Skip to content

အပိုင်း (၁၇) သံသယက သေချာမှုကို မဖျက်ဆီးနိုင်သည့်အခါ…

اليقين لا يزول بالشك

Al-yaqīnu lā yazūlu bil-shakk

— သေချာတဲ့ဆိုတဲ့အချက်ကို သံသယအားဖြင့် ပစ်ပယ်လို့မရနိုင်ပါ။ ⚖️

📚 ဒီကိုင်ဒါဟ် က ဘယ်ကနေဖြစ်ပေါ်လာတာလဲ။

ယခုကိုင်ဒါဟ် သည် ရင်းမြစ် ၂ ခုမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။

📖 ပထမတစ်ခုက ကျမ်းမြတ်ကုရ်အာန် (Qurʾān) ထဲက အာယာဟ် တစ်ခုမှဖြစ်ပါတယ်။

“ထို့ပြင် သူတို့ထဲမှ အမြောက်အမြားသည် (အခြေအမြစ်မရှိသော)ထင်မြင်ယူဆချက်ကိုသာ လိုက်နာကြသည်။ အမှန်စင်စစ် ထိုထင်မြင်ချက်သည် အမှန်နှင့်ဆန့်ကျင်ပြီး မည်သည့်အကျိုးမျှ မပေးပေ။”

(စူရာဟ် ယူနွတ်စ် Surah Yūnus အာယာဟ် ၁၀း၃၆)


📚 ဒုတိယတစ်ခုက ဟဒီးဆ် (Hadith) မှ ဖြစ်ပါတယ်

ဒုတိယတစ်ခုက အလ်-ဗူခါဟ်ရီ (Imām al-Bukhārī) နှင့် အလ်-မွတ်စ်လင်မ် (Imām Muslim) တို့ထဲမှ ဟဒီးဆ်တော်တစ်ပုဒ်ကနေဖြစ်ပါတယ်။

အမျိုးသားတစ်ဦးမှ နမားဇ် (Ṣalāh) ဝတ်ပြုနေစဉ်အတွင်း ဝူဒူ (Wuḍūʾ) ကိုဖြတ်လိုက်မိပြီလို့ တွေးမိရင်း တမန်တော်မြတ် မုဟမ္မဒ် ﷺ ထံပါးတွင် ညည်းညူမှုပြုခဲ့ပါတယ်။ ထိုအခါ တမန်တော်မြတ်ကြီးက

“အကြင်သူသည် အသံ သို့မဟုတ် အနံ့တစ်ခုခု မရမချင်း နမားဇ်ဝတ်ပြုခြင်းကိုမရပ်လိုက်သင့်ပါဘူး”

လို့ ပြန်လည်မိန့်ကြားခဲ့ပါသည်။

ယင်းဟဒီးဆ်တော်အား အီမာမ် အလ်-နဝါဝီ (Imām al-Nawawī) မှ

“ အစ္စလာမ့် အခြေခံသဘောတရားများထဲမှ တစ်ချက်ဖြစ်ပြီး ဖိက်ဟ် (Fiqh) ကိုင်ဒါဟ်တွေကြား ခမ်းနားတဲ့ ကိုင်ဒါဟ်တစ်ခုဖြစ်တယ်”

လို့ ဖော်ပြခဲ့ပါတယ်။

ဒါနှင့် ပတ်သက်ပြီး အကြောင်းအရာတွေအပေါ် စီရင်ချက်ကတော့ သေချာတဲ့အချက်တစ်ခုခုက ဆန့်ကျင်နေတာမရှိမချင်း အကြောင်းအရာ/အဖြစ်အပျက်/လုပ်ဆောင်ချက်တစ်ခုသည် သူတို့၏ စတင်ပြုလုပ်ထားသည့် အခြေအနေတွင်သာ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။


⚖️ ဥပဒေရေးရာအရေးပါမှု

ဒီကိုင်ဒါဟ်သည် ဥပဒေရေးရာ စီရင်ချက်အားလုံး၏ လေးပုံ သုံးပုံစာတွင် ပါဝင်နေသည်ဟု အလ်-စုယုသီ (Imām al-Suyūṭī) မှ ခန့်မှန်းခဲ့ပါတယ်။

ဒီကိုင်ဒါဟ်သည် ဥပဒေရေးရာကိုင်ဒါဟ်များ၏ အစောဆုံးရေးသားဖော်ပြချက်ပေါင်းချက် ဟု အသိများကြသည့် အူစူးလ် အလ်-ဖိက်ဟ် (Uṣūl al-Fiqh) ထဲတွင် မှတ်တမ်းတင်ထားသည့် ပထမဆုံး သဘောတရားတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီကိုင်ဒါဟ်သည် ဖိက်ဟ်ကို ပထမဆုံး စနစ်တကျဖြစ်အောင် အစပြုခဲ့သည့် ဥပဒေပညာရှင်များအတွက် အခြေခံအကျဆုံး သဘောတရားတစ်ခုလည်း ဖြစ်ပါတယ်။


⚖️ ဒီကိုင်ဒါဟ် က လက်တွေ့မှာ ဘယ်လို အသုံးဝင်သလဲ

ဒီကိုင်ဒါဟ်သည် လားရာ ၂ ခုတွင် သက်ရောက်ပါသည်။

✔️ သေချာစွာတည်ရှိနေသည့်အရာကို သံသယဖြင့် ဖယ်ရှား၍မရနိုင်သလို

✔️ မရှိဘူးဆိုတာသေချာတဲ့အကြောင်းအရာကိုလည်း သံသယဖြင့် ရှိနေတယ်လို့ လုပ်လို့မရနိုင်ပါဘူး။

တခြားတစ်မျိုးပြောရမယ်ဆိုရင် သံသယသည် သေချာမှုထက် အမြဲတမ်း အားနည်းပြီး သေချာမှုကို ဘယ်သောအခါမှ ကျော်လွှားမရပါ။ 📊

ကျမ်းဂန်ရင်းမြစ်တွေထဲမှာ ဒါနဲ့ပတ်သက်ပြီး တိကျတဲ့ အဆင့်သတ်မှတ်ချက်ရှိပါတယ်။

  • ယကီင်း (يقين – Yaqīn) – သေချာခြင်း
  • ဇန် (ظن – Ẓann) – အခြားတစ်ခုထက်ပိုပြီးဖြစ်နိုင်ခြေမြင့်မားခြင်း
  • ရှက်ခ် (شك – Shakk) – လားရာ ၂ ဖက်လုံး ဖြစ်နိုင်ခြေရှိခြင်း
  • ဝှမ်း (وهم – Wahm) – ခိုင်မာသည့်ယူဆချက်ထက် ပိုအားနည်းသည့် သံသယ

သေချာခြင်း ရှိနေပြီဆိုရင် နောက်ဆက်တွဲ၃ ချက်လုံးမှဖြစ်စေ၊ တစ်ချက်ချင်းမှ ဖြစ်စေ သေချာခြင်းကို မဖျက်နိုင်ပါဘူး။


📌 ဒါကိုလည်း ဥပမာတွေနှင့် ပိုမြင်သာအောင် ဆွေးနွေးကြည့်ကြရအောင်

🕌 ဥပမာများ

ခဝပ်ကိုးကွယ်ခြင်း (ʿIbādah)

လူတစ်ယောက်သည် ဝူဒူ (Wuḍūʾ) ပြုလုပ်ပြီး နမားဇ် (Ṣalāh) ဝတ်ပြုရာ၊ ဝတ်ပြုနေရင်း ဝူဒူပျက်ပြီလားလို့ သံသယဝင်စပြုလာပါတယ်။

ဝူဒူပြုလုပ်ထားခြင်းက သေချာခြင်းဖြစ်ပြီး ပျက်ပြီးလားဆိုတဲ့အတွေးတစ်ခုတည်းက သံသယဖြစ်ပါတယ်။

ဒီအတွက် စီရင်ချက်က ဝူဒူဆက်ရှိနေတဲ့အတွက် နမားဇ်ကိုအဆုံးထိ ဆက်ဖတ်လို့ရပါတယ်။

ဒီစီရင်ချက်က တူညီစွာပြောင်းပြန်အနေနဲ့လည်းအသုံးပြုလို့ရပါတယ်။

လူတစ်ယောက်က ဝူဒူမလုပ်ထားတာသေချာနေပြီး ဝူဒူလုပ်လိုက်မိလား တွေးမိတယ်ဆိုရင် ဝူဒူမရှိသည့်အနေဖြင့်သာ သဘောထားရမှာဖြစ်ပါတယ်။

တူညီတဲ့သဘောတရားပဲ နမားဇ်ဝတ်ပြုတဲ့အခါ ရကတ်အ် (Rakʿah) ဘယ်နှစ်ခုဖတ်ပြီးလဲဆိုတာ ရေတွက်တဲ့နေရာမှာ အကျုံးဝင်ပါတယ်။

လူတစ်ယောက်က နှစ် ရကတ်အ် ဖတ်ပြီးတာ သေချာပြီး သုံး ရကတ်အ်ဖတ်မဖတ် မသေ ချာနေဘူးဆိုရင် သေချာခြင်းဖြစ်တဲ့ ပိုနည်းတဲ့ နံပါတ်ဖြစ်တဲ့ ၂ ရကတ်အ်ပြီးထားတာကိုပဲ ယူရမှာဖြစ်ပါတယ်။


💰 အရောင်းအဝယ်များနှင့် ရပိုင်ခွင့်များ

လူတစ်ယောက်က ပိုက်ဆံချေးလိုက်တယ်၊ အဲ့နောက်မှာ ပြန်ဆပ်ပြီးလား မပြီးလားဆိုတာကို မသေမချာဖြစ်လာနေခဲ့တယ်။

ဒီကိုင်ဒါဟ်အရဆိုရင် အကြွေးက ဆက်ရှိနေမှာပါ၊ သေချာတယ်ဆိုတဲ့ ချေးထားတဲ့ ပြန်ပေးရမဲ့ ဝတ္တရားကို ပေးပြီးတယ်ထင်ရုံနှင့် မပေးဘဲနေလို့မရပါဘူး။

ဒီတူညီတဲ့ လော့ဂျစ်ကပဲ ဥပဒေရေးရာ အငြင်းပွားမှုတွေမှာ စွပ်စွဲခံရခြင်းတွေအတွက် ကာကွယ်မှုပေးပါတယ်။

ဒီကိုင်ဒါဟ်ရဲ့ အောက်က အခွဲတစ်ခုမှာ ဖော်ပြထားတာက

“ယေဘုယျဥပဒေအရ လူသားများသည် တာဝန်ယူရခြင်းများမှ ကင်းလွတ်ပါသည်”

အဓိပ္ပာယ်မှာ လူသားတို့ရဲ့ အစအခြေအနေက ရိုးသားခြင်းဖြစ်တဲ့အတွက် သက်သေအထောက်အထား မရှိမခြင်း တာဝန်ခံဖို့အတွက် စွဲချက်တင်လို့မရနိုင်ပါဘူး။

ဥပဒေရေးရာသမိုင်းကြောင်းတစ်လျောက်မှာ ပညာရှင်အချို့က ဒီကိုင်ဒါဟ်ကို ဥပဒေအတွက် သဘောတရားအရင်းအမြစ်အနေဖြင့် လူတစ်ယောက်က ပြစ်မှုကျူးလွန်ကြောင်း သက်သေမရှိမခြင်း ထိုသူသည် အပြစ်ကင်းသည်ဟု မှတ်ချက်ပြုခဲ့ကြပါတယ်။ ⚖️

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အအပိုင်း (၁၅) အလ် ကဝါအဒ် အလ်-ဖိကိယာဟ် အကြောင်းမိတ်ဆက် အပိုင်း (၁၈) ဥပဒေက နည်းလမ်းရှာပေးလာ‌သောအခါ…

Leave a Reply

Your email address will not be published. Required fields are marked *