လုပ်ဆောင်ရမဲ့ အစ္စလာမ့်ဥပဒေ အမျိုးအစားတွေကို ဘယ်လိုခွဲထားသလဲဆိုတာ လူအများစုကိုမေးကြည့်ပါ။ ဟလ်လာဟ် (ပိုင်တယ်) ဒါမှမဟုတ် ဟရာမ် (မလုပ်ပိုင်ဘူး)၊ ခွင့်ပြုတယ် ဒါမှမဟုတ် တားမြစ်ထားတယ် ဆိုတဲ့အမျိုးအစားတွေပါပဲလို့ တူညီတဲ့အဖြေကို သင်ပြန်ရနိုင်ခြေများပါလိမ့်မယ်။ တကယ်တမ်းမှာတော့ ဒါက အရိုးရှင်းဆုံးဖြစ်အောင်ရှင်းလင်းထားချက်တစ်ခုဖြစ်ပြီး မလိုအပ်တဲ့ ရှုပ်ထွေးမှုတွေအများကြီး ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
တကယ်က အစ္စလာမ့်ဥပဒေမှာ ကျယ်ပြန့်တဲ့ ဝေါဟာရများစွာရှိနေပါတယ်။ လူတွေရဲ့ ပြုမှုလုပ်ဆောင်ချက်တိုင်းက အစ္စလာမ့်ဥပဒေအမျိုးအစား ၅ မျိုးထဲက ၁ မျိုးထဲမှာ သွားဝင်နေလေ့ရှိပြီး ဒီ ၅ မျိုးရဲ့ ၁ ခုနှင့် ၁ ခုကြားက ခြားနားခြင်းကို နားလည်သဘောပေါက်ခြင်းအားဖြင့် ပညာရှင်ကြီးတွေရဲ့ အမြင်နှင့် ယူဆချက်တွေကို ဘယ်လိုဖတ်ရှုရမလဲဆိုတာ၊ ခဝပ်ကိုးကွယ်မှုပြုတာကို နားလည်တာ၊ နေ့တဓူဝမှာ ချနေရတဲ့ဆုံးဖြတ်ချက်တွေနှင့် ပတ်သက်လာတဲ့အခါမှာ သင့်အမြင်တွေပြောင်းလဲလာပါလိမ့်မယ်။
💠 ပထမဆုံးအမျိုးအစားက ဝါဂျစ်ဗ် (واجب) လို့ ခေါ်တဲ့ မဖြစ်မနေလုပ်ကိုလုပ်ရမဲ့ ဝတ္တရားတွေဖြစ်ပါတယ်။ ဒီအမျိုးအစားထဲမှာပါနေတဲ့ အပြုအမှုတွေက အလ္လာဟ် (ﷻ) မှ တိကျခိုင်မာစွာနှင့် သတ်မှတ်ထားတဲ့အချိန်တွေမှာ လုပ်ဖို့လိုအပ်ကြောင်း အမိန့်ပေးထားတဲ့ ဝတ္တရားတွေဖြစ်ပါတယ်။ 🕌 တစ်နေ့ နမားဇ် ၅ ကြိမ်ဖတ်ခြင်း၊ လမြတ်ရမဿွါန်တွင် ရိုဇာစောင့်ထိန်းခြင်း 🌙 နှင့် ဇကားသ်ပေးကမ်းခြင်းတို့က ဝါဂျစ်ဗ်ဖြစ်ပါတယ်။ စည်းမျဉ်းက ရှင်းပါတယ်၊ ဝါဂျစ်ဗ်ထိုက်တာကို လုပ်မယ်ဆိုရင် အကျိုးဆဝါးဗ်တွေချီးမြှင့်ခံရမယ်၊ တိကျခိုင်လုံတဲ့အကြောင်းအရင်းမရှိဘဲ မလုပ်ပဲနေမယ်ဆိုရင် အပြစ်ထိုက်မှာဖြစ်ပြီးတော့ တာဝန်ခံရမှာဖြစ်ပါတယ်။ ဒါက “လုပ်ဆောင်ဖို့အားပေးတိုက်တွန်းချက်”လေးပဲမဟုတ်ပါဘူး။ လုပ်ဆောင်ဖို့ လိုကို လိုအပ်တာပါ။
💠 ဒုတိယအမျိုးအစားကတော့ မန်ဒူးဘ် (مندوب) လို့ခေါ်တဲ့ လုပ်ဆောင်ရန်အားပေးတိုက်တွန်းထားသည့် ဝတ္တရားတွေဖြစ်ပါတယ်။ ဒီအမျိုးအစားထဲမှာပါတဲ့အချက်တွေက လုပ်ဆောင်မဲ့သူကို လုပ်ဖို့ အားပေးထားတယ်ဆိုပေမဲ့ တရားသေလုပ်ကိုလုပ်ရမယ်ဆိုပြီး ချည်နှောင်ထားတာမရှိပါဘူး။ ဒီအချက်တွေကို လုပ်ရင် အကျိုးဆဝါးဗ်တွေရနိုင်မှာဖြစ်ပြီး မလုပ်ဘဲနေလို့လည်း အပြစ်မထိုက်ပါဘူး။ 🤲 ဒီအချက်တွေထဲမှာဆို ဖဂျဟ်နမားဇ်မတိုင်ခင် ဒါမှမဟုတ် ဇိုဟိုရ်အပြီးမှာ စွန္နဟ် (سنة) နမားဇ်ဖတ်ခြင်းပါဝင်ပါတယ်။ ဒီအမျိုးအစားထဲမှာမှ အလေးအနက်တိုက်တွန်းချက်ဖြစ်တဲ့ တမန်တော်မြတ် (ﷺ) စွဲစွဲမြဲမြဲ ဆက်တိုက်ပြုလုပ်လေ့ရှိတဲ့ စွန္နဟ် မူအ်ကဒဟ် (سنة مؤكدة) နှင့် တမန်တော်မြတ် (ﷺ) ရံဖန်ရံခါ ပြုလုပ်လေ့ရှိတဲ့ စွန္နဟ် ဂိုင်းရ် မူအ်ကဒဟ် (سنة غير مؤكدة) ဆိုပြီး ပြန် ထပ်ခွဲထားတာရှိပါတယ်။ ဒီလို ၂ ခု ထပ်ကွာတာက အရေးကြီးပါတယ်။ ဥပမာအားဖြင့် စွန္နဟ် မူအ်ကဒဟ်ဖြစ်တဲ့ အာဇန်သံကို လူအသိုင်းအဝိုင်းတစ်ခုလုံးက အတူတကွ မသိကျေးကျွံပြုလိုက်တာက မဖြစ်မနေမဖတ်လည်းရတဲ့ ကေယာမ်နမားဇ်မဖတ်ဘဲ နေလိုက်တာထက်စာရင် ပိုကြီးလေးတဲ့ တာဝန်ခံမှုကို ရင်ဆိုင်ဖြေရှင်းရမှာပဲဖြစ်ပါတယ်။
💠 တတိယအမျိုးအစားကတော့ မူဘဟ် (مباح) လို့ခေါ်တဲ့ တရားဝင်ခွင့်ပြုချက်တွေဖြစ်ပါတယ်။ ⚖️ လုပ်ဖို့ညွှန်းဆိုထားတာမရှိသလို မလုပ်လည်း အပြစ်ထိုက်မှာမျိုးတွေ မရှိပါဘူး။ လုပ်ဆောင်မဲ့သူအတွက် ရွေးချယ်ခွင့်ပေးထားပြီးသားဖြစ်ပါတယ်။ ဒါတွေက ကျွန်မတို့နေ့တိုင်းနီးပါးလုပ်ဆောင်ဖြစ်ကြလေ့ရှိတဲ့ အချက်တွေ ပါပါတယ်၊ 🍽️ တရားဝင်တဲ့ စည်းဘောင်အတွင်းမှာ ဘာတွေကို စားသောက်နေတာလဲ ဆိုတာတွေ၊ 👗 အိန္ဒြေရှိတဲ့ သတ်မှတ်ချက်တွေထဲက ဘယ်လိုဝတ်စားဆင်ယင်နေလဲဆိုတာတွေ၊ 💼 ဘယ်လိုအသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်လုပ်ဆောင်နေလဲဆိုတာတွေ အကုန်ပါဝင်နေပါတယ်။ ဒီတတိယအမျိုးအစားနှင့် ပတ်သက်ပြီးပညာရှင်ကြီးတွေက ဖော်ပြထားတဲ့ စိတ်ဝင်စားစရာမှတ်ချက်တစ်ချို့လည်းရှိပါတယ်။ တစ်ချို့အချက်တွေက မူဘဟ်ထိုက်တယ်ဆိုပေမဲ့ အခြေအနေပေါ်မူတည်ပြီး အမျိုးအစားပြောင်းနိုင်တယ်ဆိုတာပါပဲ။ စားသောက်ခြင်းက တရားဝင်ခွင့်ပြုချက် မူဘဟ် ဖြစ်ပေမဲ့ အသက်သေစေနိုင်သည်အထိ အငတ်ခံတာမျိုးက အစ္စလာမ့်ဥပဒေရဲ့ အဓိကအချက်တစ်ခုဖြစ်တဲ့ အသက်ကိုထိန်းသိမ်းကာကွယ်ခြင်းအား ထိပါးလာတာဖြစ်တဲ့အတွက် ဒီလိုအခြေအနေမှာ ဝါဂျစ်ဗ်ထိုက်သွားနိုင်ပါတယ်။
💠 စတုတ္ထအမျိုးအစားကတော့ မက်ခရူဟ် (مكروه) ဖြစ်ပြီး မလိုလားချက်ဖြစ်ပါတယ်။ ⚠️ ဒီအမျိုးအစားထဲမှာတော့ မလုပ်ဆောင်ဖို့ကိုပိုမိုအားသာပေမဲ့မဖြစ်မနေမလုပ်ရမှာတော့မဟုတ်တဲ့ အချက်တွေပါပါတယ်။ ဒီထဲမှာပါတဲ့အချက်တွေကို လုပ်ဆောင်လို့ဆိုပြီး ပြစ်ဒဏ်ခံရမှာမျိုးတော့မဟုတ်ပေမဲ့ အပြစ်ထိုက်တဲ့ အဆင့်သတ်မှတ်ချက်တစ်ခုတော့ ရှိနေပါတယ်။ ဒီအမျိုးအစားကို ပညာရှင်တွေက ထပ်ခွဲထားပြီး တစ်ချို့မလိုလားတဲ့လုပ်ဆောင်ချက်တွေက တားမြစ်ထားတဲ့စည်းနှင့် အရမ်းနီးကပ်နေပြီး ဒါကို မက်ခရူဟ် သဟ်ရီးမန်း (مكروه تحريماً) ဆိုပြီးခေါ်ပါတယ်။ ကျန်တဲ့ မလိုလားတဲ့လုပ်ဆောင်ချက်တွေကိုတော့ လုပ်ဆောင်မိရင် မွတ်စ်လင်မ်တစ်ယောက်လို့ မသတ်မှတ်ခံရနိုင်သည်အထိ ဖြစ်သွားနိုင်တဲ့ မက်ခရူဟ် တန်ဇီးဟန် (مكروه تنزيهاً) ဆိုတာလည်း ရှိပါတယ်။
💠 ပဉ္စမမြောက်အမျိုးအစားကတော့ တားမြစ်ချက်ဖြစ်တဲ့ ဟရာမ် (حرام) ပဲ ဖြစ်ပါတယ်။ ⛔ ဒီအမျိုးအစားထဲမှာတော့ တိကျတဲ့ စည်းမျဉ်းတွေနှင့် တိတိပပကို မလုပ်ဆောင်ဖို့ တားမြစ်ချက်တွေပါဝင်ပါတယ်။ ဒီအချက်တွေနှင့်ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် 📖 ထဲမှာ တိတိကျကျတားမြစ်ထားတာတွေရှိပါတယ်။ “ထို့ပြင် အသင်တို့သည် တရားမဝင်သော ကာမလိုက်စားပြုကျင့်မှု အနားကိုပင် မကပ်ကြနှင့်။”(အာယာဟ် ၁၇း၃၂) ၊ “အသင်တို့သည် အလ္လာဟ်အရှင်မြတ် (ﷻ) နှင့်တွဲဖက်ပြီး မည်သည့်အရာကိုမှ မကိုးကွယ်ကြနှင့်။ ထို့ပြင် အသင်တို့၏ သားသမီးများအား ဆင်းရဲမှုကြောင့် မသတ်ဖြတ်ကြနှင့်။”(အာယာဟ် ၆း၁၅၁)၊ “ထို့ပြင် အသင်တို့သည် အသင်တို့အချင်းချင်း တစ်ဦး၏ပစ္စည်းကို တစ်ဦးက မတရားသည့်နည်းဖြင့် မစားသုံးကြနှင့်။” (အာယာဟ် ၂း၁၈၈)
ဒီဖော်ပြချက်တွေက တိကျပြတ်သားပြီး ဒွိဟဖြစ်စရာမရှိပါဘူး။ တားမြစ်ချက်သည် ဒွန္နယာဟ်၊ အာခေရဟ် နှစ်ဘဝလုံးတွင် အပြင်းထန်ဆုံးသောအမျိုးအစားလည်းဖြစ်ပါတယ်။
ဘာလို့ဒီစည်းမျဉ်းတွေကို သိဖို့အရေးကြီးတာလဲ။ 🤔 ဘာဖြစ်လို့လဲဆိုတော့ “ရှောင်တာအကောင်းဆုံးပဲ” လို့ အကြောင်းအရာ တစ်ခုကို ပညာရှင်တွေက ပြောလာတဲ့အခါ ဒါက လုံးဝမလုပ်ရဘူးလို့ တားမြစ်ထားတဲ့ ဟရာမ် နဲ့ မတူပါဘူး။ “လုပ်ဆောင်ဖို့တိုက်တွန်းချက်” လို့ ပြောလာတဲ့အခါ ဒါက မဖြစ်မနေလုပ်ကိုလုပ်ရမဲ့ ဝါဂျစ်ဗ် နှင့် မတူပါဘူး။ ဒီအစ္စလာမ့်ဥပဒေအမျိုးအစား ၅ ခုက အစ္စလာမ့်ဥပဒေရဲ့ တိကျတဲ့ ဘာသာစကားတွေဖြစ်ပြီး ဒါတွေကို သိထားခြင်းက ပညာရှင်တွေရဲ့ လမ်းညွှန်ချက်ကို ရရှိတဲ့အခါ သူ့အမျိုးအစားအလိုက် တိကျစွာလိုက်နာလုပ်ဆောင်နိုင်ဖို့ ကျွန်မတို့ကို ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။ ✨
