Skip to content

အပိုင်း (၄) အစ္စလာမ်သာသနာမှ ကာကွယ်ပေးထားသည့် အကြောင်းအရာ ၅ ခု

အစ္စလာမ်သာသနာမှာ တစ်ချို့အရာတွေကို ဘာလို့ပြင်းပြင်းထန်ထန်တားမြစ်ထားသလဲဆိုတာကို စဉ်းစားကြည့်ဖူးလား။ လူသတ်မှုက ဘာလို့ အလ်-ကဘီရ် ကြီးမားလွန်းတဲ့ရာဇဝတ်မှု (အပြစ်) ဖြစ်ရတာလဲ။ အရက်သောက်သုံးခြင်းကို ဘာကြောင့်တားမြစ်ထားတာလဲ။ လက်ထပ်ထိမ်းမြားမှုနှင့် စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုတွေအတွက် ပြင်းထန်တဲ့ စည်းမျဉ်းတွေ ဘာလို့ရှိနေတာလဲ။

အဖြေကတော့ Maqasid al-Shariah ရှရီယဟ်တရားတော်၏ ရည်ရွယ်ချက်နှင့် သဘောတရားများလို့ ပညာရှင်တွေ ညွှန်းဆိုကြတဲ့ အရာထဲမှာ ရှိနေပါတယ်။

1️⃣ သာသနာ (ဒီန်း/Ad-Deen) ကို ကာကွယ်ခြင်း

📜 “အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ပြီး မည်သည့်အရာကိုမှ မကိုးကွယ်ကြနှင့်။”အာယာဟ် (၆း၁၅၁)

အလ္လာဟ်(سبحانه وتعالى) နှင့် တုဖက်ယှဉ်ပြိုင်ကိုးကွယ်ခြင်း (ရှရခ်) သည် အစ္စလာမ်သာသနာမှာ အပြင်းထန်ဆုံး အကြီးမားဆုံးတားမြစ်ချက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစ္စလာမ်သာသနာသည် သော်ဟီဒ် ဖန်ဆင်းရှင်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းအပေါ်မှာ အခြေခံတည်ဆောက်ထားတာဖြစ်ပြီး အရာအားလုံးက ဒီကနေပဲ စီးဆင်းနေတာဖြစ်ပါတယ်။ အလ္လာဟ်(سبحانه وتعالى) မှ ကျမ်းမြတ်ကုရ်အာန်ထဲမှာ ဒီအချက်ကိုပိုပြီး ခိုင်မာစွာ မိန့်ဆိုထားပါတယ်။

📜 “အမှန်စင်စစ် ဤသည် ငါ၏ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ဖြစ်သည်။ သို့ဖြစ်ရာအသင်တို့သည် ထိုလမ်းစဉ်ကိုသာ လိုက်ကြပါ။ ထို့ပြင် အသင်တို့သည် အခြားလမ်းစဉ်များကို မလိုက်ကြနှင့်။” အာယာဟ် (၆း၁၅၃)
2️⃣ အသက်(ဘဝ) (နဖ်စ်/An-Nafs) ကို ကာကွယ်ခြင်း

မည်သူတစ်ဦးတစ်ယောက်၏ အသက် (ဘဝ) ကိုမှ ခိုင်လုံတဲ့ဥပဒေအကြောင်းအရင်းမရှိဘဲ ဖယ်ရှားလို့မရပါဘူး။ ကျမ်းမြတ်ကုရ်အာန်ထဲမှာပင် လာရှိထားပါတယ်။

📜 “၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က (မသတ်ဖြတ်ရန်)တားမြစ်ထားသော အသက်ကို မတရား မသတ်ဖြတ်ကြနှင့်။” အာယာဟ် (၆း၁၅၁)

အသက်ကိုကာကွယ်ခြင်းက ခုခံနိုင်စွမ်းအနည်းဆုံး၊ အားနည်းချက်အရှိဆုံးသောသူတွေကို ကာကွယ်ခြင်းဖြင့် စတင်ပါတယ်။

3️⃣ အသိဉာဏ် (အကယ်လ်/Al-‘Aql) ကို ကာကွယ်ခြင်း
📜 “အရှင်မြတ်သည် အသင်တို့ သိနားလည်ကြရန်အတွက် အသင်တို့အား ဤသည် နှင့်ပတ်သက်၍ (အလေးအနက်)မှာကြားတော်မူသည်။” အာယာဟ် (၆း၁၅၁)

“ تَعْقِلُونَ”

ဆိုတဲ့ အသင်နားလည်နိုင်ပါစေဆိုတဲ့ စကားလုံးကို ကျမ်းမြတ်ကုရ်အာန်ထဲမှာ ထပ်ခါထပ်ခါ ဖော်ပြထားပါတယ်။ အလ္လာဟ်(سبحانه وتعالى) သည် လူသားတို့၏ဆင်ခြင်နိုင်စွမ်းကို စဉ်ဆက်မပြတ် နှစ်သက်တော်မူသည့်အတွက် စူရာဟ် အလ်-မာအီဒါဟ် (سبحانه وتعالى) ထဲမှာ မူးယစ်စေတဲ့အရာတိုင်းကို တားမြစ်ထားတာပဲဖြစ်ပါတယ်။ သေသေချာချာမစဉ်းစားမတွေးခေါ်နိုင်သူတစ်ယောက်က ခဝပ်ကိုးကွယ်မှုကိုပြုလုပ်နိုင်မှာလည်းမဟုတ်သလို စာရိတ္တပိုင်းဆိုင်ရာမှာလည်း တာဝန်ခံနိုင်စွမ်းမရှိဘဲ အမှားနှင့် အမှန်တောင် ကောင်းကောင်းမခွဲခြားနိုင်တာမျိုးဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် တမန်တော်မြတ် (ﷺ) မှလည်း “ပညာကိုရှာဖွေသင်ယူခြင်းက မွတ်စ်လင်မ်တိုင်းအတွက် လုပ်ကိုလုပ်ရမဲ့အရာဖြစ်တယ်” လို့ မိန့်တော်မူခဲ့ပါတယ်။

4️⃣ စည်းစိမ်ဥစ္စာ (မလ်/Al-Maal) ကို ကာကွယ်ခြင်း
📜“ထို့ပြင် အသင်တို့သည် ကောင်းမွန်(တိုးတက်စေလို)သောနည်းလမ်းမှလွဲ၍အဘမဲ့ကလေးများ၏ပစ္စည်းဥစ္စာ၏ အနားသို့ သူတို့ အရွယ် မရောက်မချင်း မချဉ်းကပ်ကြနှင့်။ ၎င်းပြင် အသင်တို့သည် ခြင်ခွက်နှင့် ချိန်ခွင်များကို မျှတ ပြည့်ဝစွာ ခြင်တွယ်ချိန်ဆပေးကြပါ။ ” အာယာဟ် (၆း၁၅၂)

ခိုးယူခြင်း၊ လာဘ်ထိုးခြင်း၊ တိုင်းတာမှုတွင်လိမ်လည်ခြင်း၊ စည်းစိမ်ကိုမတရားနည်းဖြင့် ရယူခြင်း အားလုံးတို့ကို တားမြစ်ထားပါတယ်။ လူ့ဂုဏ်သိက္ခာအတွက် စီးပွားရေးအရလုံခြုံမှုရှိဖို့လိုအပ်တဲ့အတွက် စည်းစိမ်ဥစ္စာကို ထိန်းသိမ်းနိုင်ဖို့ အစ္စလာမ့်ဥပဒေတွေက ထောင့်ပေါင်းစုံကနေ ကာကွယ်ပေးထားပါတယ်။

5️⃣ မိသားစုနှင့်မျိုးရိုး (နစလ်/An-Nasl/Nasab) ကို ကာကွယ်ခြင်း
📜 “၎င်းပြင် အသင်တို့သည် ထင်ရှားသော စက်ဆုပ်ဖွယ်ရာမကောင်းမှုအနီးနှင့် လျှို့ဝှက်သော စက်ဆုပ်ဖွယ်ရာမကောင်းမှုများ၏ အနီး သို့ မကပ်ကြနှင့်။ ” အာယာဟ် (၆း၁၅၁)

အလ္လာဟ်(سبحانه وتعالى) သည် ဇိနာဟ်ကိုတားမြစ်ရုံသာမက အနားကိုတောင်မကပ်ဖို့ မိန့်ထားပါတယ်။ စူရာဟ် အလ်-အစ္စရာ ထဲတွင် 📜 “ထို့ပြင် အသင်တို့ သည် တရားမဝင်သော ကာမလိုက်စားပြုကျင့်မှု အနားကိုပင် မကပ်ကြနှင့်။ ထို့ပြင် ထိုအရာသည် အလွန်စက်ဆုပ် ရွံရှာဖွယ်ရာဖြစ်သည့်အပြင် အလွန်ဆိုးဝါးသောလမ်းစဉ်လည်းဖြစ်သည်။ ” လို့ ပါရှိထားပါတယ်(အာယာဟ် (၁၇း၃၂))။ မိသားစုအတွင်းရေးတည်ငြိမ်မှု၊ ကလေးငယ်များ၏ အခွင့်အရေးများ နှင့် မျိုးရိုးရှင်းလင်းပြည့်စုံမှု အားလုံးတို့က ဒီပေါ်မှာမူတည်နေပါတယ်။

💠 ရှရီယဟ်၏ ရည်ရွယ်ချက်နှင့် သဘောတရားများ၏ အဆင့်သုံးဆင့်💠

ပညာရှင်ကြီးများ အထူးသဖြင့် အီမာန် အလ်-ရှတီဗီ က Maqasid al-Shariah ရှရီယဟ်တရားတော် ၏ရည်ရွယ်ချက်နှင့် သဘောတရားများကို ဦးစားပေးအဆင့် ၃ ဆင့်ဖြင့် လည်ပတ်နေကြောင်းကို အသိအမှတ်ပြုဖော်ပြထားခဲ့ကြပါတယ်။

💠 Dhuroorriyyat (ဒူရူရီယသ်) (မရှိမဖြစ်လိုအပ်ချက်များ)

ဒူရူရီယသ် က အထက်မှာပြောထားတဲ့ အချက် ၅ ချက်လုံးပါရှိပါတယ်။ အီမာန် အလ်-ရှတီဗီက ဒီအချက် ၅ ချက်လုံးသည် ဒွန္နယာဟ်နှင့် အာခေရဟ် ၂ ဘဝလုံးမှာ ကောင်းကျိုးအဖြာဖြာရရှိနိုင်ဖို့အတွက် မဖြစ်မနေအကောင်အထည်ဖော်ရမည့်အချက်များဖြစ်တယ်လို့ အဓိပ္ပာယ်သတ်မှတ်ထားပါတယ်။ ဒါမှသာ အကယ်၍ ဒီ အချက် ၅ ချက်ကို မထိန်းသိမ်းနိုင်ဘူးဆိုရင် ဘဝတည်မြဲနေဖို့ မဖြစ်နိုင်တော့သလို အကျင့်ပျက်ချစားမှုတွေ၊ ပျက်စီးမှုတွေပေါ်လာပြီး အရာအားလုံးကို ဆုံးရှုံးလိုက်ရမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သာသနာ၊ အသက် (ဘဝ)၊ အသိဉာဏ်၊ စည်းစိမ်ဥစ္စာနှင့် မိသားစုကို ကာကွယ်ခြင်းက လျော့ပေးလို့မရတာပဲ ဖြစ်ပါတယ်။ ဒီ ၅ ချက်က ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုဖြစ်လာမို့ ရွေးချယ်စရာအချက်တစ်ခုမဟုတ်နေပါဘူး။ ဒီ ၅ ချက်ကို ကာကွယ်တာကပဲ ကောင်းမွန်တဲ့ဘဝတစ်ခုဖြစ်ဖို့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

💠 Hajiyyat ဟဂျီယသ် (လိုအပ်ချက်များ)

ဟဂျီယသ်သည် ဒါရီယသ်ထက်စာရင် အရမ်းကြီးမရှိမဖြစ်လိုအပ်နေတာမျိုးမဟုတ်ပေမဲ့ ဒါကိုသာပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်မယ်ဆိုရင် အခက်အခဲတွေနည်းလာပြီး လွယ်ကူမှုတွေများလာပါလိမ့်မယ်။ ဟဂျီယသ်သာ မရှိဘူးဆိုရင် ဘဝကြီးက ပိုပြီးခက်ခဲလာမှာဆိုပေမဲ့ မရှိရုံနဲ့ ဘဝက ပျက်စီးသွားမှာမျိုးတော့ မဟုတ်ပါဘူး။ လက်ထပ်ထိမ်းမြားခြင်းက ဟဂျီယသ် ထဲက ဥပမာကောင်းတစ်ခုဖြစ်ပါတယ်၊ တစ်ချို့သောလူတွေက အိမ်ထောင်မပြုဘဲ ဘဝကို စီမံကောင်းစီမံနေနိုင်ကြပေမဲ့ လူ့အသိုင်းအဝိုင်းတစ်ခုအနေနဲ့က ခြုံကြည့်မယ်ဆိုရင် အိမ်ထောင်ပြုသားမွေးခြင်းတွေ မရှိကြတော့ဘူးဆိုရင် ကောင်းစွာလည်ပတ်ဖို့ ခက်လာပါလိမ့်မယ်။ ကုန်သွယ်ရေးလည်း အလားတူပါပဲ၊ လူအများစုက ကိုယ့်မိသားစုကို ထောက်ပံ့နိုင်ဖို့အတွက် ကုန်သွယ်ရေးကို အမှီသဟဲပြုနေကြရပါတယ်။ ခုလိုတိုးတက်လာတဲ့ခေတ်ကာလကြီးမှာ သွားရေးလာရေးအဆင်ပြေချောမွေ့မှုကလည်း တကယ်ကိုအရေးကြီးတဲ့လိုအပ်ချက်ဖြစ်လာပါတယ်။ အစ္စလာမ်သာသနာက ဒီအချက်တွေအကုန်လုံးကို အားပေးထားပြီး ထိန်းချုပ်ထားပါတယ်၊ ဒါကြောင့်လည်း ဒီအချက်တွေကို ချုပ်ကိုင်ထားတဲ့ အသေးစိတ်စည်းမျဉ်းတွေရှိနေတာပဲ ဖြစ်ပါတယ်။

💠 Tahisiniyyat တဟ်စီနီယသ် (ပိုမိုတိုးတက်ကောင်းမွန်ခြင်းများ)

တဟ်စီနီယသ် က ဘဝကိုပိုပြီး ကောင်းမွန်စေတဲ့အချက်တွေပါပဲ၊ လေးစားစရာအလေ့အကျင့်ရှိတာမျိုးတွေ၊ ကောင်းမွန်တဲ့လူ့ကျင့်ဝတ်ရှိတာမျိုးတွေ၊ ကိုယ်ကျင့်တရားမြင့်မားတာတွေနှင့် အလ္လာဟ်()မှ ခွင့်ပြုပေးထားတဲ့ လှပတဲ့အရာတွေဖြစ်ကြတဲ့ ရေမွှေးသုံးတာမျိုး၊ အဝတ်စားကောင်းကောင်းဝတ်ဆင်တာမျိုး၊ အိမ်ကိုအလှဆင်ပြီး ထိန်းသိမ်းထားတာမျိုး အစရှိတဲ့အရာတွေပေါ့။ အစ္စလာမ်သာသနာမှာ ဒီအချက်တွေအကုန်လုံးကို အလ္လာဟ်() ၏ သနားကြင်နာမှုကို ကျေးဇူးသိသည့်အနေဖြင့် ဖော်ပြဖို့ အားပေးထားတယ်ဆိုပေမဲ့ ဒီ တဟ်စီနီယသ်ကို အနိမ့်ဆုံးဦးစားမှုအနေနဲ့ပဲ ထားရှိထားပါတယ်။

ဒီအဆင့် ၃ ဆင့်က ဘယ်လိုဆက်စပ်နေတာလဲ။

အီမာန် အလ်-ရှတီဗီ က ဒါရီယသ် သည် အခြားအဆင့် ၂ ခုရဲ့  အခြေခံအုတ်မြစ်ဖြစ်တယ်လို့ သင်ကြားပေးထားပါတယ်။ ဒါနှင့် ပတ်သက်ပြီး အရေးကြီးတဲ့ သဘောတရား ၃ ခုရှိပါတယ်။

  • ပထမအချက်က ဒူရူရီယသ် မှာသာ ကစဉ့်ကလျားဖြစ်နေပြီဆိုရင် ဟဂျီယသ် နှင့် တဟ်စီနီယသ် မှာ မလွဲမသွေ ပြဿနာလိုက်ဖြစ်တော့မှာပါ။ အုတ်မြစ်မှာ အက်ကြောင်းတွေပေါ်လာတဲ့အခါ အဲ့ဒီအပေါ်က အရာအားလုံးမှာ သွားပြီးအကျိုးသက်ရောက်မှုဖြစ်စေသလိုမျိုးပေါ့။
  • ဒုတိယအချက်က ဟဂျီယသ် နှင့် တဟ်စီနီယသ် အဆင့် ၂ ခုမှာ မညီမမျှတွေဖြစ်နေရင်တောင် ဒူရူရီယသ် ကို တန်းပြီး ထိခိုက်စေတာမျိုးမရှိပါဘူး။
  • တတိယအချက်ကတော့ ဒုတိယအချက်မှာပြောထားသလိုမျိုးဆိုပေမဲ့လည်း ဟဂျီယသ် နှင့် တဟ်စီနီယသ် အဆင့် ၂ ခုမှာ ဖြစ်နေတာတွေကို မထိန်းနိုင်လို့ သတိမမူမိလို့ ဒီအဆင့် ၂ ခုလုံး လုံးဝပျက်စီးသွားရင်တော့ နောက်ဆုံးမှာ ဒူရူရီယသ် ကို အနည်းနဲ့အများတော့ လာထိခိုက်စေမှာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် အစ္စလာမ့်စည်းမျဥ်းတွေမှာ မရှိမဖြစ်လိုအပ်ချက်များကို အမြဲတမ်းဦးစားပေးအဆင့်မှာထားထားပါတယ်။

ရည်ရွယ်ချက် ၅ ခုက တစ်ဖက်သန်ဆန်တဲ့ အကြောင်းအရင်းမဲ့ စည်းမျဉ်းတွေမဟုတ်ပါဘူး။ ဒီအချက် ၅ ချက်က ဒွန္နယာဟ်နှင့် အာခေရဟ် ၂ ဘဝလုံးမှာ ကြီးပွားတိုးတက်ဖို့အတွက် လူ့ဘဝရဲ့ ရှင်သန်နေထိုင်ဖို့ လိုအပ်ချက်များအဖြစ် အလ္လာဟ်(سبحانه وتعالى) ရဲ့ အမိန့်ကြေငြာချက်ပဲဖြစ်ပါတယ်။

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၅) အစ္စလာမ့်ဥပဒေက အချိန်ကာလနှင့် ဘယ်လို အလိုက်သင့်ပြောင်းလဲနိုင်သလဲ။ အပိုင်း (၆) မတူညီတဲ့လမ်းကြောင်းအတိုင်းသွားနေပေမဲ့ တူညီတဲ့ လားရာတစ်ခုတည်းကိုသာ ဦးတည်နေတဲ့ ကျောင်းတော်ကြီး ၄ ခု

Leave a Reply

Your email address will not be published. Required fields are marked *