အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ နှစ်ဆယ့်နှစ်
စူရာဟ် အဟ်ဇားဗ် (မဟာမိတ်များကဏ္ဍ)သည် ထရန့်ချ်စစ်ပွဲကျရောက်ခါနီး ဟီဂျ်ရာဟ်အပြီး ၅ နှစ်အကြာတွင် ဝဟီကျလာခဲ့ပါတယ်။ ထရန့်ချ်စစ်ပွဲအတွင်းဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်များစွာတို့ကြောင့် စူရာဟ် အဟ်ဇားဗ်တွင် ဝဟီချပေးရခြင်းအကြောင်းအရင်း တိကျစွာရှိနေတဲ့ အာယဟ်အများစု ပါဝင်နေပါတယ်။ ပါရာနှစ်ဆယ့်နှစ်ရှိ ကျန်စူရာဟ်များကတော့ ဖန်ဆင်းရှင်တစ်ပါးတည်းသာခဝပ်ကိုးကွယ်သည့်အယူဝါဒ (Monotheism) ကို အဓိကထားဖော်ပြထားသည့် အစောပိုင်းမက္ကာန်စူရာဟ်များဖြစ်ကြပါတယ်။ သို့သော် ယခုအပိုင်းတွင် စူရာဟ် အဟ်ဇားဗ် ကျလာရသည့် အကြောင်းအရင်းအချို့ကို အဓိကထားဖော်ပြသွားပါမယ်။
စူရာဟ်အဟ်ဇားဗ်သည် ထိုနှစ်တွင် မွတ်စ်လင်မ်တို့ကို ဆန့်ကျင်ရန် စုပေါင်းခဲ့ကြသည့် မျိုးနွယ်စုများ၏ မဟာမိတ်ဖွဲ့ခြင်း (Ahzab=Confederation) ကြောင့် စူရာဟ်အဟ်ဇားဗ်ဟု အမည်တွင်ခဲ့ခြင်းဖြစ်ပါတယ်။ အစ္စလာမ်သာသနာကို တစ်ကြိမ်တည်းနဲ့ အမြစ်ဖြတ်သုတ်သင်ချင်ကြတဲ့အတွက် ကူရေ့ရှ်တို့သည် တခြားသောမျိုးနွယ်စုများစွာနှင့် မဟာမိတ်ဖွဲ့ခဲ့ကာ ဟီဂျ်ရာအပြီး ၅ နှစ် ရှောင်ဝါလ်လတွင် မဒီနာဟ်သို့ စစ်ချီလာခဲ့ကြပါတယ်။ ထို့အတွက်ကြောင့် မွတ်စ်လင်မ်တို့မှာ လွန်စွာ လူအင်အားမမျှတမှုဖြစ်ပွားခဲ့ပါတယ်။
တမန်တော်မြတ်(ﷺ) သည် ကိုယ်တော်၏ ဆွဟာဘာအားလုံးနှင့် အတူတကွစုရုံးခဲ့ကြပြီး အလားလာရှိနိုင်တဲ့ နည်းဗျူဟာများနှင့် ဖြေရှင်းနည်းများစွာကို ဆွေးနွေးခဲ့ကြပါတယ်။ ဆွဟာဘာတစ်ဦးဖြစ်သည့် ပါရှန်း လူမျိုး Salman က ပါရှန်တွေလုပ်ခဲ့ကြသလိုမျိုး မဒီနာဟ်၏ ဟာကွက်ဖြစ်နိုင်မည့်နေရာများနှင့် ဟင်းလင်းပြင်ဖြစ်နေသည့်အခြမ်းများတစ်ဝိုက်တွင် မြောင်း(Ditch) တစ်ခုတည်ဆောက်ဖို့ အကြံပြုခဲ့ပါတယ်။ ထိုအကြံကို တမန်တော်မြတ်(ﷺ) မှ သဘောတူညီခဲ့ပြီး မြောင်းတစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။
Ahzab (မဟာမိတ်တပ်ဖွဲ့များ)သည် လူအရေအတွက်များများ မြောင်းကို မဖြတ်ကျော်နိုင်ခဲ့ကြပါဘူး။ ရလဒ်အနေဖြင့် ထိုစစ်ပွဲသည် တိုက်ပွဲအသေးစားများဖြစ်ပေါ်လျက် ရန်သူ့တပ်၏ ဝိုင်းရံထားခြင်းကို ခံခဲ့ရပါတယ်။ နှစ်ဖက်လုံးမှ မျှော်လင့်ထားသည့်အချိန်ထက် ပို၍ကြာမြင့်စွာစောင့်ဆိုင်းနေရတဲ့အတွက် မကြာခင်မှာ အစာရေစာပြတ်လတ်စပြုလာပါတော့တယ်။ အားကောင်းလှတဲ့လေပြင်းတစ်ခုက ရန်သူ့တပ်မှ တဲများကိုဖြတ်၍ တိုက်ခတ်ခဲ့ပြီး သူတို့ရဲ့ ရိက္ခာများကိုဖျက်ဆီးခဲ့ပြီး တပ်ပြန်ဆုပ်ဖို့ကို တွန်းအားဖြစ်သွားစေခဲ့ပါတယ်။ မွတ်စ်လင်မ်တို့သည် အလ္လာဟ်(سبحانه وتعالى) ၏ အကူအညီဖြင့် စစ်ပွဲကို အနိုင်ရခဲ့ပါတယ်။ ထိုအောင်နိုင်မှုအကြောင်းကို စူရာဟ်အဟ်ဇားဗ်ထဲတွင် အသေးစိတ် ဖော်ပြထားပါတယ်။
“အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အသင်တို့အပေါ်တွင် (ပြုတော်မူခဲ့သည့်) အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို ပြန်လည် သတိရကြပါ။ တစ်ခါက အသင်တို့ထံသို့ စစ်တပ် အမြောက်အမြားသည် (တိုက်ခိုက်ရန်)ချီတက်လာခဲ့ကြသည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုစစ်တပ်များအပေါ်တွင် လေပြင်းတစ်ခုနှင့် အသင် တို့မမြင်ရသောစစ်တပ်များကို စေလွှတ်(သုတ်သင်စေ)တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်အသင်တို့ပြုလုပ်နေသည်များကိုအလွန် မြင်တော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူသည်။”
“ထိုစဉ်က ထိုစစ်တပ်များသည်အသင်တို့၏အထက်ဘက်မှသာမကအသင်တို့၏အောက်ဘက် မှလည်း ချီတက်လာခဲ့ကြသည်။ ထို့ပြင်ထိုစဉ်က(ကြောက်လန့်ပြီး)မျက်စိများသည် ပြူးကျယ်သွားခဲ့ကြသည်။ ထို့ပြင် နှလုံးများသည်လည်း လည်မျို များသို့ ရောက်ရှိသွားခဲ့ကြသည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် အမျိုးမျိုး ထင်မြင်ယူဆချက်များကို ထင်မြင်ယူဆခဲ့ကြသည်။”
“ထိုအခါတွင် အီမာန် ယုံကြည်သူများသည် စမ်းသပ်မှုခံခဲ့ရသည့်အပြင် ပြင်းထန်စွာ တုန်လှုပ်ချောက်ချားစေခြင်းကိုလည်း ခံခဲ့ကြရသည်။”
(ကျမ်းမြတ်ကုရ်အာန် ၃၃:၉-၁၁)
စူရာဟ်အဟ်ဇားဗ်ထဲမှ အာယဟ်အများစုသည် ထိုနှစ်အတွင်းဖြစ်ပွားခဲ့သည့် အခြားအရေးကြီးသည့်ဖြစ်ရပ်များနှင့် စပ်ဆက်နေပါတယ်။ Tabanni (မွေးစားသားတစ်ယောက်ကို မိမိ၏သွေးရင်းသားရင်းတစ်ဦးအဖြစ် မှတ်ယူခြင်း) ၏ အယူအဆကိုလည်း ထိုစူရာဟ်ထဲတွင် ပယ်ဖျက်ခဲ့ပါတယ်။
“အလ္လာဟ်အရှင် မြတ်သည် မည်သည့်လူသားကိုမျှ သူ၏ခန္ဓာကိုယ်တွင် စိတ်နှလုံးနှစ်ခု ပြုလုပ်တော်မမူခဲ့ပေ။ ထို့ပြင် အရှင်မြတ်သည် အသင်တို့၏ အကြင်ဇနီး ကြင်ရာများအား“အသင်မသည် ကျွန်ုပ်အပေါ်တွင် မိခင်ကဲ့သို့ ဟရာမ်ဖြစ်သည်”ဟု ပြောဆို(ပြီး ဒွိဟာရ်ပြုလုပ်)ကြသောကြောင့် အသင်တို့၏ မိခင်များအဖြစ်ပြုလုပ်တော်မမူခဲ့ပေ။ ထို့ပြင် အရှင်မြတ်သည် အသင်တို့၏မွေးစားသားများကိုလည်း အသင်တို့၏သား (အရင်း)များအဖြစ်ပြုလုပ်တော် မမူခဲ့ပေ။ ထိုအရာများသည် အသင်တို့က အသင်တို့နှုတ်များဖြင့် ပြောဆိုကြသော အသင်တို့၏ (ဘောင်မဝင်သော)ပြောဆိုချက်ပင် ဖြစ် သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကမူ အမှန်ကို မိန့်ကြားတော်မူသည်။ ထို့ပြင် အရှင်မြတ်ကပင် (မှန်ကန်သည့်)လမ်းကို ညွှန်ကြားပြသတော်မူသည်။”
“အသင်တို့သည် သူတို့အား သူတို့၏ဖခင်(အရင်း)များနှင့် ဆက်စပ်ပြီး (မည်သူမည်ဝါ၏ သားဖြစ်သည်ဟု)ခေါ်ဝေါ်ကြပါ။ ထိုအရာပင် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တရားအမျှတဆုံးဖြစ်သည်။ ထို့ပြင် အကယ်၍ အသင်တို့သည် သူတို့၏ ဖခင်များကို မသိခဲ့ကြလျှင် သူတို့သည် အသင်တို့၏ သာသနာဝင် ညီအစ်ကိုများဖြစ်ကြသည့်အပြင်၊ အသင်တို့၏ မိတ်ဆွေများလည်း ဖြစ်ကြသည်။ ထို့ပြင် အသင်တို့အပေါ်တွင် အသင် တို့ မေ့မှားပြီးပြုလုပ်ခဲ့ကြသည့်ကိစ္စနှင့် ပတ်သက်၍ မည်သည့်အပြစ်မျှ မရှိပေ။ သို့ရာတွင် အသင်တို့၏ စိတ်က ကြံရွယ်ပြုလုပ်ခဲ့ကြသော ကိစ္စမှာမူ (အပြစ်)ရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ် ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။”
(ကျမ်းမြတ်ကုရ်အာန် ၃၃:၄-၅)
ထိုအာယဟ်များဝဟီကျလာချိန်တွင် ထိုကဲ့သို့တော်စပ်မှုအားလုံးတွင် သွေးသားအရင်းအချာနှင့် တော်စပ်ပုံကိုသာ ထင်ဟပ်နေစေရန် ပြန်လည်ပြောင်းလဲခဲ့ကြပါတယ်။ Zaid Ibn Haritha သည်လည်း Zaid Ibn Muhammad အမည်ကို ဆက်လက်မသုံးခဲ့သလို Abu Hudhaifa ၏ ကျွန်အဖြစ်မှလွှတ်ပေးခြင်းခံခဲ့ရသူ Salim သည်လည်း သူ့ကိုယ်သူ Salim Ibn Abi Hudhaifa ဟု သုံးနှုံးနေခြင်းမှ ရပ်တန့်ခဲ့ပါတယ်။ ဒီလိုအပြုအမှုများက သူတို့တွေဟာ ဝဟီကျလာတဲ့ ဥပဒေတွေနှင့် အမှန်တရားကို အပြည့်အဝလိုက်နာကျင့်သုံးကြောင်း ပြသနေခဲ့ပါတယ်။
စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရင်းတစ်ခုကြောင့် ဝဟီကျလာရခဲ့တဲ့ နောက်အာယဟ်တစ်ခုကတော့ စစ်မှန်စွာအီမာန်သက်ဝင်ယုံကြည်သူ အမျိုးသားနှင့် အမျိုးသမီးတို့၏ အရည်အသွေးများအားလုံးကို ဖော်ပြထားသည့် အာယဟ်ပဲဖြစ်ပါတယ်။ ထိုအာယဟ်ကျလာရခြင်းသည် တစ်ခါက Umm Salama (رضي الله عنها) မှ တမန်တော်မြတ်(ﷺ) အား ကျမ်းမြတ်ကုရ်အာန်ထဲတွင် စစ်မှန်စွာအီမာန်သက်ဝင်ယုံကြည်သူများ၏ အရည်အသွေးကိုဖော်ပြရာတွင် အမျိုးသားများကိုသာ အဘယ့်ကြောင့် ဖော်ပြထားရသနည်းဟု အမေးရှိခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ်။ များမကြာခင်မှာပဲ အောက်ပါအာယဟ် ဝဟီကျလာခဲ့ပါတယ်။
“အမှန်စင်စစ် မွတ်စ်လင်မ် ယောက်ျားများနှင့်မွတ်စ်လင်မ်မိန်းမများ၊ မုအ်မင်န်ယောက်ျားများနှင့် မုအ်မင်န်မိန်းမများ၊ အမိန့်နာခံသော ယောက်ျားများနှင့် အမိန့် နာခံသည့်မိန်းမများ၊ မှန်ကန်သော ယောက်ျားများနှင့် မှန်ကန်သည့်မိန်းမများ၊ သည်းခံသော ယောက်ျားများနှင့် သည်းခံသော မိန်းမများ၊ ကြောက်ရွံ့ ရိုကျိုးသောယောက်ျားများနှင့် ကြောက်ရွံ့ရိုကျိုးသော မိန်းမများ၊ အလှူဒါနပြုသော ယောက်ျားများနှင့်အလှူဒါနပြုသော မိန်းမများ၊ ဆွိယာမ်ဥပုသ် စောင့်ထိန်းသည့်ယောက်ျားများနှင့် ဆွိယာမ်ဥပုသ်စောင့်ထိန်းသည့်မိန်းမများ၊ မိမိအရှက်အင်္ဂါကို ထိန်းသိမ်းကြသော ယောက်ျားများနှင့် မိမိအရှက် အင်္ဂါကို ထိန်းသိမ်းကြသော မိန်းမများ၊ အလ္လာဟ်အရှင်မြတ်အား များစွာ သတိရတသသော ယောက်ျားများနှင့် အလ္လာဟ်အရှင်မြတ်အား များစွာ သတိရတသသောမိန်းမများ၊ ထိုသူများ(အားလုံး)အတွက် အလ္လာဟ်အရှင်မြတ်သည် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်သည့်အကျိုးကို အဆင်သင့်ပြုလုပ်ထားတော်မူသည်။”
(ကျမ်းမြတ်ကုရ်အာန် ၃၃:၃၅)
စူရာဟ်အဟ်ဇားဗ်တွင် ဝဟီကျလာခြင်းအတွက် ရှင်းလင်းသည့်အကြောင်းအရင်းများရှိနေသော အာယဟ်များစွာ ပါဝင်နေပါတယ်။ ထိုအထဲတွင် Zaynab (رضي الله عنها) ၏ နိကာဟ်အကြောင်းပါဝင်နေသည့် အာယဟ်များ၊ ပရ်ဒါ နှင့် ဆက်စပ်နေသည့် အာယာဟ်နှင့် တမန်တော်မြတ်(ﷺ) ၏ ကြင်ယာတော်အတွက် သီးသန့် စည်းမျဉ်းစည်းကမ်းများအကြောင်း နှင့်စပ်လျဉ်း၍ ကြင်ယာတော်တို့ကို ဦးတည်ရည်ညွှန်းထားသည့် အာယဟ်များ ပါဝင်နေပါတယ်။ ထိုဇာတ်ကြောင်းဖြစ်စဉ်တစ်ခုချင်းစီတိုင်းက မဒီနာဟ်ခေတ်တွင် ရရှီအသ်တရားတော် ဖွံ့ဖြိုးလာပုံကို ထင်ဟပ်နေစေပြီး ထိုအချိန်ကာလအတွင်း တမန်တော်မြတ်(ﷺ) ဖြတ်သန်းခဲ့ရသည့်ဘဝ အား မြင်ယောင်မိစေပါတယ်။
