العادة محكّمة (Al-ʿādatu muḥakkamah)
—ရိုးရာဓလေ့ထုံးတမ်းသည် စီရင်ချက်၏ အခြေခံဖြစ်နိုင်ပါသည်။
❓ ဒီကိုင်ဒါဟ် က ဘယ်ကနေဖြစ်ပေါ်လာတာလဲ။
⚖️ သာသနာ သို့မဟုတ် လောကီရေးရာ ရဲ့ ဥပဒေရေးရာစနစ်တိုင်းသည် စီရင်ချက်တွေကို အကောင်အထည်ဖော်ရာမှာ ရိုးရာဓလေ့ထုံးတမ်းကို ထည့်ပြီးသုံးသပ်ကြပါတယ်။ အစ္စလာမ့်ဥပဒေမှာလည်း ထို့နည်းတူစွာပါပဲ။
📖 ကျမ်းမြတ်ကုရ်အာန်ထဲက နေရာတော်တော်များမှာလည်း ရိုးရာဓလေ့ကို ညွှန်ပြထားတဲ့ အချက်တွေ ပါဝင်နေပါတယ်။
ဥပမာအားဖြင့် ဖျက်လိုက်မိတဲ့ ကတိကဝတ်/ကျိန်ဆိုချက်တစ်ခုအတွက် အစားလျော်ပေးခြင်းကို သတ်မှတ်ရာတွင် ကျမ်းမြတ်ကုရ်အာန်ထဲမှာ ဆင်းရဲနွမ်းပါးသူ ၁၀ ဦးကို အကျွေးအမွေးပြုဖို့ ညွှန်ပြထားပါတယ်။
📖
“ သို့ဖြစ်ရာ ထိုခိုင်မာသောကျိန်ဆိုမှု(ကို ချိုးဖျက်ခြင်း)၏အပြစ်အား ပယ်ဖျက်နည်းမှာ အသင်တို့သည် အသင်တို့၏ အိမ်သူအိမ်သားများအား ကျွေးမွေးလေ့ရှိကြသော အစားအစာမျိုးထဲမှ အလတ်စားဖြစ်သော အစားအစာကို ဆင်းရဲသားဆယ်ဦးအား ကျွေးမွေးရမည်”
(စူရာယ် အလ်-မာအ်အီဒါဟ် အာယာဟ် ၅း၈၉)
🍽️ ဘယ်လိုအမျိုးအစား၊ ဘယ်လိုပမာဏလဲဆိုတဲ့ သတ်မှတ်ချက်ကိုတော့ နေထိုင်ရာဒေသရဲ့ ဓလေ့အလိုက် လိုက်နာဖို့ ချန်ထားပြီး စာသားဖြင့် အတိအကျ မသတ်မှတ်ပေးထားပါဘူး။
📚 စွန္နဟ် (Sunnah) ထဲမှာလည်း ဟိုင့်ဒ် ဘင့်န် အူဘဟ် သည် သူမရဲ့ အမျိုးသားက ကပ်စေးနှဲလွန်းသူတစ်ယောက်ဖြစ်တယ်လို့ ညည်းညူတဲ့အခါ တမန်တော်မြတ်(ﷺ) က
“သင့်တော်သည့်ပမာဏအတိုင်း အသင်မနှင့် အသင်မ၏ကလေးငယ် အတွက် လုံလောက်သည့်ပမာဏကို ယူဆောင်ပါ”
လို့ သူမကို မိန့်ကြားခဲ့ပါတယ်။
ဒီလိုမိန့်ကြားတဲ့အခါမှာ အသုံးပြုခဲ့တဲ့ “ဘီလ် မာရ်ရုဖ် (Bil Maʿrūf)” ဆိုတဲ့စကားလုံးသည် “အုရ်ဖ် (ʿUrf)” ကနေ ဆင်းသက်လာတာဖြစ်ပြီး ပမာဏကို ဓလေ့ထုံးစံအတိုင်း သတ်မှတ်ဖို့ အဓိပ္ပာယ်ရပါတယ်။
🧠 အီမာမ် အလ်-နဝါဝီ (Imam al-Nawawi) မှ ဒီဟဒီးဆ်တော်ကို
“ရရှီအအ် (Shariah) မှာ ပမာဏကို မသတ်မှတ်ထားသည့်ကိစ္စရပ်တွေမှာ မှီငြမ်းရမှာကတော့ ဓလေ့ထုံးတမ်းကပါပဲ”
လို့ တိုက်ရိုက် မှတ်ချက်ပြုထားခဲ့ပါတယ်။
📜 ဒီ ကိုင်ဒါဟ်ပေါ်ပေါက်လာမှုသည် al-Qadi Husayn al-Marrudhi (d. 462 AH) မှ ဆင်းသက်လာခြင်းဖြစ်သော်လည်း ဥပဒေရေးရာအယူအဆတွေက ဒီမတိုင်ခင်ကတည်းက မဇ်ဟဘ် (Madhhab) ၄ ခုလုံး ရဲ့ လက်တွေ့ကျင့်သုံးမှုတွေထဲမှာ အကောင်အထည်ဖော်နေခဲ့ပြီးသား ဖြစ်ပါတယ်။
- ဟနဖီ (Hanafi)
- မာလီကီ (Maliki)
မဇ်ဟဘ်တို့က ဓလေ့ထုံးတမ်းကို ပိုတိကျတဲ့ အလေးပေးမှုရှိခဲ့ပြီး အဗူဟနီဖာ (Abu Hanifa) ရဲ့ နောက်လိုက်သာဝကဖြစ်သူ အလ်-ရှိုင်ဘဏီ (Al-Shaybani) က
“ဓလေ့ထုံးတမ်းများမှ ဆင်းသက်လာသော သက်သေအထောက်အထားများသည် နက်စ် (Naṣṣ) ထဲမှ ကောက်ချက်ချခြင်းနှင့် အလားသဏ္ဍာန်တူသည်”
လို့ ဖော်ပြခဲ့ပါတယ်။
📍 မဒီနာဟ် (Madinah) မှလူများရဲ့ အလေ့အကျင့်များကို အခြေခံတဲ့ မာလီကီရဲ့ သုံးသပ်ချက်ကိုယ်တိုင်က ဥပဒေအရင်းအမြစ်တစ်ခုဖြစ်လာစေတဲ့ ဓလေ့ထုံးတမ်းပေါင်းချုပ်ပုံစံတစ်မျိုးပဲ ဖြစ်ပါတယ်။
⚖️ ဒီ ၅ ခုမြောက်ကိုင်ဒါဟ်ကို လက်တွေ့မှာဘယ်လိုသုံးကြသလဲ။
ဓလေ့ထုံးတမ်းသည် ဥပဒေရေးရာ လုပ်ဆောင်ချက် ၃ ခု ဖြင့် ပါဝင်လုပ်ဆောင်နေပါတယ်။
1️⃣ ပထမလုပ်ဆောင်ချက်
ပမာဏ သို့မဟုတ် အမျိုးအစား အတိအကျမသတ်မှတ်ပေးထားတဲ့ ကန့်သတ်ချက်မပြုထားတဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ စာသားတွေကို အဓိပ္ပာယ်သတ်မှတ်ပေးပါတယ်။
ဥပမာအားဖြင့် ကွာရှင်းပြီး ဇနီးသည်တစ်ဦးအား သူမရဲ့ အိဒ်ဒါဟ် (ʿIddah) အချိန်ကာလအတွင်း ထောက်ပံ့ကြေးပေးရာမှာ ကျမ်းမြတ်ကုရ်အာန် က
“သင့်တော်သည့်ပမာဏ”
လို့ ဖော်ပြထားတဲ့အခါမျိုးမှာ ဖြစ်ပါတယ်။
📖 (စူရာဟ် သွလာက်ခ် အာယာဟ် ၆၅း၆)
အမှန်တကယ်လုပ်ဆောင်တဲ့အခါမှာ ကျင့်သုံးမဲ့သူတစ်ဦးချင်းစီရဲ့ နေထိုင်ရာရိုးရာဓလေ့ထုံးတမ်းမှ သတ်မှတ်ထားသည့် ပမာဏအတိုင်း ဆုံးဖြတ်ပါတယ်။
2️⃣ ဒုတိယ လုပ်ဆောင်ချက်
ကျမ်းဂန်တွေထဲမှာ စီရင်ချက် အတိအကျ ဖော်ပြထားခြင်းမရှိတဲ့ အရောင်းအဝယ်ဆိုင်ရာ အလေ့အကျင့်တွေကို ရိုးရာဓလေ့အားဖြင့် အတည်ပြုပေးလို့ရပါတယ်။
ဒီအကြောင်းကို မူဒရာဘဟ် (Muḍārabah)
(အကျိုးအမြတ်ခွဲဝေယူသည့် ဆက်ဆံရေး)
အား ဥပမာအနေဖြင့် ရည်ညွှန်းထားပါတယ်။
မူဒရာဘဟ်ဆိုတာ သာဝကကြီးများ၏ ဓလေ့ထုံးတမ်းနှင့်လိုက်လျောညီထွေစွာ တညီတညွတ်တည်း ကျင့်သုံးခဲ့ကြသည့် အခြေခံစနစ်ကိုပဲ အခြေပြုပြီး တရားဝင်ဖြစ်စေခဲ့တာပါ။
3️⃣ တတိယ လုပ်ဆောင်ချက်
📝 သဘောတူစာချုပ်တွေနှင့် သက်ဆိုင်တဲ့ ဘာသာစကားအသုံးအနှုန်းတွေမှာ ဒွိဟဖြစ်မှု ကို ဓလေ့ထုံးတမ်းအားဖြင့် ဖြေရှင်းပေးခြင်းဖြစ်ပါတယ်။
ဥပမာအားဖြင့်
💼 ငွေပေးချေမှုက ဓလေ့အတိုင်းဖြစ်ပြီး ပမာဏအတိအကျကို မသတ်မှတ်ထားတဲ့ ကုန်သွယ်ရေးတစ်ခုမှာ လူတစ်ယောက်ကို အလုပ်လုပ်ဖို့ အလုပ်ခန့်လိုက်တဲ့အခါ ထိုသူအတွက် လုပ်ခ ကို ဓလေ့ထုံးတမ်းအားဖြင့် ပမာဏ သတ်မှတ်ပေးပါတယ်။
⚠️ ကိုင်ဒါဟ် ကျင့်သုံးမှု အတွက် ကန့်သတ်ချက်များ
ဓလေ့ထုံးတမ်းဆိုတာ ဘာသတ်မှတ်ချက်မှမရှိတဲ့ လိုရာသုံးလို့ရတဲ့ ချက်ခ် လက်မှတ်တစ်စောင် မဟုတ်ပါဘူး။
အကြောင်းအရာ ၄ ခု နှင့် ကိုက်ညီမှသာ ဓလေ့ထုံးတမ်းက ဥပဒေရေးရာအရ အကျုံးဝင်တာဖြစ်ပါတယ်။
✔️ ကျမ်းမြတ်ကုရ်အာန် သို့မဟုတ် စွန္နဟ် (Sunnah) ထဲမှာ တိကျစွာဖော်ပြထားတဲ့ စာသားတွေနှင့် လုံးဝ ဆန့်ကျင်မှု မရှိရပါ။
✔️ လူနည်းနည်းလေးကသာ လက်ခံကျင့်သုံးနေတာမျိုးမဟုတ်ဘဲ အသိုင်းအဝိုင်းတစ်ခုလုံး တွင်တွင်ကျယ်ကျယ် ကျင့်သုံးနေပြီးသား ဖြစ်ရပါမယ်။
✔️ အရောင်းအဝယ်ကို ဆုံးဖြတ်တဲ့ အချိန်ကာလမှာ ကျင့်သုံးနေဆဲ ဖြစ်ရပါမယ်။
✔️ စာချုပ်ထဲမှာ ၂ ဦးသဘောတူ ထည့်သွင်းဖော်ပြထားတဲ့အခြေအနေတစ်ခုကို ကျော်လွန်ဆန့်ကျင်ပြီး အသုံးပြုလို့ မရပါ။
📌 ဥပမာအားဖြင့်
အမျိုးသမီး အမွေဆက်ခံခွင့် ကို တားမြစ်ထားတဲ့ ဓလေ့မျိုးဆိုရင် ဘယ်လို ဥပဒေရေးရာ အာဏာမှ မရှိပါဘူး၊ ဒါက ကျမ်းမြတ်ကုရ်အာန်ထဲကဖော်ပြချက်နှင့် ကွဲလွဲနေတာမို့ပါ။
⏳ ဓလေ့ထုံးတမ်းတွေက အချိန်နှင့်အမျှ ပြောင်းလဲလာတဲ့အခါ ဒီဓလေ့ထုံးတမ်းကို မူတည်ပြီး ပြုလုပ်ထားတဲ့ အစ်ဂျ်သီဟဒ် (Ijtihād) ကိုအခြေခံတဲ့ စီရင်ချက်တွေလည်း လိုက်ပြောင်းလဲလာပါတယ်။
ဒါကို ရင်းမြစ်တွေထဲမှာ
“အချိန်ကာလတွေပြောင်းလဲလာတဲ့အတွက် အစ်ဂျ်သီဟဒ်ကိုအခြေခံတဲ့ စည်းမျဉ်းတွေ ပြောင်းလဲလာတာကို မငြင်းဆန်သင့်ဘူး”
လို့ တိုက်ရိုက် ဖော်ပြထားပါတယ်။
