Skip to content

အပိုင်း (၂၁) စကားလုံးများက ဘယ်သောအခါမှ အချည်းအနှီးမဖြစ်ပါ။

🖋️ I’māl al-kalām awlā min ihmālihi — စကားလုံးများကို အဓိပ္ပာယ်ရှိအောင် သုံးသပ်ခြင်းသည် လျစ်လျူရှုလိုက်ခြင်းထက် ပိုသင့်လျော်သည်။

━━━━━━━━━━━━━━━

📚 ဘယ်ကနေဖြစ်ပေါ်လာတာလဲ။

ယခုခြောက်ခုမြောက် ကိုင်ဒါဟ် သည် Majallat al-Ahkam al-‘Adliyyah ၏ အပိုဒ်ခွဲ ၆၀ ဖြစ်ပြီး အလ်-ဆဘ်ကီ၊ အလ်-စုယူသီ နှင့် အဗ္ဗနု နုဂျမ်ယ် တို့ရဲ့ ပေါင်းချုပ်တွေထဲမှာ ပါဝင်ထားပါတယ်။ ပရော်ဖက်ဆာ အလ်-ဗာနူး နှင့် ရှူဗေရ်တို့က ဒီကိုင်ဒါဟ်ကို ကမ္ဘာသုံးကိုင်ဒါဟ် ၅ ခုထဲမှာ ခြောက်ခုမြောက်အနေနဲ့ ထည့်သွင်းသတ်မှတ်ခဲ့ပါတယ်။

ဒီကိုင်ဒါဟ် သည် ကျမ်းမြတ်ကုရ်အာန်(القرآن)ထဲမှ အခြေပြုဖြစ်ပေါ် လာခဲ့တာဖြစ်ပါတယ်။

“ထိုလူသားသည် မည်သည့်စကားပင် ပြောသည်ဖြစ်စေ သူ၏အနီးတွင် ချောင်းမြောင်းနေသူတစ်ဦးသည် (ရေးမှတ်ရန်)အသင့်ရှိနေသည်။”

📖 (စူရာဟ် ကာဖ်က် (سورة ق) ၅၀း၁၈)

မူအ်အဒ်ဟ် အဗ္ဗနု ဂျဗလ် မှ လူသားတွေက သူတို့ပြောလိုက်တဲ့နှုတ်ထွက်စကားအတွက် တာဝန်ခံရခြင်းရှိမရှိကို မေးမြန်းလာတဲ့အခါမှာ တမန်တော်မြတ်ကြီးက ဒီအာယာဟ်ကို ပိုမိုခိုင်မာစွာအားပေးခဲ့ပါတယ်။

တမန်တော်မြတ်ကြီးက ပြန်လည်မိန့်ကြားတော်မူခဲ့ပါတယ်

“လူသားများ ပြစ်တင်ရှုံ့ချခံရခြင်းက သူတို့နှုတ်လျှာမှုကျူးလွန်မိတဲ့အပြစ်များကြောင့်ပဲ မဟုတ်လား”

📚 (တီရ်မီဒီဟ်ကျမ်း)

လူသားတွေရဲ့ နှုတ်ထွက်စကားက အလ္လာဟ်အရှင်မြတ်(الله)ရှေ့မှောက်မှာ ဒီလောက်တောင် အရေးပါနေတယ်ဆိုရင် ဖန်ဆင်းရှင်ရဲ့ မိန့်ကြားချက်များနှင့် တမန်တော်မြတ်ကြီးရဲ့ နှုတ်ထွက်အမိန့်များကို လျစ်လျူရှုမိခြင်းကနေ ကာကွယ်ထားဖို့ အရေးအကြီးဆုံးပဲ မဟုတ်လား။

ဒါကြောင့်ပဲ အူစူးရ်အလ်-ဖိက်ဟ် ရဲ့ ပညာရှင်ကြီးတွေက အပြည့်အဝလေ့လာမှုမပြီးပြတ်နေသေးသည့်တိုင်အောင် ကျမ်းမြတ်ကုရ်အာန်(القرآن)နှင့် စွန္နဟ်(السنة)ထဲမှာပါဝင်နေတဲ့စကားလုံး တစ်လုံးချင်းစီတိုင်းမှာ အဓိပ္ပာယ်ရှိရမယ်ဆိုပြီး ဒီ ၆ ခုမြောက်ကိုင်ဒါဟ်ကို စံတစ်ခုအနေနဲ့ သုံးခဲ့တာပဲဖြစ်ပါတယ်။

━━━━━━━━━━━━━━━

⚖️ ဒီကိုင်ဒါဟ်ကို လက်တွေ့မှာဘယ်လိုအသုံးပြုကြသလဲ၊ အဓိပ္ပာယ်များ၏ အဆင့်သတ်မှတ်ချက်

ယခုကိုင်ဒါဟ် သည် အစီအစဉ် ၃ ဆင့်ဖြင့် လည်ပတ်နေပါတယ်။

1️⃣ ပထမတစ်ဆင့်

စကားလုံးရဲ့ မူလအနက်အဓိပ္ပာယ်အတိုင်း အမြဲသတ်မှတ်ပါတယ်၊ ပြောဆိုသုံးနှုန်းလိုက်တဲ့အတိုင်း စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ကို မှတ်ယူပါတယ်။

2️⃣ ဒုတိယအဆင့်

အကယ်၍ မူရင်းအဓိပ္ပာယ်အတိုင်း သုံးသပ်ဖို့ မဖြစ်နိုင်ခဲ့လျင် တင်စားပြောဆိုချက်အဓိပ္ပာယ်အတိုင်း မှတ်ယူပြီး အဓိပ္ပာယ်နှစ်ခုကြားမှာ မြင်သာတဲ့ ဆက်စပ်မှုတစ်ခုရှိနေတယ်ဆိုတာကို ဖော်ပြပေးထားပါတယ်။

3️⃣ တတိယအဆင့်

မူရင်းအဓိပ္ပာယ် ရော တင်စားဥပမာနဲ့ရော လုံးဝ ကျင့်သုံးလို့မရတဲ့အခါမှသာ ပြန်ဆိုလို့မရတဲ့ စကားလုံးကို ခဏဖယ်ထားလိုက်ပါတယ်။ ဒါတောင်မှ ကျန်အပိုင်းက ဆက်လက်အဓိပ္ပာယ်ဖော်လို့ရနေသေးတယ်ဆိုရင် မဖြစ်နိုင်လွန်းတဲ့အပိုင်းကိုသာ ချန်ထားခဲ့တာဖြစ်ပြီး ဖော်ပြချက်တစ်ခုလုံးကို ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါဘူး။

━━━━━━━━━━━━━━━

📜 ဥပမာတစ်ခု

ဒီလိုဥပမာတင်စားထားတဲ့အဆင့်နှင့် ပတ်သက်ပြီး ရင်းမြစ်တွေထဲမှာ ထင်ရှားတဲ့ ဥပမာတစ်ခုပေးထားပါတယ်။

အကယ်၍ အမျိုးသားတစ်ဦးက သူ၏ဖခင် ကို သေတမ်းစာဖြင့်အမွေချန်ရစ်တဲ့အခါမှာ ထိုသူရဲ့ ဖခင်က ကွယ်လွန်နှင့်ပြီးသားဖြစ်နေခဲ့လျင်၊ ဒီဖခင်ဆိုတဲ့ စကားလုံးကို အဘိုးဆိုတဲ့ စကားလုံးအား ရည်ညွှန်းတယ်လို့ သတ်မှတ်လို့ရပါတယ်။

ဘာလို့လဲဆိုတော့ အာရဗစ်စကားအသုံးအနှုန်းတွေထဲမှာ အဖိုးတွေကို အဖေတွေအနေဖြင့် ရည်ညွှန်းတတ်ကြပြီး ကျမ်းမြတ်ကုရ်အာန်(القرآن)ထဲမှာလည်း ယာကွတ်ဘ်(يعقوب)ရဲ့ သားတွေအတွက် အဖေလို့ သုံးတဲ့အခါမှာ အီဗရာဟီမ်း(إبراهيم) ကိုပါ ထည့်သွင်းထားပါတယ်၊ အီဗရာဟီမ်း(إبراهيم)က တကယ်တော့ သူတို့ရဲ့ အဖိုးဖြစ်ပါတယ်။

📖 (စူရာ အလ်-ဗကရာဟ် (سورة البقرة) အာယာ် ၂း၁၃၃)

မူရင်းအဓိပ္ပာယ်က သုံးမရတဲ့အခါ ဥပမာတင်စားသည့်အဓိပ္ပာယ်ကို ယူလိုက်ခြင်းက အမွေဆက်ခံရခြင်း ကင်းလွတ်မှုကနေ ကာကွယ်ပေးထားပါတယ်။

━━━━━━━━━━━━━━━

📊 ဥပမာတွေနှင့် လေ့လာကြည့်ကြရအောင်နော်။

📝 အရောင်းအဝယ်များနှင့် စာချုပ်စာတမ်းများ

အရောင်းအဝယ်တွေမှာ ဒီ ၆ ခုမြောက်ကိုင်ဒါဟ်က ၂ ဖက်လုံးကို အဖြစ်မှန် ပေါ်လာတဲ့အခါ သူတို့ပြောခဲ့တဲ့ စကားတွေကို ဖောက်ဖျက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

လူတစ်ယောက်က အကြွေးရှိနေတာကို အသိအမှတ်ပြုခဲ့ပြီး နောက်ပိုင်းမှာ ပြန်ရုတ်သိမ်းလိုက်ရင်တောင် အရှေ့က အသိအမှတ်ပြုထားခြင်းအားဖြင့် ဆက်ပြီး ပတ်သက်ဆက်နွယ်နေမှာပဲဖြစ်တယ်။ ဘာလို့လဲဆိုတော့ အရှေ့ပိုင်းမှာ အသိအမှတ်ပြုခြင်းက ရှင်းလင်းတဲ့ ဥပဒေဆိုင်ရာအဓိပ္ပာယ်နှင့်အတူ နှုတ်မှပြောကြားခဲ့တဲ့စကားဖြစ်တာမို့ ဘယ်လိုစကားလုံးတိုင်းကမှ အချည်းအနှီးမဟုတ်နေလို့ပါ။

ထို့အတူပဲ

“အသင်မကို ကွာတယ်(သွလာက်ခ်ပေးတယ်)၊ အသင်မကို ကွာတယ်(သွလာက်ခ်ပေးတယ်)” လို့ ခင်ပွန်းသည်က ပြောလိုက်ရင် ဒါက တစ်ကြိမ်ထဲကို ပိုလေးနက်အောင် ထပ်ပြောတာထက် ၂ ကြိမ်အနေနဲ့ပဲ ယူဆပါတယ်၊ ဘာလို့လဲဆိုတော့ ဖွင့်ဟချက်တစ်ခုချင်းစီတိုင်းက လေးနက်တဲ့သဘောသက်ရောက်တာမို့ပါပဲ။

ဒီနာ တစ်ထောင်ကို ၂ ကြိမ် ပြုလုပ်ခဲ့သည် ဆိုတဲ့ သေတမ်းစာအမွေတစ်ခု မှာ ဒုတိယတစ်ကြိမ် ၁ ထောင် ကို ဖော်ပြခြင်းက ပထမတစ်ကြိမ်ကို အတည်ပြုခြင်းဖြစ်တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားမပြနိုင်မချင်း ၂ ထောင်အနေဖြင့်ပဲ သတ်မှတ်ပါတယ်။

ဒီကိုင်ဒါဟ်သည် ထပ်ခါ ထပ်ခါပြောတယ်ဆိုတဲ့ အချက်ကို မသေချာမချင်း နောက်ထပ် အဓိပ္ပာယ်အသစ်တစ်ခုအနေနဲ့ပဲ သတ်မှတ်တယ်ဆိုတာကို လက်ခံထားပါတယ်။

━━━━━━━━━━━━━━━

📖 စာကြွင်း။ ။

စူရာဟ် အလ်-ဗကရာဟ် (سورة البقرة) (အာယာဟ် ၂:၁၃၃)

အသင်တို့သည် (တမန်တော်)ယအ်ကူဗ်(يعقوب)ကွယ်လွန်ခါနီး၌ အသင့်ရောက်ရှိနေခဲ့ကြပါသလော၊ တစ်ခါက ၎င်း(တမန်တော်ယအ်ကူဗ်)သည် ၎င်း၏သားများကို ပြောခဲ့သည်၊ ငါ၏နောက်တွင် အသင်တို့သည် မည်သည့်အရာကို ကိုးကွယ်ကြမည်နည်း။

သူတို့က ပြောဆိုခဲ့ကြသည်၊ ကျွန်ုပ်တို့သည် ဖခင်နှင့်တကွ ဖခင်၏ဘိုး၊ဘေးများဖြစ်သည့် (တမန်တော်)အိဗ်ရာဟီမ်(إبراهيم)၊ (တမန်တော်)အစ္စမာအီလ်(إسماعيل) နှင့် (တမန်တော်)အစ္စဟာက်(إسحاق) တို့၏ ကိုးကွယ်ရာအရှင် တစ်ပါးတည်းကိုသာ ကိုးကွယ်ကြပါမည်။

၎င်းပြင် ကျွန်ုပ်တို့သည် ထိုအရှင်၏ အမိန့်နာခံသူ(မွတ်စ်လင်မ်)များဖြစ်ကြပါသည်။

✍️ — ဆရာ ဟာရှင်မ်(ခ)တင်မြင့်

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၂၀) ရိုးရာဓလေ့ထုံးတမ်းများက ဥပဒေဖြစ်လာသောအခါ… အပိုင်း (၂၂) အစ္စလာမ့်ဥပဒေနှင့် ငွေကြေး

Leave a Reply

Your email address will not be published. Required fields are marked *