ကျွန်မတို့ ဆွေးနွေးခဲ့ပြီးပြီဖြစ်တဲ့ သင့်တင့်လျောက်ပတ်သော မာန၊ ဂုဏ်သိက္ခာနဲ့ တခြားအရာတွေဟာ ကျမ်းမြတ်ကုရ်အာန်နဲ့ တမန်တော်မြတ် (ﷺ) ရဲ့ စွန္နဟ်မှာ အပြုသဘောဆောင်တဲ့ အဓိပ္ပာယ်နဲ့ တွဲဖက်လေ့မရှိဘူး၊ ပြီးတော့ ကျွန်မတို့ ပြီးခဲ့တဲ့ဆောင်းပါးမှာ နူးညံ့သိမ်မွေ့မှုအကြောင်း ဆွေးနွေးခဲ့ကြသေးတယ်။ အခုတော့ ဒီအယူအဆအားလုံးကို ပေါင်းစပ်ဖို့ အကောင်းဆုံးနည်းလမ်းက ကျမ်းမြတ်ကုရ်အာန်ထဲက ဒီလှပတဲ့ အာယာဟ်ကို ကြည့်ပြီး အလ္လာဟ် (سبحانه وتعالى) က အရှင်မြတ်ချစ်တဲ့ လူအုပ်စုအကြောင်း ပြောတာကို လေ့လာဖို့ပါ။
ءَامَنُوا۟ مَن يَرْتَدَّ مِنكُمْ عَن دِينِهِۦ فَسَوْفَ يَأْتِى ٱللَّهُ بِقَوْمٍۢ يُحِبُّهُمْ وَيُحِبُّونَهُۥٓ أَذِلَّةٍ عَلَى ٱلْمُؤْمِنِينَ أَعِزَّةٍ عَلَى ٱلْكَـٰفِرِينَ يُجَـٰهِدُونَ فِى سَبِيلِ ٱللَّهِ وَلَا يَخَافُونَ لَوْمَةَ لَآئِمٍۢ ۚ
အလ္လာဟ် (سبحانه وتعالى) မှ သက်ဝင်ယုံကြည်သူတွေကို မိန့်တော်မူတာက –
“အသင်တို့ထဲမှမည်သူမဆို သူ၏သာသနာမှ ပြန်လှည့်ထွက်သွားလျှင် အလ္လာဟ်အရှင်မြတ်သည် မကြာမီ အကြင်လူမျိုးတစ်မျိုးကိုဖန်ဆင်းယူလာတော်မူမည်၊ ထိုလူမျိုးကို အရှင်မြတ်သည် ချစ်ခင်တော်မူမည်။ ၎င်းပြင် သူတို့ကလည်း အရှင်မြတ်ကို ချစ်ခင်တော်မူမည်။ (သူတို့သည် ) အီမာန် ယုံကြည်သူများအပေါ်တွင် နူးညံ့သိမ်မွေ့ သောစိတ်ထားရှိသူများဖြစ်ကြမည်။ ကာဖိရ် ငြင်းပယ်သူများအပေါ်၌မူ ပြင်းထန်တင်းမာသောသူများဖြစ်ကြလိမ့်မည်။ ထိုသူများသည် အလ္လာဟ်အရှင်မြတ်၏လမ်း၌ သက်စွန့်ကြိုးပမ်း(တိုက်ခိုက်)ဆောင်ရွက်ကြလိမ့်မည်။ ထို့ပြင် သူတို့သည် မည်သည့် ပြစ်တင်ကဲ့ရဲ့သူတစ်ဦးတစ်ယောက်၏ ပြစ်တင်ကဲ့ရဲ့ခြင်းကိုမှ စိုးရိမ်ကြမည် မဟုတ်ပေ။၎င်းသည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ပင်ဖြစ်သည်။ အရှင်မြတ်သည် ထိုကျေးဇူးတော်ကို အရှင်မြတ်အလိုရှိတော်မူသောသူအား ပေးသနားတော်မူသည်။”
အသင်တို့ထဲက တစ်ယောက်ယောက်က သူရဲ့ဘာသာကို စွန့်ခွာသွားရင် အလ္လာဟ် (سبحانه وتعالى) ဟာ အလ္လာဟ် (سبحانه وتعالى) ကို ချစ်ပြီး အလ္လာဟ် (سبحانه وتعالى) ကလည်း သူတို့ကို ချစ်တဲ့ လူတွေနဲ့ အစားထိုးပေးလိမ့်မယ်။ အလ္လာဟ် (سبحانه وتعالى) မှ ထိုသူများသည် အလ္လာဟ် (سبحانه وتعالى) ကို အမှန်တကယ်ချစ်ပြီး အလ္လာဟ် (سبحانه وتعالى) ကလည်း ထိုသူတို့ကို တကယ်ပဲ ချစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ အလ္လာဟ် (سبحانه وتعالى) က သူတို့ရဲ့ စရိုက်လက္ခဏာတွေအကြောင်း ဖော်ပြရာမှာ သက်ဝင်ယုံကြည်သူချင်းအကြားမှာ နှိမ့်ချပြီး မယုံကြည်သူတွေအကြားမှာ ဂုဏ်သိက္ခာရှိကြာင်း၊ အပြစ်တင်သူများရဲ့ အပြစ်တင်မှုကို မကြောက်ရွံ့ကြောင်း ပြောကြားခဲ့ပါတယ်။ ကျွန်မတို့ အရှေ့မှာ ကောင်းမွန်သည့် ဂုဏ်ယူမှုမျိုး (Healthy Pride) နှင့် မကောင်းမွန်သည့် ဂုဏ်ယူကြွားဝါမှု (Unhealthy Pride) အကြောင်း ဆွေးနွေးခဲ့ကြပြီးပါပြီ၊ သို့ပေမဲ့လည်း သိက္ခာမဲ့သည့် နှိမ့်ချမှု ဒါမှမဟုတ် အရှက်ရစရာလို့ခေါ်နိုင်တဲ့အရာလည်း ရှိပါသေးတယ်။ အီမာန် အလ်-ဂါဇာလီ က အပြုသဘောဆန်တဲ့ နှိမ့်ချမှုနဲ့ အရှက်ရစရာဖြစ်စေတဲ့ သိက္ခာမဲ့တဲ့ နှိမ့်ချမှုအကြားကို ခွဲခြားထားတဲ့အကြောင်းကိုလည်း အခန်းတစ်ခုအနေဖြင့် ရေးသားထားပါတယ်။
ဒါကြောင့် ذَِلَّةٍ عَلَى الْمُؤْمِنِينَ أَعِزَّةٍ عَلَى الْكَافِرِينَ ဆိုတာဟာ သက်ဝင်ယုံကြည်သူတွေကြားမှာ နှိမ့်ချတယ်၊ မယုံကြည်သူတွေကြားမှာ ဂုဏ်သိက္ခာရှိတယ်ဆိုတာပါ။ ဒါက မယုံကြည်သူတွေကို မရိုမသေပြုတယ်လို့ ဆိုလိုတာလား? သူတို့ကို ထိခိုက်နစ်နာအောင် လုပ်တာကို ဆိုလိုတာလား? မဟုတ်ပါဘူး၊ ကျွန်မတို့ အရင်အခန်းမှာ တမန်တော်မြတ် (ﷺ) ဟာ ပြက်ရယ်ပြုခံရတာနဲ့ စော်ကားခံရတာတွေကြားမှာ တည်ငြိမ်မှုနဲ့ ဟန်ပန်အမူအရာကို ဘယ်လိုထိန်းသိမ်းထားသလဲဆိုတာ လေ့လာခဲ့ပြီးပြီပဲ။ မယုံကြည်သူတွေကြားမှာ ဂုဏ်သိက္ခာဆိုတာက ကျွန်မတို့ရဲ့ ယုံကြည်မှု၊ အခြေခံသဘောတရားတွေကို ဒါမှမဟုတ် အစ္စလာမ်ဘာသာကို လက်မခံတဲ့ တခြားလူတွေရဲ့ ရှေ့မှာ သာသနာကို စွန့်လွှတ်ခြင်းမရှိဘူးဆိုတာကို ဆိုလိုတာပါ။
ဒီအရည်အသွေးနှစ်ခုကို နှိုင်းယှဉ်ကြည့်ပြီး ယနေ့ခေတ်မှာ ဘယ်လိုအသုံးချမလဲဆိုတာ စဉ်းစားကြရအောင်။ أذَِلَّةٍ عَلَى الْمُؤْمِنِينَ သက်ဝင်ယုံကြည်သူတွေကြားမှာ နှိမ့်ချမှုရှိရမယ်တဲ့။ ယနေ့ခေတ်မှာ ကျွန်မတို့ မွတ်စလင်မ်မဟုတ်တဲ့သူတွေကြားမှာ ယဉ်ကျေးသိမ်မွေ့စွာ ဂုဏ်သိက္ခာရှိစွာ ပြုမူနေပေမယ့် ကိုယ့်အသိုင်းအဝိုင်းထဲရောက်တော့ ရက်စက်ကြမ်းကြုတ်သွားတဲ့ လူတွေလည်း ရှိတယ်။ ကျွန်မရဲ့ဆရာတစ်ဦးက خُذُوا زِينَتَكُمْ عِنْدَ كُلِّ مَسْجِدٍ “အသင်တို့ရဲ့ အလှတရားတွေကို မက်စ်ဂျဒ် (ဝတ်ပြုကျောင်း) ဆီယူသွားကြ” လို့ ပြောခဲ့ဖူးတယ်။ ဒါဟာ လှပတဲ့အဝတ်အစားတွေကို ဆိုလိုတာမဟုတ်ဘဲ လှပတဲ့စရိုက်လက္ခဏာ (အဒဗ်) ကို ဆိုလိုတာပါ။ အလုပ်ခွင်မှာ အရမ်းယဉ်ကျေးသိမ်မွေ့နေပေမယ့် မက်စ်ဂျဒ်ရောက်တော့ တရင်းတနှီးရှိလွန်းတဲ့ခံစားချက်တွေနဲ့အတူ သက်ဝင်ယုံကြည်သူတွေကြားမှာ ဂုဏ်ယူမှုနဲ့ မာန်မာန ပြသသွားတဲ့သူတွေ ရှိတယ်။ ဒါဟာ ကျွန်မတို့ လိုက်နာရမယ့်ပုံစံ မဟုတ်ပါဘူး။ أذَِلَّةٍ عَلَى الْمُؤْمِنِينَ အနေနဲ့ အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ဟာ သက်ဝင်ယုံကြည်သူတွေကြားမှာ ပိုပြီးတောင်မှ နှိမ့်ချမှုရှိရမယ်လို့ ဆိုပါတယ်။ ဒီနှိမ့်ချမှုဟာ အမှန်တကယ် အားကောင်းတဲ့ စကားလုံးဖြစ်တဲ့ “ذِلَّة” ဖြစ်ပြီး “မိမိကိုယ်ကို နှိမ့်ချခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ ကျွန်မတို့တွေဟာ ကိုယ့်ကိုယ်ကို နှိမ့်ချနဲ့စိတ်ထားနဲ့ မာန်မာနတွေကိုချိုးနှိမ်ကာ သက်ဝင်ယုံကြည်သူတွေနဲ့ အမြဲတမ်း နှိမ့်ချမှုအပြည့်နဲ့ ဆက်ဆံရမှာ ဖြစ်ပါတယ်။
ဒါက ယုံကြည်သူမဟုတ်တဲ့သူတွေကို နှိမ့်ချမှုနဲ့ မဆက်ဆံဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး၊ ဒါပေမဲ့လည်း အီမာန် (ယုံကြည်ခြင်း) မရှိတဲ့သူတွေကြားမှာ ကျွန်မတို့ကိုယ်ကျွန်မတို့ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဖို့ကတော့လည်း မဖြစ်နိုင်ပါဘူး။ ဥပမာ၊ ကျွန်မတို့ဟာ အများရှေ့ထွက်တဲ့အခါ လူတွေရဲ့ ပြက်ရယ်ပြုတာ သို့မဟုတ် အသရေဖျက်တာတွေကို လက်ခံရုံမကဘဲ ကိုယ့်ရဲ့ယုံကြည်မှုကို ဖုံးကွယ်ထားမိတာမျိုး ဖြစ်နိုင်တယ်။ တစ်ခါတလေ ကျွန်မတို့ရဲ့ယုံကြည်မှုကို စွန့်လွှတ်တာအထိတောင် ဖြစ်သွားနိုင်ပါတယ်။
တစ်ဦးတစ်ယောက်က ဒီအာယာဟ်ကို ကြည့်ပြီး သူတို့ရဲ့မွတ်စလင်မ်မဟုတ်တဲ့ အိမ်နီးချင်းတွေဆီသွားပြီး ခရစ္စမတ်မှာ သူတို့တံခါးကို အသံကျယ်ကျယ်နဲ့ခေါက်၊ သူတို့ရဲ့အလှဆင်ပစ္စည်းတွေကို ဖြုတ်ခိုင်းဖို့ ခွင့်ပြုချက်ရတယ်လို့ ယူဆနိုင်တာလား? လုံးဝမဟုတ်ပါဘူး။ ဒါက ဘာကိုဆိုလိုတာလဲဆိုရင် အီးဒ်ပွဲတော်မှာ ကျွန်မတို့က ဂုဏ်ယူစိတ်နဲ့ ထွက်သွားပြီး သူတို့ကို မွတ်စလင်မ်တွေအနေနဲ့ ရမ်ဿွာန်လတစ်လလုံး ဥပုသ်စောင့်ခဲ့ကြောင်း ပြောပြပါ။ ပြီးတော့ ကျွန်မတို့ဟာ ဒီပွဲတော်ကို သူတို့နဲ့ မျှဝေခံစားချင်တယ်၊ လက်ဆောင်များ ပေးချင်တယ်ဆိုတာကို ပြောပြပါ။ ဒါဟာ သူတို့ မယုံကြည်တဲ့ အရာအရှေ့မှာ ကျွန်မတို့ရဲ့ ယုံကြည်မှုကို စွန့်လွှတ်တဲ့သဘောနဲ့ ဆန့်ကျင်ဘက်ပါ။ အလ္လာဟ် (سبحانه وتعالى) က يُجَاهِدُونَ فِي سَبِيلِ اللهِ “ထိုသူတို့သည် အလ္လာဟ် (سبحانه وتعالى) ရဲ့လမ်းကြောင်းမှာ တိုက်ပွဲဝင်ကြပါတယ်” လို့ ပြောပြီး وَلاَ يَخَافُونَ لَوْمَةَ لاَئِمٍ “အပြစ်တင်သူတွေရဲ့ အပြစ်တင်မှုကို မကြောက်ကြဘူး” လို့ ဆိုထားပါတယ်။
Ibn al-Qayyim (رحمه الله) က သတိပြုစရာအချက်တစ်ခုကို ဆွဲထုတ်ပြထားတာက အလ္လာဟ် (سبحانه وتعالى) ဟာ “မယုံကြည်သူတွေရဲ့ အပြစ်တင်မှု” လို့ မပြောခဲ့ဘူး၊ အကြောင်းကတော့ ကျွန်မတို့ကို အများဆုံး ညှဉ်းပန်းနှိပ်စက်တဲ့သူတွေ၊ ဒါမှမဟုတ် ကျွန်မတို့ရဲ့ အစ္စလာမ်ယုံကြည်မှုကို ဖယ်ရှားဖို့ အရှက်ရအောင်လုပ်တဲ့သူတွေဟာ များသောအားဖြင့် တခြားမွတ်စလင်မ်တွေ ဖြစ်နေတတ်လို့ပါ။
ကျွန်မတို့မွတ်စလင်မ်တွေအနေနဲ့ လုပ်ဆောင်လေ့ရှိတဲ့ အစ္စလာမ့်ကျင့်ဝတ်များကို မွတ်စလင်မ်မဟုတ်တဲ့ သူငယ်ချင်းတွေက လိုက်လျောညီထွေနေပြီး လက်ခံထားတာ ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ မွတ်စလင်မ်ဆွေမျိုးတွေကြားမှာ ရောက်နေတဲ့အခါ သူတို့က ကျွန်မတို့ရဲ့လုပ်ရပ်တွေကို ရပ်တန့်စေချင်ကြတယ်။ သူတို့က ဒီလိုကျင့်ဝတ်တွေကို ရှက်နေပြီး ပြင်ပလောကကနေ အရှက်ရစေတဲ့အရာလို့ အတွင်းစိတ်ထဲရိုက်သွင်းထားကြတယ်။ ဒီလိုနဲ့ သူတို့ဟာ အသိုင်းအဝိုင်းအတွင်းက လူတွေအပေါ် အပြင်းထန်ဆုံးတိုက်ခိုက်သူတွေ ဖြစ်လာပြီး၊ ဒါဟာ အားလုံးနဲ့သက်ဆိုင်တဲ့ ပြဿနာတစ်ခုဖြစ်လာပါတယ်။
ဒါ့ကြောင့် لَوْمَةَ لَائِمٍ “ထိုသူတို့သည် အပြစ်တင်သူတွေရဲ့ အပြစ်တင်မှုကို မကြောက်ကြပါဘူး” – ဘယ်သူမှ ကျွန်မတို့ကို အသိုင်းအဝိုင်းအတွင်းကနေရော အပြင်ကနေရော ကျွန်မတို့ရဲ့ ယုံကြည်မှုကနေ တွန်းထုတ်လို့မရနိုင်ဘူး။ ဘယ်သူမှ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ကျင့်ဝတ်မူဘောင်၊ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ကောင်းမွန်တဲ့ အကျင့်စရိုက် (အဒဗ်) သို့မဟုတ် ကိုယ်ကျင့်တရား (အခ်လက်ခ်) ကို အတွင်းကနေရော အပြင်ကနေရော လှုပ်ခါလို့မရနိုင်ဘူး။ ဘယ်သူမှ ကျွန်မတို့ကို ရိုင်းစိုင်းစွာ ပြုမူဆောင်ရွက်ဖို့ သို့မဟုတ် အလ္လာဟ် (سبحانه وتعالى) ချစ်မြတ်နိုးတဲ့ တစ်စုံတစ်ရာကို အတွင်းကနေရော အပြင်ကနေရော စွန့်လွှတ်ဖို့ အတင်းအကျပ်လုပ်လို့ မရနိုင်ဘူး။
အီမာမ် ဟာဆန် အလ်-ဗဆရီ (رحمه الله) က ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး အတွေးအမြင်နက်နဲသူတစ်ဦး ဖြစ်ပါတယ်။ သူက “ယုံကြည်သူတွေရဲ့ ကျိန်စာဆိုတာ ထိုသူသည် ကောင်းတဲ့အရည်အသွေးတစ်ခုမှာ ထူးချွန်နေပြီး ဒါနဲ့အတူပါလာတဲ့ မကောင်းတဲ့အရည်အသွေးကို သည်းခံလိုက်ခြင်းပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ကျွန်မတို့ အရင်က ကောင်းမွန်သည့် ဂုဏ်ယူမှု(Healthy Pride) အကြောင်း ပြောခဲ့ပေမယ့် လိုအပ်တဲ့အခါ ကောင်းတဲ့ဂုဏ်ယူမှုကို အသုံးပြုနိုင်ပြီး လိုအပ်တဲ့အခါ ကောင်းတဲ့နှိမ့်ချမှုကို အသုံးပြုနိုင်တဲ့ လူတွေကို ရှာနိုင်ဖို့ အလွန်ခက်ခဲပါတယ်။ အရာအားလုံးမှာ ဟန်ချက်ညီအောင် ဆောင်ရွက်နိုင်တဲ့ လူတွေကို တွေ့ရဖို့ခက်ခဲပါတယ်။
ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့အား ထိုကဲ့သို့သော ဟန်ချက်ညီစွာဆောင်ရွက်နိုင်ခြင်းကို ပေးသနားတော်မူပါ၊ အရှင့်ရဲ့ အမြင်တွင် ကျွန်မတို့ကို နှိမ့်ချသူများ ဖြစ်စေတော်မူပါ။ အရှင်မြတ်ဂုဏ်ယူနိုင်ဖို့ သင်ကြားပေးသော အရာများကို ဂုဏ်ယူနိုင်စေပြီး ထိုအကျိုးဆက်အနေနဲ့ အရှင်မြတ်ရဲ့ အမြင်မှာ ချစ်ခင်ခံရသူများ ဖြစ်စေတော်မူပါ။ အာမီးန်။