အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ လေး (Juz Four)
စူရာဟ် အားလိအင်မ်ရားန်ကို ချပေးပြီး များမကြာခင်မှာပဲ စူရာဟ် အလ်-နိစာအ် (အမျိုးသမီးများကဏ္ဍ) ကို ဝဟီချပေးခဲ့ပါတယ်။ စူရာဟ် အလ်-နိစာအ်ရဲ့ အာယဟ်အချို့ကိုတော့ ဟီဂျ်ရာအပြီး ၃ နှစ်နောက်ပိုင်းမှာ ချပေးခဲ့ပြီး ကျန်အာယဟ်တွေကိုတော့ ဟီဂျ်ရာအပြီး ၄နှစ်အစပိုင်းမှာ ချပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီစူရာဟ်သည် အူဟုဒ်စစ်ပွဲရဲ့ နောက်ဆက်တွဲအခြေအနေတွေကို အဓိကထားပြီး ဖြေရှင်းပေးတဲ့စူရာဟ်တစ်ပုဒ်လည်း ဖြစ်ပါတယ်။
အူဟုဒ်စစ်ပွဲ က မွတ်စ်လင်မ်လူထုတစ်ခုလုံးကို အကြီးအကျယ်ရိုက်ခတ်စေခဲ့သလို ဒီအရေးနိမ့်မှုက Musab Ibn Umair (رضي الله عنه) နှင့် Hamza Ibn Abdul Muttallib (رضي الله عنه) တို့လို အစ္စလာမ့်သမိုင်းဝင်သူရဲကောင်းကြီးတွေကို ဆုံးရှုံးစေခဲ့တယ်။ ဒီကံဆိုးမိုးမှောင်ကျမှုကြီးက လူငယ်အသိုင်းအဝိုင်းအတွက် ပြဿနာအသစ်ပေါင်းများစွာကို သယ်ဆောင်လာခဲ့ပြီးတော့ စူရာဟ် အလ်-နိစာအ်က ဒီပြဿနာအများစုကိုဖြေရှင်းနိုင်ဖို့ ဝဟီကျလာခဲ့ခြင်းပဲ ဖြစ်ပါတယ်။
စူရာဟ် အားလိအင်မ်ရားန်သည် အူဟုဒ်စစ်ပွဲမှ ရရှိခဲ့တဲ့ သာသနာသက်ဝင်ယုံကြည်မှုနှင့် သီအိုရီဆိုင်ရာသင်ခန်းစာတွေကို ပိုပြီး အဓိကထား ဖော်ပြထားခဲ့ပါတယ်။ စူရာဟ် အလ်-နိစာအ်မှာတော့ ဒီကံဆိုးမိုးမှောင်ကျမှုကနေ ဖြစ်ပေါ်လာတဲ့ မိသားစုအရေးတွေ၊ လူထုအသိုင်းအဝိုင်းအရေးတွေအား ဖြေရှင်းခြင်းကို ပိုပြီးအလေးထားဖော်ပြထားခဲ့ပါတယ်။ သူရဲကောင်းကြီး ၇၀ အာဇာနည်အဖြစ်သို့ကူးပြောင်းသွားခြင်းနှင့်အတူ မိဘမဲ့ကလေးများ၊ မုဆိုးမများ၊ အမွေဆက်ခံမှုနှင့် လူ့အသိုင်းအဝိုင်းတစ်ခုလုံး ငြိမ်ဝပ်ရေးတွေအပါအဝင် ပြဿနာအသစ်တွေအများကြီး ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီ စူရာဟ် အလ်-နိစာအ်ရဲ့ အစပိုင်းသည် မိသားစုအရေးတွေကို ဦးတည်ထားပါတယ်။ အစ္စလာမ်သာသနာမတိုင်ခင်က အကန့်အသတ်မရှိခဲ့တဲ့ Polygamy (မယားပြိုင်ယူခြင်းဓလေ့) ကိုလည်း အများဆုံး ဇနီးမယား ၄ ယောက်အထိသာ ယူနိုင်ခွင့် သတ်မှတ်ခဲ့ပြီး ဇနီးမယားတွေအကြား တရားမျှတမှုရှိရှိဆက်ဆံခံရဖို့ မဖြစ်မနေလိုအပ်ကြောင်းကိုလည်း ခိုင်မာတဲ့သတိပေးချက်တစ်ခုနဲ့အတူ စစ်ပွဲကြောင့်ဖြစ်ပွားခဲ့ရတဲ့ မုဆိုးမတွေနှင့် မိဘမဲ့ကလေးတွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ခုအနေဖြင့် အဆိုပြုထားခဲ့ပါတယ်။ အမွေဆက်ခံခွင့်ဥပဒေတွေကိုလည်း ရှင်းလင်းထားပြီးတော့ အသေးစိတ်ဆွေးနွေးထားပါတယ်။ အမွေဆက်ခံခြင်း အာယဟ်တွေကလည်း ကျမ်းမြတ်ကုရ်အာန်ထဲမှာ အသေးစိတ်အကျဆုံးဖော်ပြထားတဲ့ ဥပဒေတွေထဲမှာ ပါဝင်နေပါတယ်။ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်း မတိုင်ခင် အနှစ်တစ်ထောင်ကျော်ကတည်းက အမျိုးသမီးတွေမှာ အမွေဆက်ခံခွင့်ရှိကြောင်းကို ဒီအာယဟ်တွေကနေ ဖော်ပြပေးနေခဲ့ပါတယ်။ ဒီအမွေဆက်ခံခွင့်သည် အဲ့ဒီအချိန်တုန်းက အာရဗ်ယဉ်ကျေးမှုကြားမှာ အသစ်အဆန်းတစ်ဖွယ်ဖြစ်ခဲ့သလို တုန်လှုပ်ခြောက်ခြားဖွယ်လည်းဖြစ်ခဲ့တယ်။
မိဘမဲ့ကလေးတွေရဲ့ ပိုင်ဆိုင်မှုအကြောင်းကိုလည်း ဒီ စူရာဟ် အလ်-နိစာအ်မှာ အသေးစိတ်ဆွေးနွေးထားပါတယ်။ အဲ့ဒီအထဲမှာ မိဘမဲ့ကလေးတစ်ယောက်ရဲ့ အုပ်ထိန်းသူတစ်ဦးအနေနဲ့ ကလေးငယ်ကိုယ်တိုင်ဘဏ္ဍာရေးကို တာဝန်ယူနိုင်တဲ့အရွယ်မရောက်ခင်အထိ ထိုကလေးရဲ့ ပိုင်ဆိုင်မှုကို ကာကွယ်ထိန်းသိမ်းပေးဖို့လိုအပ်ကြောင်းလည်း ပါဝင်ပါတယ်။ ဒါနှင့်အတူ မိဘမဲ့ကလေးတွေရဲ့ ပိုင်ဆိုင်မှုကို မတရား အဓမ္မသိမ်းယူခြင်းမပြုလုပ်ဖို့ သတိပေးချက်တွေပါဝင်နေတဲ့ အာယဟ်အများကြီးကိုလည်း ချပေးခဲ့ပါတယ်။ အခြေခံအကျဆုံးသောအဆင့်မှာ လူမှုစည်းလုံးညီညွတ်မှုရရှိဖို့ သေချာစေရန် ခင်ပွန်းသည်များနှင့် ဇနီးသည်များကြား ရပိုင်ခွင့်တွေ၊ တာဝန်ယူခွင့်၊ တာဝန်ခံခွင့်တွေကိုလည်း ဒီအာယဟ်အပိုဒ်တွေမှာ ရှင်းလင်းဖော်ပြထားပါတယ်။
သို့သော်လည်း လူမှုအဖွဲ့အစည်းဆိုတာက မိသားစုတွေနှင့်ပဲ ဖွဲ့စည်းထားတာမဟုတ်ပါဘူး။ လူမှုအဖွဲ့အစည်းတစ်ခု ရှင်သန်ကြီးထွားဖို့နှင့် အူဟုဒ်စစ်ပွဲတုန်းကလို ကြီးမားတဲ့ ဆုံးရှုံးမှုတွေထပ် မကြုံရတော့ဖို့ မွတ်စ်လင်မ်တွေက အတွင်းထဲမှာရော အပြင်ဖက်မှာပါ ခြိမ်းခြောက်မှုများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့ကြောင့်ပဲ ဒီစူရာဟ်ထဲမှာ စစ်ရေးဆိုင်ရာဥပဒေတွေ၊ အယောင်ဆောင်လူအုပ်စုတွေရဲ့ အန္တရာယ်တွေနှင့် မွတ်စ်လင်မ်တွေနှင့် တခြားလူမျိုးအုပ်စုများကြား ဆက်ဆံရေးတွေအကြောင်း အာယဟ်အပိုဒ်တွေအများကြီး ပါဝင်နေရတာပဲ ဖြစ်ပါတယ်။ ဒီအာယဟ်တွေအကုန်လုံးက မြို့နယ်အငယ်လေးကို နောက်ထပ် ကံဆိုးမိုးမှောင်ကျမှုတွေမှ ကာကွယ်ပေးနိုင်ဖို့အတွက် မရှိမဖြစ်အရေးပါနေခဲ့ပါတယ်။
ဒီစူရာဟ်ထဲမှာ တမန်တော်မြတ် (ﷺ) ကို နာခံဖို့အရေးကြီးကြောင်းကို အဓိကထားပြောထားတဲ့ အာယဟ်အများကြီးလည်း ပါဝင်နေပါတယ်။ အူဟုဒ်စစ်ပွဲရဲ့ နောက်ဆက်တွဲအခြေအနေတွေအပြီးမှာ ဒီအာယဟ်တွေကို ချပေးရတဲ့ရည်ရွယ်ချက်က ပိုပြီးရှင်းလင်းလာခဲ့ပါတယ်။
တမန်တော်မြတ် (ﷺ) ရဲ့ အမိန့်ကိုမနာခံခဲ့တဲ့ လေးသမားတွေကြောင့် မွတ်စ်လင်မ်စစ်တပ် အရေးနိမ့်ခဲ့ရပြီး ဒီလေးသမားတွေရဲ့ သူငယ်ချင်းပေါင်းများစွာကလည်း အာဇာနည်အဖြစ် အသက်စွန့်ခဲ့ကြရတယ်။ အဲ့ဒီတုန်းက အောင်မြင်မှုရရှိနိုင်ဖို့ တမန်တော်မြတ် (ﷺ) ရဲ့ အမိန့်တော်ကိုနာခံဖို့အရေးကြီးသလို ကျွန်မတို့ယခု နေ့စဉ်ဘဝတွေမှာလည်း အမိန့်တော်ကို ဆက်ပြီး နာခံတတ်ဖို့ အရေးကြီးပါတယ်။ ဒီသတိပေးချက်နှင့် ပတ်သက်ပြီး စူရာဟ် အလ်-နိစာအ်မှာ အသေအချာကို ဖော်ပြထားပါတယ်။
“ထို့ပြင်ငါအရှင်မြတ်သည် ရစူလ်တမန်တော်များကို စေလွှတ်တော်မူခြင်းသည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်ဖြင့်(လူများသည်)ထိုရစူလ်တမန်တော်များ၏ ဩဝါဒများကို နာခံကြရန်အတွက်ပင် ဖြစ်သည်။ ထို့ပြင် အကယ်၍ သူတို့သည် သူတို့ကိုယ်သူတို့နှိပ် စက်ကျူးလွန်မိခဲ့ကြသောအခါ အသင်(တမန်တော်)၏ထံသို့လာပြီး သူတို့သည် အလ္လာဟ် အရှင်မြတ်ထံတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံကြလျှင် ၎င်းပြင် တမန်တော်သည်လည်း သူတို့အတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံပေးခဲ့မည်ဆိုလျှင် သူတို့သည် အလ္လာဟ်အရှင်မြတ်အား အမှားဝန်ခံမှုကို အကြိမ်ကြိမ်လက်ခံခွင့်လွှတ်တော်မူသောအရှင်၊ အလွန်သနား ကြင်နာတော်မူသောအရှင်အဖြစ် အမှန်ပင် တွေ့ရလိမ့်မည်။”
“သို့ဖြစ်ရာ အသင်(တမန်တော်)အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ကစမ်(အရှင်မြတ်အား တိုင်တည်ပြောဆိုမည်၊) သူတို့သည် သူတို့အချင်းချင်းအငြင်းပွားခဲ့သောပြဿနာနှင့်ပတ်သက်၍ အသင်(တမန်တော်) အား ခုံသမာဓိတင်မြှောက်ခြင်းမရှိသမျှ၊ ၎င်းပြင် သူတို့သည် အသင် စီရင်ချမှတ်ခဲ့သော ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သူတို့၏စိတ်ထဲတွင်မည်သည့် ကျဉ်းကျပ်မှုကိုမျှ မတွေ့ ရှိကြသည့်အပြင် (ထိုဆုံးဖြတ်ချက်ကို) ပြည့်ဝ(ကြည်ဖြူ) စွာ လက်ခံနာယူခြင်းမရှိသမျှ သူတို့သည် အီမာန်ယုံကြည်သူ များ မဖြစ်နိုင်ပေ။”
(ကျမ်းမြတ်ကုရ်အာန် ၄:၆၄-၆၅)
“ထို့ပြင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်၏ အမိန့်တော်များကိုလိုက်နာလျှင်ထိုသူများသည် အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူထားသော နဗီတမန်တော်များ၊ အလွန်မှန်ကန်သောသူများ၊ အလ္လာဟ် လမ်းတွင်အသက်စတေးသူများ၊ ကောင်းမြတ်သောသူ များနှင့်အတူ ရှိကြလိမ့်မည်။ ၎င်းပြင် ထိုသူများသည်အဘယ်မျှကောင်းလိုက်သောအပေါင်းအဖော်များ ဖြစ်ကြသနည်း။”
(ကျမ်းမြတ်ကုရ်အာန် ၄:၆၉)
“မည်သူမဆို ရစူလ်တမန်တော်၏အမိန့်တော်ကိုလိုက်နာလျှင်ထိုသူသည် အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းပင်ဖြစ်သည်။ ၎င်းပြင် မည်သူမဆို (အသင်၏အမိန့်ကိုဖီဆန်၍)မျက်နှာလွှဲခဲ့လျှင် (အသင်၏ တာဝန်မဟုတ်ပေ၊) ငါအရှင်မြတ်သည်အသင်(တမန်တော်)ကိုထိုသူများအပေါ်တွင် အုပ်ထိန်းသူအဖြစ်စေလွှတ်တော်မူခဲ့သည်မဟုတ်ပေ။”
(ကျမ်းမြတ်ကုရ်အာန် ၄:၈၀)
