလာသူ) တိုင်းအတွက် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဝဟီက ရှင်းလင်းလှပါတယ်၊ ထိုသူတို့ကို ကောင်းမွန်စွာဆက်ဆံရန်နှင့် အလ္လာဟ်(سبحانه وتعالى) အားဆန့်ကျင်ခြင်းတွင် ထိုသူတို့အား မနာခံရန်ပဲ ဖြစ်ပါတယ်။
ပါရာနှစ်ဆယ့်တစ်သည် အလ္လာဟ်(سبحانه وتعالى)၏ သက်သေတော်များနှင့် သောင်ဟီဒ်သစ္စာတရား၏ အရေးပါမှုအကြောင်း သတိပေးချက်များနှင့် ပြည့်နှက်နေပါတယ်။ ထိုအထဲ၌ ယနေ့ခေတ်တွင် ကျွန်မတို့ အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်မှုဆိုင်ရာအယူဝါဒ၏ အဓိကအခြေခံအုတ်မြစ်ဖြစ်လာသည့် ဖိသရာဟ် (လူသားတို့၏ သဘာဝတရားအရယုံကြည်သက်ဝင်မှုများ) အကြောင်းကို သီးသန့်ဖော်ပြထားသည့် အာယာဟ်တစ်ကြောင်းလည်း ပါဝင်နေပါတယ်။
“သို့ဖြစ်ရာ အသင်သည် အလ္လာဟ်အရှင်မြတ်က လူသားများကို ဖန်ဆင်းတော်မူခဲ့သော သဘာဝအရည်အချင်း အတိုင်း အသင်၏မျက်နှာကို (မှန်ကန်သည့်) သာသနာပေါ်တွင် တစ်စိတ်တစ်လက်တည်း အာရုံစူးစိုက်ပြီး ခိုင်မြဲစွာထားပါ။ အလ္လာဟ် အရှင်မြတ်၏ ဖန်ဆင်းမှုတွင် မည်သည့်ပြောင်းလဲမှုမျှမရှိပေ။ ဤသည် ဖြောင့်မတ်မှန်ကန်သော သာသနာ ဖြစ်သည်။ သို့ရာတွင် လူအများစုသည် မသိနားမလည်ကြပေ။”
(ကျမ်းမြတ်ကုရ်အာန် ၃၀:၃၀)
ပါရာနှစ်ဆယ့်တစ်တွင် နမာဇ်ဝတ်ပြုခြင်း၊ နှိမ့်ချစွာဆက်ဆံတတ်ခြင်း၊ အပြန်အလှန်စဉ်းစားသုံးသပ်ခြင်းနှင့် ကောင်းမွန်သည့် အကျင့်စာရိတ္တရှိခြင်းတို့၏ အရေးကြီးပုံကို ဆွေးနွေးထားမှုများစွာ ပါရှိနေပါတယ်။ ထိုအစောပိုင်း စူရာဟ်များသည် အစောပိုင်းအစ္စလာမ်သာသနာသို့ ကူးပြောင်းလာသည့် မက္ကာန်တို့အတွက် သက်ဝင်ယုံကြည်မှုဆိုင်ရာအယူဝါဒနှင့် ကိုယ်ကျင့်တရားတို့အား ပုံဖော်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍ မှ ပါဝင်နေပါတယ်။
