အလ် အလီးမ်- အလုံးစုံတို့ကို အတွင်း၊ အပြင် သိတော်မူသော အရှင်၊ အလွန်တရာ ကြီးမားကျယ်ပြန့်သည့် ပညာဥာဏ်တော်ကို စိုးပိုင်တော်မူသော အရှင်
“Al-Aleem( ٱلْعَلِيمُ – အလ် အလီးမ် )” ဆိုတဲ့ နာမတော် က ဘာကိုရည်ညွှန်းပါသလဲ။
“Al-Aleem” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် ပြီးပြည့်စုံသောအသိပညာရှင်ဖြစ်ပြီး မျက်စိနှင့်မြင်ရသည်ဖြစ်စေ၊ မမြင်ရသည်ဖြစ်စေ၊ ထင်ပေါ်သည်ဖြစ်စေ၊ ဖုံးကွယ်ထားသည်ဖြစ်စေ၊ ပစ္စုပန်ဖြစ်စေ၊ အနာဂတ်ဖြစ်စေ၊ နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ အရာအားလုံးကိုထိုးသွင်းသိမြင်နိုင်သည့် တစ်ပါးတည်းသောအရှင်ဖြစ်ကြောင်းကို ရည်ညွှန်းပါတယ်။
အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သည် ကျွန်မတို့ကျေးကျွန်များမှာရှိနေတဲ့ အယူအဆ၊ အတွေးအခေါ်၊ ရည်ရွယ်ချက်များကို သိမြင်နိုင်ပြီး အရာခပ်သိမ်းကိုအလုံးစုံသိမြင်နိုင်သည့် အရှင် ဖြစ်ကြောင်းကိုလည်း အလေးအနက်ဖော်ဆောင်ထားပါတယ်။
“Al-Aleem” ဆိုတဲ့ နာမတော်သည် ကျွန်မတို့အတွက် ဘယ်လို Reminder (သတိပေးချက်) အနေနဲ့ ရှိနေပါသလဲ။
အီမာန်သက်ဝင်ယုံကြည်သူများအတွက် “Al-Aleem” ဆိုတဲ့ နာမတော်သည် အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) ၏ ကြီးကျယ်မြင့်မြတ်တဲ့ အသိပညာကို ယုံကြည်အားကိုးပြီး အသိအမှတ်ပြုမြင်တတ်ရန် အရေးကြီးကြောင်း သတိပေးနေပါတယ်။ ကျွန်မတို့တွေဟာ အသက်တွေကြီးမြင့်လာတာနဲ့အမျှ ကိုယ်သိထားသမျှ၊ သင်ထားသမျှပညာရပ်တွေနှင့် ကိုယ့်ကိုယ်ကို ပညာရှိတယ်လို့တွေးပြီးတစ်ခါတစ်လေ စိတ်ကြီးဝင်တတ်ကြပါတယ်။ အလ္လာဟ် (سُبْحَانَهُ وَتَعَالَى) သာလျှင် ပြီးပြည့်စုံတဲ့အသိပညာရှိတယ်ဆိုတာကို ဆင်ခြင်မိမယ်ဆိုရင် ကိုယ်သိထားတာတဲ့ အသိပညာက နှိုင်းယှဉ်လို့မရအောင်နည်းပါးတယ်ဆိုတာကို နားလည်နိုင်လာပြီး Humble နှိမ့်ချတတ်တဲ့စိတ်မွေးမြူနိုင်ဖို့ကတော့ အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။
