အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ နှစ်ဆယ့်သုံး
ပါရာနှစ်ဆယ့်သုံးတွင် ပါဝင်နေသည့် စူရာဟ်လေးပုဒ်မှာ စူရာဟ် ယာစီးန် (ယာစီးန်ကဏ္ဍ)၊ စူရာဟ် စွာဖ်ဖားသ် (စီတန်းနေသူများကဏ္ဍ)၊ စူရာဟ် စွားဒ် (စွားဒ်ကဏ္ဍ) နှင့် စူရာဟ် ဇုမရ် (အုပ်စုများကဏ္ဍ) တို့ဖြစ်ကြပြီး ဖန်ဆင်းရှင်တစ်ပါးတည်းသာ ခဝပ်ကိုးကွယ်သည့်ဝါဒ (Monotheism) နှင့် သက်ဝင်ယုံကြည်မှုဆိုင်ရာ ပညာရပ် (Theology) ၏ အခြားရှုထောင့်များကို အဓိကထားဖော်ပြထားသည့် မက္ကာန်စူရာဟ်များ ဖြစ်ကြပါတယ်။ ထိုအထဲမှာမှ ဝဟီကျလာခြင်းအတွင် စိတ်ဝင်စားဖွယ်အကြောင်းအရင်းများစွာရှိနေတဲ့ စူရာဟ်တစ်ပုဒ်ကတော့ စူရာဟ် ဇုမရ် ပဲ ဖြစ်ပါတယ်။
တမန်တော်မြတ်(ﷺ) ဝဟီလက်ခံရရှိခြင်း မတိုင်ခင်က ရုပ်တုများကို ကိုးကွယ်ရန်ငြင်းဆန်ခဲ့ကြပြီး အမှန်တရားကို ရှာဖွေနေခဲ့တဲ့ လူတစ်ချို့ မက္ကာဟ်မှာ ရှိခဲ့ကြပါတယ်။ ထိုလူများထဲတွင် Waraqa Ibn Naufal နှင့် Zayd Ibn Amr Ibn Nufail တို့ပါဝင်ပါတယ်။ Waraqa Ibn Naufal သည် ခရစ်ယာန်သာသနာဂိုဏ်းခွဲများမှ တစ်ပါးတည်းသာကိုးကွယ်သည့်အယူဝါဒတစ်ခုကို လက်ခံခဲ့ပြီး သူ့တစ်ဘဝလုံးကို ခရစ်ယာန်သမ္မာန်ကျမ်းစာတွင်သာ မြှပ်နှံထားခဲ့ပါတယ်။ Waraqa Ibn Naufal သည် တမန်တော်မြတ်(ﷺ) အား အမှန်စင်စစ် ကိုယ်တော်သည် အလ္လာဟ်(سبحانه وتعالى)၏ တမန်တော်ဖြစ်သည် ဆိုသည့်အချက်ကို သီးသန့် နှစ်ကိုယ်ကြား အတည်ပြုခဲ့ပြီး တမန်တော်မြတ်(ﷺ) လူထုသို့ ဟောပြောမှုများစတင်မပြုလုပ်ခင်လေးမှာ ဆုံးပါးသွားခဲ့ပါတယ်။
Zayd Ibn Amr Ibn Nufail သည် ခရီးများစွာသွားလာခဲ့ပြီး ခရစ်ယာန်နှင့် ဂျူး တရားဟောဆရာများစွာတို့နှင့်အတူ သာသနာကို လေ့လာခဲ့ပါတယ်။ သို့သော်လည်း ထိုတရားဟောဆရာတို့က သူတို့၏ တမန်တော်များရဲ့ သတင်းစကားတွေကို ပြောင်းလဲခဲ့ကြတယ်လို့ ခံစားခဲ့ရပြီး သူတို့ကို နာခံဖို့ လွယ်ကူမှုမရှိဘူးဟု ခံစားလာခဲ့ရတယ်။ ထိုသို့လိုက်နာရမည့်အစား Zayd Ibn Amr Ibn Nufail သည် တမန်တော် အိဗရာဟီမ်း (عليه السلام) ကျင့်သုံးခဲ့သည့် နည်းလမ်းအတိုင်း (Abrahamic way) ဘဝတစ်ခုလုံး မြှပ်နှံ၍ ကျင့်သုံးခဲ့ပြီး မက္ကာဟ်တွင် ဖန်ဆင်းရှင်တစ်ပါးတည်းသာကိုးကွယ်သည့်အယူဝါဒ ကို ပြန်လည် အသက်သွင်းရန် ကြိုးစားခဲ့ပါတယ်။ Zayd Ibn Amr Ibn Nufail သည် တမန်တော်မြတ်(ﷺ) ပထမ ဝဟီကို မရရှိခင်လေးမှာတင် ဆုံးပါးသွားခဲ့ပါတယ်။
အစ္စလာမ်သာသနာသို့ အစောဆုံးကူးပြောင်းသူများထဲမှ နှစ်ဦးကတော့ Zayd ၏ သားနှင့် သမီးဖြစ်သူ Sa’id Ibn Zayd (رضي الله عنه) နှင့် Atiqa Bint Zayd(رضي الله عنها) <Umar Ibn al-Khattab(رضي الله عنه)၏ ဇနီး> ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးသည် သူတို့အဖေ (Zayd) ၏ သွန်သင်ဆုံးမမှုကြောင့် တစ်ပါးတည်းသာ ကိုးကွယ်ကြသူများအဖြစ် ကြီးပြင်းလာခဲ့ကြပြီး သူတို့နယ်မြေမှာ မကြာခင်အတွင်း တမန်တော် တစ်ပါး ပေါ်ထွက်လာနိုင်သည်ဟုလည်း Zayd မှ သူတို့ကို ပြောခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့နှစ်ဦးသည် အစ္စလာမ်ကို အစောဆုံးအချိန်ပိုင်းမှာတင် လက်ခံခဲ့ကြပါတယ်။ Sa’id Ibn Zayd (رضي الله عنه) နှင့် Umar Ibn al-Khattab(رضي الله عنه) တို့က Zayd Ibn Amr Ibn Nufail ၏ ကံကြမ္မာကို သိချင်ခဲ့ကြပါတယ်။ Zayd သည် ရုပ်တုများကို ကိုးကွယ်ရန်ငြင်းဆန်ခဲ့သည့် ဖြောင့်မတ်သည့် လူတစ်ဦးဖြစ်ခဲ့သော်လည်း အစ္စလာမ်ကို တရားဝင်လက်ခံခွင့် မရခဲ့ကြောင်းကို သိနေခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ထို့ကြောင့် သူတို့က အာခေရဟ်မှာ Waraqa နှင့် Zayd တို့လို လူမျိုးတွေရဲ့ ကံကြမ္မာအကြောင်း တမန်တော်မြတ်(ﷺ) အား မေးမြန်းခဲ့ကြပါတယ်။ ထိုကဲ့သို့သော တစ်ပါးတည်းသာကိုးကွယ်သူများ၏ ကံကြမ္မာနှင့် စပ်လျဉ်း၍ အလ္လာဟ်(سبحانه وتعالى)မှ အောက်ပါ အာယဟ်များကို ဝဟီချပေးခဲ့ပါတယ်။
“ထို့ပြင် မမှန်ကန်သော ကိုးကွယ်ရာများအား ကိုးကွယ်ခြင်းမှ ရှောင်ကြဉ်ပြီး အလ္လာဟ်အရှင်မြတ်ဘက်သို့ လှည့်ခဲ့ကြသည့်သူများအတွက်မှာမူ ဝမ်းမြောက်ဖွယ်ရာ သတင်းရှိသည်။ သို့ဖြစ်ရာ အသင်သည် ငါအရှင်မြတ်၏ကျွန်များအား ဝမ်းမြောက်ဖွယ်ရာ သတင်းကိုပြောလိုက်ပါ။”
“ထိုကျွန်များသည် အာယသ်(အရှင်မြတ်၏စကားတော်)ကိုအာရုံစိုက်ပြီးနားထောင်ကြသည်။ ထို့ပြင်၎င်း၏အကောင်း ဆုံးအချက်များကို လိုက်နာကြသည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်က သူတို့အား လမ်းမှန်ကို ပို့ဆောင်တော်မူခဲ့သည့်သူများပင်ဖြစ်သည်။ ထို့ပြင် ထိုသူများပင် ဉာဏ်ရှင်များဖြစ်ကြသည်။”
(ကျမ်းမြတ်ကုရ်အာန် ၃၉:၁၇-၁၈)
ထိုအာယဟ်များမှ အလ္လာဟ်(سبحانه وتعالى)၏ ကရုဏာတရားကြီးမားပုံအကြောင်းကို ကျွန်မတို့ အနည်းငယ် သိမြင်နိုင်ပါတယ်။ အစ္စလာမ်သာသနာ၏ လှပသည့် သတင်းစကားကို ကြားခွင့်မရခဲ့သည့် လူများသည် သူတို့ရှာတွေထားသည်များထဲမှ အကောင်းဆုံးကို လိုက်နာရန် တာဝန်ရှိကြပါတယ်။ တစ်ဦးချင်းစီတိုင်းရဲ့ ကံကြမ္မာသည် ကိယာမဟ်နေ့တွင် သူတို့ ထိတွေ့ခွင့်ရှိသည့်၊ လက်လှမ်းမီသည့်အရာများနှင့် သူတို့၏ စစ်မှန်ရိုးသားမှုပေါ်မူတည်၍ အဆုံးအဖြတ်ခံရမှာ ဖြစ်ပါတယ်။ ထိုစူရာဟ်တစ်လျောက်လုံးတွင် မျှော်လင့်ခြင်း၏ သတင်းစကားများ ပါဝင်နေပါတယ်။
စူရာဟ် ဇုမရ်ထဲမှ (အောက်ပါ)အာယဟ်တစ်ကြောင်းကို မျှော်လင့်ခြင်း၏အာယာဟ် ဟု သိကြပါတယ်။ ထိုအာယာဟ်သည် ဘယ်လောက်ပဲကြီးမားသည့်အပြစ်များကျူးလွန်မိခဲ့ပါစေ စစ်မှန်သည့်စိတ်နှင့် အလ္လာဟ်(سبحانه وتعالى) ထံတော်မှ ဝန်ချတောင်းပန်မှုပြုသူ၊ သွောင်ဗာဟ် လုပ်သူတိုင်းအား အမြဲတစေ လက်ခံပေးလိမ့်မည်ဆိုသည့် မျှော်လင့်ချက်ကို ဖော်ဆောင်ပေးနေပါတယ်။
“(အို-တမန်တော်)အသင်သည် (ငါအရှင်မြတ်၏ကိုယ်စား)ပြောလိုက်ပါ- အို-မိမိကိုယ်မိမိ အလွန်အမင်းကျူးလွန်ခဲ့ကြသောငါအရှင်မြတ်၏ကျွန်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက်မကင်းမဲ့ကြနှင့်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အပြစ်များအားလုံးကို ခွင့်လွှတ်ချမ်းသာပေးသနားတော်မူမည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။”
(ကျမ်းမြတ်ကုရ်အာန် ၃၉:၅၃)
မက္ကာဟ်မှ တချို့သော ဆွဟာဘာများသည် လွန်စွာ နှိပ်စက်ညှဥ်းပန်းမှုတို့ကို ခံနေခဲ့ရသည့်အတွက် ဖန်ဆင်းရှင်ကိုပြစ်မှားပြောဆိုခြင်းများပြုလုပ်ရန် အတင်းအကြပ်စေခိုင်းခြင်းခံခဲ့ရပြီး အသတ်ခံရခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် နှစ်ပေါင်းများစွာ ယုံကြည်ကိုးကွယ်ရာ ဘာသာအယူဝါဒကို စွန့်ပယ်သူများ (apostate) အဖြစ် ဟန်ဆောင်နေခဲ့ကြရပါတယ်။ သူတို့တွေဟာ နောက်ဆုံးမှာ ထိုအရာများကို စွန့်ပစ်လိုက်ဖို့ အခွင့်အရေးများရလာခဲ့ကြပြီး အစ္စလာမ်သာသနာကို လူသိရှင်ကြား လက်ခံခဲ့ချိန်တွင် သူတို့ပြုမှုခဲ့သည့် အပြစ်များအတွက် ခွင့်လွှတ်ခွင့် ရရှိနိုင်ခြင်း ရှိ၊ မရှိ သိချင်ခဲ့ကြပါတယ်။ အထက်ပါအာယာဟ်သည် ထိုသူများနှင့် နောက်ဆုံးအချိန်မတိုင်ခင်အထိ ပြစ်မှုကျူးလွန်မိသူတိုင်းအတွက် မျှော်လင့်ချက်ပေးသည့်အနေဖြင့် ကျလာခဲ့တာဖြစ်ပါတယ်။
ပါရာနှစ်ဆယ့်သုံးသည် ဖန်ဆင်းရှင်၏ ဂုဏ်တော်များကို နားလည်သဘောစေရန်နှင့် စစ်မှန်သည့် ခဝပ်ကိုးကွယ်မှုပြုခြင်းဖြင့် အလ္လာဟ်(سبحانه وتعالى) ထံတော်သို့ ပြန်လှည့်ရန် ကျွန်မတို့အား သင်ကြားပေးနေပါတယ်။ နောင်ဘဝ (အာခေရဟ်) တွင် စစ်မှန်သည့်အောင်မြင်မှုသည် ဖန်ဆင်းရှင်ထံ လုံးလုံးလျားလျား ခဝပ်ကိုးကွယ်မှုပြုခြင်းနှင့် ဖန်ဆင်းရှင်၏ ဥပဒေများကို လိုက်နာခြင်းမှသာ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါက ကျွန်မတို့ အလ္လာဟ်(سبحانه وتعالى) သတင်းစကားများကို ပြီးပြည့်စုံစွာ လက်ခံမှသာ သာသနာ၏ ချိုမြိန်မှုကို ခံစားလာရမှာဖြစ်ပြီး ဂျန္နဟ်သို့ သွားရာလမ်းကြောင်းကလည်း ပိုပြီး ရှင်းလင်းလာမှာဖြစ်ပါတယ်။ ထိုဂျန္နဟ်သို့သွားရာလမ်းကြောင်း၏ အဆုံးတွင် တံခါးများ ကျယ်ကျယ် ဖွင့်ဟထားလိမ့်မှာဖြစ်ပြီး ကောင်းကန်တမန်များက ကျွန်မတို့ကို နှုတ်ဆက်ရန် စောင့်ဆိုင်းနေကြမှာပဲ ဖြစ်ပါတယ်။
“၎င်းနောက် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အား ကြောက်ရွံ့အပြစ်ရှောင် ကောင်းကျိုးဆောင်သူများသည် ဂျန္နသ်သုခဘုံသို့ အုပ်စုလိုက် ပို့ပေးခြင်းကို ခံကြရမည်။ နောက်ဆုံးတွင် သူတို့သည် ထိုသုခဘုံသို့ ရောက်လာကြမည်။ ထိုဂျန္နသ်၏တံခါးများသည် ပွင့်နေမည်။ ထို့ပြင် သုခဘုံကိုစောင့်ကြပ်သည့်သူများက သူတို့အား “ငြိမ်းချမ်းသာယာမှုသည် အသင်တို့အပေါ်ကျရောက်ပါစေ။ အသင်တို့သည် စင်ကြယ်သန့်ရှင်းခဲ့ကြပြီးဖြစ်သည့်အတွက် ထိုသုခဘုံထဲသို့ အမြဲ နေရမည့်သူများ အဖြစ် ဝင်ရောက်ကြပါ” ဟု ပြောဆိုကြမည်။”
“ထို့ပြင် သူတို့က ပြောဆိုကြမည် “ချီးမွမ်းခြင်းအပေါင်းသည် အကြင် အလ္လာဟ်အရှင်မြတ်အတွက်ပင် ဖြစ်တော်မူပါသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ အရှင်မြတ်ပြုလုပ်တော်မူခဲ့သည့်ကတိအား မှန်ကန်စေတော်မူခဲ့သည့်အပြင် ဤ(ဂျန္နသ်)မြေကိုကျွန်ုပ်တို့အား အမွေအဖြစ် ပိုင်ဆိုင်စေတော်မူခဲ့သည့်အတွက် ကျွန်ုပ်တို့သည်ထိုအထဲတွင် ကျွန်ုပ်တို့အလိုရှိသောနေရာများ၌ နေထိုင်နိုင်ကြသည်။” ထို့ပြင် (ကောင်းမြတ်သော) အလုပ်လုပ်ကိုင်သောသူများ၏ အကျိုးအမြတ်သည် အဘယ်မျှကောင်းလိုက်သနည်း။”
(ကျမ်းမြတ်ကုရ်အာန် ၃၉:၇၃-၇၄)
