Skip to content

ပါရာ နှစ်ဆယ့်ရှစ် (Juz Twenty Eight)

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ နှစ်ဆယ့်‌‌ရှစ်

 ပါရာနှစ်ဆယ့်ရှစ်တွင် မွတ်စ်လင်မ်တို့ မဒီနာဟ်မြို့တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲ၊ စိန်ခေါ်မှုများကို အနည်းငယ်သိမြင်စေနိုင်မည့် မဒီနန်စူရာဟ် အတိုများစွာ ပါဝင်နေပါတယ်။ ပါရာ၏ အစနှင့် အဆုံးစူရာဟ်များသည် ကွာရှင်းပြတ်စဲခြင်းနှင့် ဆက်စပ်နေသည့် အကြောင်းအရာများကို အဓိကထားဖော်ပြထားပါတယ်။ အဖွင့်စူရာဟ်သည် အလွန်စိတ်ဝင်စားစရာကောင်းသည့် အကြောင်းအရင်းတစ်ခုကြောင့် ဝဟီကျလာခဲ့သည့် စူရာဟ် အလ်-မုဂျာဒိလဟ် (စောဒကတက်သောအမျိုးသမီးကဏ္ဍ) ဖြစ်ပါတယ်။

 “တမန်တော်မြတ်(ﷺ) မပွင့်ခင်က အာရဗ်တွေမှာ ဓလေ့ထုံးစံတစ်ခုရှိခဲ့တယ်။ သူတို့ရဲ့ဇနီးနဲ့ မပေါင်းချင်တော့ရင် သူ့ရဲ့မိခင်နဲ့ တူတယ်လို့ပြောလိုက်တာနဲ့ ပြတ်စဲသွားတော့တယ်။ ပြန်ပေါင်းဖို့ နည်းလမ်းမရှိတော့ဘူး။ အဲဒီလိုနဲ့ ခေါင်လဟ် ဗင်သိ ဆအ်လဗတ် (رضي الله عنها) ဆိုတဲ့ မွတ်စ်လင်မ် အမျိုး သမီးဟာ သူ့ခင်ပွန်းက မိခင်နဲ့တူတယ်လို့ပြောပြီး မပေါင်းတော့တဲ့အတွက် တမန်တော်မြတ်(ﷺ) ထံမှာ လာရောက်တိုင်ကြားခဲ့တယ်။ ပြီးတော့ ကျွန်မ အသက်လည်းကြီးပါပြီ၊ ဒီကလေးတွေ တစ်ပြုံနဲ့ ကျွန်မဘယ်လိုနေထိုင်ရမလဲ စသဖြင့် ငိုယိုပြီး အရှင်မြတ်ထံတော်မှာလည်း တိုင်တည် လျှောက်ထားခဲ့တယ်။ အဲဒီအပေါ်မှာ ကောင်းကင်တမန် ဂျိဗ်ရီလ် (عليه السلام) သည် အောက်ပါအာယာဟ်ကို တမန်တော်မြတ်(ﷺ) ထံ ယူဆောင်လာခဲ့တာဖြစ်တယ်။”

(အလင်းပြကျမ်း) (ကိုးကားချက်: ဆရာဟာရှင်တင်မြင့်၊ ကျမ်းတော်မြတ်ကုရ်အာန်မြန်မာဘာသာပြန် စာမျက်နှာ ၅၄၃)

 “အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြင်အမျိုးသမီး၏ ပြောဆိုမှုကို ကြားတော်မူခဲ့ပြီဖြစ်သည်။ သူမသည် သူမ၏လင်ယောက်ျားနှင့် ပတ်သက်၍ အသင်နှင့် ငြင်းခုံပြောဆိုဆွေးနွေးသည့်အပြင် (သူမ)မကျေနပ်ကြောင်းအလ္လာဟ်အရှင်မြတ်ထံတော်တွင် ထုတ်ဖော်တိုင်တန်းသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှစ်ဦး ပြောဆိုကြသည်ကိုလည်း ကြားတော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ မြင်တော်မူသောအရှင်ဖြစ်တော်မူသည်”
(ကျမ်းမြတ်ကုရ်အာန် ၅၈:၁)

 ”အထက်ပါ အာယာဟ်သည် ဒုက္ခသည်အမျိုးသမီးရဲ့ ငိုကြွေးသံကို ကြားနာလက်ခံပြီး အမျိုးသမီးထုတစ်ရပ်လုံး တစ်သက်လုံး အခွင့်အရေးမဆုံးရှုံးရအောင် အရှင်မြတ်က ချက်ချင်း အမိန့်ချပေးတော်မူလိုက်တာဖြစ်တယ်။ သူတို့ရဲ့ ဇနီးကို သူတို့ရဲ့ မိခင်မဟုတ်ဘဲနဲ့ သူတို့ပါးစပ်တွေက လုပ်ကြံလိမ်လည်ပြောဆိုတဲ့အတွက် မိခင်လည်း ဖြစ်မသွားတဲ့အပြင် ဇနီးအဖြစ်ကလည်း ပြတ်စဲမသွားဘူး။ ဒါပေမဲ့ အဲဒီလို အမျိုးသမီးတွေကို နစ်နာအောင် မဟုတ်တာ တီထွင်ပြုလုပ်တာကြောင့် ဒဏ်ခတ်တဲ့အနေနဲ့ အဲဒီသူကို ကျေးကျွန်တစ်ဦး သူကောင်းပြုခိုင်းထားတာဖြစ်တယ်။ အဲဒါမတတ်နိုင်ရင် နှစ်လဆက်တိုက် စွောင်မ် ဥပုသ်စောင့်ရမယ်။ ဒါလဲမတတ်နိုင်ရင် ဆင်းရဲသား(၆ဝ)ကိုဗိုက်ဝအောင် ထမင်းနှစ်နပ်ကျွေးရမှာဖြစ်တယ်။ အဲဒါ ဆောင်ရွက်ပြီးမှ သူ့ဇနီးနဲ့ ပြန်ပြီး ကာမဆက်ဆံခွင့်ရှိမှာဖြစ်တယ်။”
(အလင်းပြကျမ်း) (ကိုးကားချက်: ဆရာဟာရှင်တင်မြင့်၊ ကျမ်းတော်မြတ်ကုရ်အာန်မြန်မာဘာသာပြန် စာမျက်နှာ ၅၄၃)

 ပါရာနှစ်ဆယ့်ရှစ်၏ အပိတ်စူရာဟ်သည် စူရာဟ် သဟ်ရီးမ် (တားမြစ်ခြင်းကဏ္ဍ)ဖြစ်ပြီး ထိုစူရာဟ်သည်လည်း ကွာရှင်းပြတ်စဲခြင်းသို့ ရောက်လုနီးပါးဖြစ်ခဲ့သည့် ဇာတ်ကြောင်းတစ်ပုဒ်နှင့် ဆက်စပ်နေပါတယ်။ ထိုဇာတ်ကြောင်းသည် ယခုပါရာတွင်ဖော်ပြရန် အနည်းငယ်ရှည်လျားနေပါသဖြင့် Sahih al-Bukhari, nos. 4913, 4914, 4915 တွင် အသေးစိတ်လေ့လာဖတ်ရှုရန် အကြံပြုအပ်ပါသည်။ ဇာတ်ကြောင်းအကျဉ်းချုံးတွင် အုမရ် ဗင်နု အလ်-ခတ္တာဗ် (رضي الله عنه) ၏ ဇနီးသည်နှင့် စကားအခန့်မသင့်ဖြစ်ခဲ့ရာမှ ဟဖ်ဆွဟ် (رضي الله عنها) နှင့် တမန်တော်မြတ်(ﷺ) သဘောထားကွဲလွဲမှုဖြစ်ခဲ့၍ တမန်တော်မြတ်(ﷺ) မှ တစ်ရက်တိတိစိတ်ဆိုးနေခဲ့သည်ကို အုမရ်(رضي الله عنه) မှ သိရှိသွားကြောင်း၊ ထိုအကြောင်းနှင့် ပတ်သက်၍ ဟဖ်ဆွဟ် (رضي الله عنها) ထံ အတည်ပြုခဲ့ကြောင်း၊ ကိုယ်တော်မြတ်မှ ဇနီးသည်များနှင့် ခေတ္တကင်းကွာ၍ ကိုယ်တော်တစ်ဦးတည်းနေထိုင်နေခဲ့ကြောင်းနှင့် နောက်ဆုံးတွင် တမန်တော်မြတ်(ﷺ) သည် ဇနီးသည်များနှင့် ပြန်လည်သင့်မြတ်ခဲ့ကြောင်း အစရှိသည်တို့ အသေးစိတ်ပါဝင်နေပါတယ်။

 အထက်ပါဖြစ်စဉ်မှ ကျွန်မတို့အား စီရာဟ် (တမန်တော်မြတ်(ﷺ) ၏ ဘဝဇာတ်ကြောင်း) ၏ လူသားသဘာဝအကြောင်းကို ပြသနေပါတယ်။ ဇနီးမောင်နှံကြား သဘောထားချင်းမတိုက်ဆိုင်ကြသည်ကို ဂုဏ်သိက္ခာရှိရှိ ကိုင်တွယ်ဖြေရှင်းရန်နှင့် တဖက်သား၏ အမြင်နှင့် ခံစားချက်ကို လေးစားမှုပေးရန် တမန်တော်မြတ်(ﷺ) မှ ကျွန်မတို့ကို သရုပ်ပြနေခဲ့ပါတယ်။

 ပါရာနှစ်ဆယ့်ရှစ်တွင် စူရာဟ် သွလာက် (သွလာက်ပေး ကွာရှင်းခြင်း ကဏ္ဍ) ပါဝင်နေပြီး ကျွန်မတို့ အထောက်အပံ့ဟူသမျှသည် အလ္လာဟ်(سبحانه وتعالى) တစ်ပါးတည်းထံမှသာ လာဖြစ်သည့်အတွက် ကျွန်မတို့တွေကို ဘာသာတရားကိုင်းရှိုင်းမှုရှိဖို့နှင့် အလ္လာဟ်(سبحانه وتعالى) အားယုံကြည်ဖို့ သတိပေးချက်နှင့် အစပြုထားပါတယ်။ ကွာရှင်းပြတ်စဲခြင်းသည် မကြာခဏဆိုသလို လူတိုင်းအတွက် သူတို့ရဲ့ အနာဂတ်၊ ငွေကြေးခိုင်ခံ့မှုနှင့် ပတ်သက်ပြီး စိုးရိမ်ကြလေ့ရှိသည့်အတွက် ထိုသတိပေးချက်သည် အရမ်းကို လျော်ညီသည့် အကြောင်းအရာတစ်ခုဖြစ်ပါတယ်။

 “ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့လျှင် အရှင်မြတ်သည်ထိုသူ့အတွက် ထွက်ပေါက်ဖန်တီးပေးတော်မူမည်။”

 “ထို့ပြင် အရှင်မြတ်သည် ထိုသူအား သူ မထင်သည့်နေရာမှ စားနပ်ရိက္ခာကို ပေးသနားတော်မူမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်တွင် ယုံပုံလွှဲအပ်လျှင် အရှင်မြတ်သည် သူ့အတွက် လုံလောက်တော်မူသည်။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် မိမိ၏အရေးကိစ္စကို ပြီးမြောက်အောင် ပြုလုပ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။ အမှန်မှာ အလ္လာဟ်အရှင်မြတ်သည် အရာအားလုံးအတွက် အချိန်အဆတစ်ခု ပြုလုပ်ထားတော်မူသည်။”

(ကျမ်းမြတ်ကုရ်အာန် ၆၅:၂-၃)

 ထိုစူရာဟ်တွေကနေပြီးတော့ ကျွန်မတို့ သင်ခန်းစာများစွာရရှိနိုင်ပါတယ်။ အလ္လာဟ်(سبحانه وتعالى) သည် လက်ထပ်ထိမ်းမြားခြင်း အတွင်း၊ အပြင်တွင် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးလုံးတို့၏ ရပိုင်ခွင့်ကို ကာကွယ်ပေးထားပြီးသား ဖြစ်ပါတယ်။ ကျွန်မတို့အတွက် အထောက်အပံ့ဟူသမျှသည် အလ္လာဟ်(سبحانه وتعالى) ထံတော်မှ ရရှိခြင်းဖြစ်ပြီး အလ္လာဟ်(سبحانه وتعالى) မှ ကျွန်မတို့အတွက်ဟု သတ်မှတ်ထားပြီးသား အရာများကနေမှလည်း ကင်းကွာအောင် မည်သူကမျှ မလုပ်ဆောင်နိုင်ပါဘူး။ အလ္လာဟ်(سبحانه وتعالى) ရှရီအသ် တရားတော်ကို ဝဟီချပေးထားခဲ့ပြီး အမျိုးသား၊ အမျိုးသမီးနှစ်ဦးလုံး၏ ရပိုင်ခွင့်ကို ကာကွယ်ပေးထားသလို နှစ်ဦးကြား ဟန်ချက်ညီသည့် သဟဇာတဖြစ်သည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထားပါတယ်။ အိမ်ထောင်ရေးမှာ စိတ်သဘောထားခြင်းမတိုက်ဆိုင်ခြင်းသည် လူသားဘဝအတွေ့အကြုံ အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် တစ်ခါတစ်ရံမှာ ဖြစ်ပေါ်တတ်ပါတယ်။ ထိုကဲ့သို့ အငြင်းပွားမှုတွေဖြစ်လာခဲ့ရင်တောင် အစ္စလာမ်သာသနာသည် ကျွန်မတို့အား ထိုကဲ့သို့အငြင်းပွားမှု၊ သဘောထားချင်းမတိုက်ဆိုင်မှုကို မည်ကဲ့သို့ဖြေရှင်းသင့်ကြောင်း လမ်းညွှန်မှုများစွာပေးထားပြီး အကယ်၍ ဖြေရှင်းရန် မည်သို့မျှမဖြစ်နိုင်တော့ဘူးဆိုလျင်လည်း တချို့သော ကိစ္စများတွင် ကွာရှင်းပြတ်စဲခြင်းကို ပြုလုပ်နိုင်ကြောင်း လမ်းညွှန်ပေးထားပါတယ်။ 

Qur'an Reflection (Asbab ul-Nuzul)

ပါရာ နှစ်ဆယ့်ခုနှစ် (Juz Twenty Seven) ပါရာ နှစ်ဆယ့်ကိုး (Juz Twenty Nine)

Leave a Reply

Your email address will not be published. Required fields are marked *