Skip to content

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…မထင်ရှားကြသူများ 

ဒီအကြောင်းက နည်းနည်းရှုပ်ထွေးပါတယ်။ အလ္လာဟ် (سبحانه وتعالى) ဟာ မထင်ရှားသူတွေကို ချစ်တယ်၊ မသိသာသူတွေကို ချစ်တယ်၊ ပုန်းကွယ်နေသူတွေကို ချစ်တယ်၊ စုဝေးပွဲတွေမှာ လူမသိသလောက် ဖြစ်နေတဲ့သူတွေကို ချစ်တယ်။ ဒီလူတွေက ဘယ်သူတွေလဲ? ကျွန်မတို့ Saʿd ibn Abī Waqqās ((رحمه الله) ဆင့်ပြန်ခဲ့တဲ့ ဟဒီးဆ်ကို မှတ်မိမယ်ထင်ပါတယ်၊ إِنَّ اللهَ يحُِبُّ الْعَبْدَ التَّقِيَّ الْغَنِيَّ الْخَفِيَّ – “အမှန်စင်စစ်၊ အလ္လာဟ် (سبحانه وتعالى) သည် ဘာသာတရားကိုင်းရှိုင်းသည့်၊ အမှီအခိုကင်းသည့်၊ မထင်ရှားသည့် ကျေးကျွန်တွေကို ချစ်ပါသည်” – လူတွေရဲ့ အာရုံစိုက်မခံရတဲ့သူတွေ၊ အာရုံစိုက်ခံရတာကို ရှောင်ကြဉ်တဲ့သူတွေ၊ ထင်ရှားမှုကို ရှောင်ကြဉ်တဲ့သူတွေပေါ့။ တစ်ကိုယ်ရေ ထင်သာမြင်သာရှိဖို့ နည်းလမ်းတွေက အမျိုးမျိုးရှိပါတယ်။ ကောင်းမှုဆိုင်ရာလုပ်ငန်းတွေကြောင့် အထင်ကြီးခံရတာက တစ်မျိုး၊ ဒါပေမယ့် ကိုယ့်ရဲ့ ကောင်းမှုတွေအတွက် လူမှတ်ထားစေချင်ရင်တော့ အဲဒါ ရှင်းရှင်းလေး ရိယာအ် (ကြွားဝါမူ) ဖြစ်သွားပါတယ်။ တစ်ယောက်ယောက်က ကောင်းမှုတွေ ပြုရင်၊ အဲဒီကောင်းမှုတွေရဲ့ သိသာတဲ့ပမာဏတစ်ခုက အချိန်အခါအလိုက် အများသိအောင် ဖြစ်လာနိုင်တာကတော့ သဘာဝပါပဲ။ ဒါပေမယ့် ဒီနေရာမှာတော့ တမန်တော်မြတ် (ﷺ) ချီးမွမ်းနေတာက တခြားပုံစံတစ်မျိုးရဲ့ မထင်ရှားမှုပါ။

တမန်တော်မြတ် (ﷺ) ဟာ တစ်ခါက ဆွဟာဗာဟ်များနဲ့အတူ ထိုင်နေစဉ် လူတစ်ယောက် လျှောက်သွားတာကို မြင်လိုက်ရပြီး တမန်တော်မြတ် (ﷺ) က “ဒီလူအကြောင်း အသင်တို့ ဘယ်လိုထင်လဲ?” လို့ မေးခဲ့ပါတယ်။ သူတို့က “အို အလ္လာဟ် (سبحانه وتعالى) ရဲ့ တမန်တော်၊ သူဟာ အထင်ကြီးခံရဆုံးသူပါ။ သူက တစ်ယောက်ယောက်ကို ကြားဝင်ကူညီပေးရင် သူ့ကြားဝင်မှုကို လက်ခံကြမှာပါ။ သူက တစ်ယောက်ယောက်ကို တောင်းရမ်းရင်လည်း သူ့တောင်းရမ်းမှုကို လက်ခံကြပါလိမ့်မယ်” လို့ ဖြေကြပါတယ်။ အဲဒီလူ ထွက်သွားပြီးတဲ့နောက် တမန်တော်မြတ် (ﷺ) က နောက်လူတစ်ယောက်ကို မြင်လိုက်ပြီး “ဒီလူအကြောင်း အသင်တို့ ဘယ်လိုထင်လဲ?” လို့ မေးခဲ့ပါတယ်။ သူတို့က “အို အလ္လာဟ် (سبحانه وتعالى) ရဲ့ တမန်တော်၊ ဒီလူဟာ ဆင်းရဲသူပါ။ သူက တစ်ယောက်ယောက်ကို ကြားဝင်ကူညီပေးရင် သူ့ကြားဝင်မှုကို လက်မခံကြပါဘူး။ သူက တစ်ယောက်ယောက်ကို တောင်းရမ်းရင်လည်း သူ့တောင်းရမ်းမှုကို အသေအချာ ပယ်ချမှာပါ” လို့ ဖြေကြပါတယ်။ ထိုအခါ တမန်တော်မြတ် (ﷺ) က “ဒါပေမယ့် ဒီလူတစ်ယောက် (ဆင်းရဲတဲ့လူ) ဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့ အမြင်မှာ အခြားလူ (ထင်ရှားတဲ့လူ) ကဲ့သို့သော သူတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာမြေကြီးတစ်ခုလုံးထက် ပိုကောင်းတယ်” လို့ မိန့်တော်မူခဲ့ပါတယ်။

 ဒီနေရာမှာပဲ ဒီဟဒီးဆ်ဟာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ် – အလ္လာဟ် (سبحانه وتعالى) အထူးချစ်မြတ်နိုးတဲ့သူတွေထဲမှာ ကျွန်မတို့ရဲ့ အသိုင်းအဝိုင်းတွေမှာ အနည်းဆုံး သတိထားမိခံရသူတွေ ပါဝင်နေတယ်ဆိုတာပါပဲ။ အလ္လာဟ် (سبحانه وتعالى) ရဲ့ မိတ်ဆွေတွေ(awliyā’)၊ အရှင်နဲ့ အနီးဆုံးသူတွေဟာ ကျွန်မတို့ အသိုင်းအဝိုင်းထဲက ပုန်းကွယ်နေတဲ့ ရတနာတွေ (akhfiyā’) ဖြစ်ကြပါတယ်။ သူတို့တွေဟာ တိတ်တိတ်ဆိတ်ဆိတ်နေတတ်ကြပြီး၊ သူတို့ရဲ့ တာဝန်ကို ဆောင်ရွက်တယ်၊ သူတို့ရဲ့ ဝတ်ပြုမှုကို လုပ်ဆောင်တယ်၊ အမြဲတမ်း ပြုံးရွှင်စွာနဲ့ လူတွေကို နှုတ်ဆက်တယ်၊ စုဝေးပွဲတွေမှာ လူမသိသလောက် နေနေတတ်ကြတယ်၊ ဝါကြွားမှု မရှိတဲ့သူတွေပါ။ အမှန်တကယ်တော့ သူတို့ဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့ အမြင်မှာ အထူးအမျိုးအစားရဲ့ ထင်ရှားမှုကို ရရှိနေပါတယ်။ တမန်တော်မြတ် (ﷺ) က ကျွန်မတို့ကို မထင်ရှားတဲ့သူ ဖြစ်နေတာဟာ ကောင်းတဲ့အကျင့် ဖြစ်ပြီး ရှက်ကြောက်ခြင်း (ḥaya’) ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ သင်ကြားခဲ့ပါတယ်။ ကိုယ်တော် (ﷺ) က အကောင်းဆုံးလူဟာ စုဝေးပွဲတွေမှာ ထိုင်နေပြီး သူထွက်သွားတဲ့အခါ လူတွေက သူ့ကို သိပ်သတိထားမိခြင်း မရှိတဲ့သူပဲလို့ မိန့်တော်မူခဲ့ပါတယ်။

 ဒီမှာ ပြောနေတဲ့ စုဝေးပွဲအမျိုးအစားက ဇိကိရ် သို့မဟုတ် အလ္လာဟ် (سبحانه وتعالى) ကို အောက်မေ့တဲ့ပွဲ မဟုတ်ဘဲ၊ အသုံးဝင်မှု သိပ်မရှိလှတဲ့ စကားပြောဆိုမှုတွေ သို့မဟုတ် ဆွေးနွေးမှုတွေ ဖြစ်နိုင်တဲ့ စုဝေးပွဲအကြောင်း ပြောနေတာပါ။ အဲဒီလို စုဝေးပွဲတွေမှာ ဒီလူတွေဟာ ပရိုဖိုင်းနိမ့်နိမ့်ထားကြတယ်၊ တိတ်ဆိတ်နေကြတယ်၊ နူးညံ့နှိမ့်ချမှုရှိကြတယ်။ အဲဒါက ဒီလိုလူတွေဟာ အခြားအရာတွေပေါ်မှာ ပိုမိုပျော်မွေ့တတ်ကြတယ်ဆိုတာကို ပြသနေပါတယ်။ သူတို့ဟာ တခြားပျော်ရွှင်မှုကို ပိုမိုနှစ်သက်ကြတယ်။ သူတို့ဟာ တခြားသူတွေရဲ့ အမြင်ကနေ သူတို့ရဲ့ တန်ဖိုးကို ရှာဖွေနေကြမှာ မဟုတ်ပါဘူး။

ဒါဟာ ကောင်းမှုတွေကြောင့် သတိထားခံရတာ၊ သို့မဟုတ် ကုရ်အာန်မှာ အလ္လာဟ် (سبحانه وتعالى) ပြောတဲ့ ကောင်းမှုကုသိုလ်တွေမှာ ယှဉ်ပြိုင်တာ၊ သို့မဟုတ် အရှင့်အတွက်သာ လုပ်ဆောင်ရမယ့် အများရှေ့မှာ ကုသိုလ်တရား ရှိနေတာတွေအကြောင်း မဟုတ်ပါဘူး။ ဒါဟာ စုဝေးပွဲတွေမှာနဲ့ လူအများကြားမှာ တိတ်ဆိတ်ပြီး၊ နူးညံ့မှု၊ နှိမ့်ချမှု၊ ယဉ်ကျေးသိမ်မွေ့မှုကို ထိန်းသိမ်းထားတဲ့၊ ဝါကြွားတာမျိုး မလုပ်တတ်တဲ့၊ အရမ်းများများ စကားမပြောကြတဲ့၊ သူ့အလှည့် မဟုတ်ဘဲ စကားဝင်မပြောတဲ့၊ သူတို့ကိုယ်သူတို့ သို့မဟုတ် သူတို့အသံထုတ်လိုက်တိုင်းမှာ သူတို့ကိုယ်သူတို့အရေးပါလွန်းလှသူတွေလို့ မပြောတတ်ကြတဲ့သူမျိုးတွေပါ။

အထက်မှာ ဖော်ပြခဲ့တဲ့ ပထမဆုံး ဟဒီးဆ်နဲ့ ဒါကို ဆက်စပ်ကြည့်ရင်၊ လူတစ်ယောက်က ချမ်းသာကြွယ်ဝရင် ထိုကြွယ်ဝမှုက သူ့ကို တစ်မျိုးတစ်ဖုံ ထင်ရှားစေပါတယ်။ လူတစ်ယောက်က ကျော်ကြားရင် အဲဒါက သူ့ကို ကိုယ့်ကိုယ်ကို အရေးပါတယ်လို့ ခံစားစေနိုင်ပါတယ်။ ရလဒ်အနေနဲ့ သူတို့ဟာ စုဝေးပွဲတွေမှာ ချမ်းသာကြွယ်ဝပြီး ကျော်ကြားတဲ့သူ မဟုတ်တော့ဘဲ ဘယ်လိုထိုင်ရမယ်ဆိုတာ မသိကြတော့ဘူး။ တကယ်တော့ အဲဒါဟာ ပြဿနာကြီးတစ်ခုပဲ ဖြစ်ပါတယ်။

တမန်တော်မြတ် (ﷺ) ဟာ ဒီကမ္ဘာပေါ်မှာ အထင်ရှားဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့ပေမယ့် ကိုယ်တော့်ဘဝနှောင်းပိုင်းမှာ စုဝေးပွဲတစ်ခုထဲ လျှောက်ဝင်လာရင်တောင် ကိုယ်တော့်ကို ခွဲခြားသိနိုင်ကြမှာ မဟုတ်ပါဘူး။ တမန်တော်မြတ် (ﷺ) ဟာ ကြာရှည်စွာ တိတ်ဆိတ်နေလေ့ ရှိခဲ့ပါတယ်။ တမန်တော်မြတ် (ﷺ) ဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့ တမန်တော်ဖြစ်လို့ ရရှိထားတဲ့ ကျော်ကြားမှုကို ယူပြီး ကိုယ်တော့်ရဲ့ ကိစ္စအားလုံးမှာ ပုံဖော်တာမျိုး မလုပ်ခဲ့ပါဘူး။ ထိုနည်းတူပဲ၊ ʿUthmān (رضي الله عنه) ဟာ တမန်တော်မြတ် (ﷺ) ရဲ့ အချမ်းသာဆုံး ဆွဟာဗာဟ်တွေထဲက တစ်ယောက် ဖြစ်ခဲ့ပေမယ့် သူက စုဝေးပွဲတစ်ခုထဲ ဝင်လာရင် အနည်းဆုံး သတိထားမိခံရတဲ့ ဆွဟာဗာဟ် ဖြစ်လိမ့်မယ်၊ သူဟာ အဲလောက်အထိ နှိမ့်ချတတ်သူ ဖြစ်ခဲ့ပါတယ်။

အရမ်းကိုနက်နဲတယ်လို့ ကျွန်မယူဆမိတဲ့ အကြောင်းအရာနဲ့ အဆုံးသတ်ချင်ပါတယ်။ တစ်နေ့မှာ တမန်တော်မြတ် (ﷺ) နိုးထလာပြီးနောက် မက်စ်ဂျဒ် ကို သန့်ရှင်းရေးလုပ်လေ့ရှိတဲ့ အမျိုးသမီးတစ်ယောက်ကို မမြင်ရတော့တာ သတိထားမိခဲ့ပါတယ်။ ဆွဟာဗာဟ်တွေက “အို အလ္လာဟ် (سبحانه وتعالى) ရဲ့ တမန်တော်၊ သူမ ကွယ်လွန်သွားပါပြီ၊ ကျွန်ုပ်တို့က ညဘက်မှာ ကိုယ်တော်ကို မနှိုးချင်လို့ သူမကို မြှပ်နှံခဲ့လိုက်ပါတယ်၊၊ ကိုယ်တော်ကို အနှောင့်အယှက် မပေးချင်လို့ပါ။” လို့ ပြောခဲ့ကြပါတယ်။ ဒါက သူတို့ဟာ သူမကို အသိုင်းအဝိုင်းထဲမှာ အရေးမပါတဲ့သူ၊ မက်စ်ဂျဒ် သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးသက်သက်လို့သာ ထင်ခဲ့ကြတာကို ပြနေပါတယ်။ တမန်တော်မြတ် (ﷺ) ဟာ ဒီအတွက် အရမ်းစိတ်မကောင်း ဖြစ်ခဲ့ပြီး “ကိုယ်တော့်ကို သူမရဲ့ ကဗရ်ဆီ ခေါ်သွားကြပါ” လို့ ပြောခဲ့ပါတယ်။ ထို့နောက် ဆွဟာဗာဟ်တွေရဲ့ ဂျနာဇာဟ်ဟာ မလုံလောက်လိုက်သလိုမျိုး သူမအတွက် တဖန် ဆွလာဟ် ပြုခဲ့ပါတယ်။ သူမအတွက် ထပ်မံ ဆွလာဟ် ပြုလိုက်ပြီး ယခု ဆွလာဟ်သည် ကဗရ်ထဲက လူအတွက် အလင်းရောင်ဖြစ်သဖွယ် ဖြစ်ပါစေလို့ မိန့်တော်မူခဲ့ပါတယ်။

ဒီအကြောင်းက တကယ့်ကို ကျွန်မတို့အတွက် သင်ခန်းစာကောင်းတစ်ခုဖြစ်ပါတယ်။ လူတွေက သူမကို သတိမပြုမိခဲ့ကြဘူးဆိုပေမဲ့ အလ္လာဟ်(سبحانه وتعالى) မှ သတိပြုမိနေခဲ့ပြီးဖြစ်ပါတယ်။

ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့အား သတိပြုမိပါစေ၊ အရှင့်ရဲ့ အသိအမှတ်ပြုခြင်းခံကြရပြီး နှိမ့်ချတတ်ဖို့၊ မထင်ရှားအောင်နေတတ်ကြဖို့၊ မကြွားဝါတတ်ကြဖို့၊ တိတ်တိတ်ဆိတ်ဆိတ်နေတတ်ကြဖို့၊ တခြားသောလူများမှ ကျွန်တော်မျိုးမတို့အား တစ်စုံတစ်ရာ သတ်မှတ်သည့်အမြင်များနှင့် ကြည့်ခွင့် ပြောဆိုခွင့် မပြုဖို့ တောင်းဆု ဒုအာအ်ပြုအပ်ပါသည်။ ကျွန်တော်မျိုးမတို့ ပတ်ဝန်းကျင်တွင် အလ္လာဟ်(سبحانه وتعالى)နှင့် နီးကပ်ခွင့်မဟုတ်ဘဲ အခြားသောအရာများနှင့် ဖုံးလွှမ်းနေခဲ့ကြရရင်တောင်မှ သည်းခံနှိမ့်ချတတ်ပြီး အလ္လာဟ်(سبحانه وتعالى) ၏ ချစ်ခြင်းကို ရရှိဖို့ အမြဲတစေ ကြိုးစားနေသင့်ပါတယ်။ ကျွန်တော်မျိုးမတို့အား အရှင်မြတ်သတိပြုမိပြီး ချစ်ခင်ပေးသည့် မထင်ရှားသည့်လူသားများအထဲတွင် ပါဝင်ခွင့်ရစေဖို့ တောင်းဆု ဒုအာအ်ပြုပါသည်။ အာမီန်း။

အလ္လာဟ်ချစ်မြတ်နိုးသော...

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…ချစ်ခြင်းမေတ္တာ အလ္လာဟ်အရှင် ချစ်မြတ်နိုးသော… အရောင်းအဝယ်ပြုခြင်းတွင် ရက်ရောခြင်း