ဒီအခန်းမှာ ကျွန်မတို့ အထူးပုံစံတစ်မျိုးဖြစ်တဲ့ အချစ်အကြောင်း အသေးစိတ်လေ့လာကြည့်ကြရအောင် – အလ္လာဟ် (سبحانه وتعالى) အတွက်ကြောင့် ချစ်ခြင်းပေါ့။ ဒါဟာ ကျွန်မတို့သာသနာရဲ့ အထူးသီးသန့် အရာတစ်ခုဖြစ်ပါတယ်။ အလ္လာဟ် (سبحانه وتعالى) က ဒီချစ်ခြင်းတရားရဲ့ အံ့ဖွယ်ကို ပြောပြထားပါတယ်။ အစောပိုင်း မွတ်စလင်မ်မျိုးဆက်တွေကို ကြည့်ရင်၊ အလ္လာဟ် (سبحانه وتعالى) မိန့်တော်မူတာက –
وَاعْتَصِمُوا بِحَبْلِ اللهِ جَمِيعًا وَلَا تَفَرَّقُوا وَاذْكُرُوا نِعْمَتَ اللهِ عَلَيْكُمْ إِذْ كُنْتُمْ أَعْدَاءً فَأَلَّفَ بَيْنَ قُلُوبِكُمْ فَأَصْبَحْتُم بِنِعْمَتِهِ إِخْوَانًا
” ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကြိုး(ကုရ်အာန်)ကိုတညီတညွတ် တည်း စွဲမြဲစွာဆုပ်ကိုင်ထားကြပါ။ ထို့ပြင် အသင်တို့သည် အချင်းချင်း မကွဲပြဲကြလေနှင့်။၎င်းပြင် အသင်တို့သည် အသင်တို့အပေါ် အလ္လာဟ်အရှင်မြတ် ပြုထားသော ကျေးဇူးတော်ကိုလည်း သတိရကြပါ။ တစ်ခါက အသင်တို့သည် ရန်သူများ ဖြစ်ခဲ့ကြပြီး (အရှင်မြတ်သည်) အသင်တို့၏ စိတ်နှလုံးများကို ညီညွတ်စေတော်မူခဲ့သည်။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်၏ ကျေးဇူးတော်နှင့် (ယခုအချိန်တွင်) ညီရင်းအစ်ကိုများဖြစ်သွားခဲ့ကြသည်။” [3:103]
ဒါဟာ တမန်တော်မြတ် (ﷺ) က လူတွေကို အတင်းအကျပ် စုစည်းစေဖို့ လုပ်တဲ့ အပေါ်ယံဆက်ဆံမှုမျိုး မဟုတ်ခဲ့ပါဘူး။ တကယ်တော့ ကျွန်မတို့ရဲ့ နှလုံးသားများ အချင်းချင်း ချိတ်ဆက်မိသွားကြတာပါ။ ဒီလိုစိတ်နှလုံး ချိတ်ဆက်မှုမျိုးက တခြားစည်းလုံးမှုမျိုးစုံ ဖြစ်ပေါ်လာဖို့ အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ فَأَلَّفَ بَيْنَ قُلُوبِكُمْ فَأَصْبَحْتُم بِنِعْمَتِهِ إِخْوَانًا – ဒါကြောင့် ကျွန်မတို့ဟာ ညီအစ်ကိုမောင်နှမများ ဖြစ်လာခဲ့ကြတယ်။ ဒါမရှိရင်တော့ ကျွန်မတို့ဟာ တစ်ယောက်ကို တစ်ယောက် အန္တရာယ်ပြုဖို့တောင် ကြံစည်နိုင်ခဲ့လိမ့်မယ်၊ ဒါပေမယ့် အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ကို ကျွန်မတို့ကိုယ်တိုင်ရဲ့ မကောင်းမှုကနေ ကယ်တင်ခဲ့ပါတယ်။ ဒါဟာ ဒီအချစ်ရဲ့ အထူးဖြစ်တဲ့အရာပဲ။ အစ္စလာမ်မှာ ညီအစ်ကိုမောင်နှမဖြစ်ခြင်းဟာ လူမျိုး၊ လူတန်းစား၊ လူမှုအဆင့်အတန်း၊ အတားအဆီးတွေ၊ ကြိုက်နှစ်သက်မှုတွေနဲ့ ဝါသနာတွေကို ကျော်လွန်ပြီး လူသားတွေကို စည်းလုံးစေပါတယ်။ အစ္စလာမ်သာသနာလို အင်အားကြီးတဲ့အရာ မရှိဘဲနဲ့ မိတ်ဆွေဖွဲ့ဖို့ မဖြစ်နိုင်တဲ့ မတူညီနေတဲ့လူတွေကို အတူတကွ ခေါ်ဆောင်လာပြီး ထိုသူတို့ဟာ အလ္လာဟ် (سبحانه وتعالى) အတွက်ကြောင့် အချင်းချင်း ချစ်ခင်ခဲ့ကြတယ်။ ဒါပေမယ့် အလ္လာဟ် (سبحانه وتعالى) အတွက် အချင်းချင်း ချစ်ခင်ကြတယ်ဆိုတာ ဘယ်လိုအဓိပ္ပာယ်ရှိသလဲ။
တမန်တော်မြတ် (ﷺ) က ကေယာမဟ်နေ့မှာ အလ္လာဟ် (سبحانه وتعالى) ရဲ့ ပလ္လင်တော်ရဲ့ အရိပ်အောက်မှာ ခိုလှုံခွင့်ရမယ့် လူအုပ်စုတွေအကြောင်း ဟဒီးဆ်တော်မှာ မိန့်ကြားခဲ့ပါတယ်။ တမန်တော်မြတ် (ﷺ) က ရှင်းပြခဲ့တာကတော့ အဲဒီအုပ်စုတွေထဲက တစ်စုကတော့ မက်စ်ဂျဒ်နဲ့ စိတ်နှလုံး ချိတ်ဆက်နေတဲ့သူ ဖြစ်ပါတယ်။ ပြီးတော့ နောက်ထပ်အုပ်စုတစ်စုကတော့ အလ္လာဟ် (سبحانه وتعالى) အတွက်ကြောင့် အချင်းချင်း ချစ်ခင်ကြတဲ့ လူသားနှစ်ဦးပါ၊ တခြားဘယ်အရာအတွက်မှမဟုတ်ဘဲ အလ္လာဟ် (سبحانه وتعالى) အတွက်ကြောင့်ပဲ။ အလ္လာဟ် (سبحانه وتعالى) က သူတို့ကို ချည်နှောင်ပေးတယ်၊ သူတို့ဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့ အချစ်အတွက်ကြောင့် အတူတကွလာကြပြီး အရှင်မြတ်ရဲ့ အချစ်အတွက်ကြောင့် တစ်ဦးနဲ့တစ်ဦး ခွဲခွာကြတယ်။ တမန်တော်မြတ် (ﷺ) က ဆဟီးဟ် မွတ်စလင်မ်ထဲက လှပတဲ့ဟဒီးဆ်တော်တစ်ခုမှာ ပြောကြားခဲ့တာက လူတစ်ယောက်ဟာ အခြားမြို့တစ်မြို့က သူ့ညီအစ်ကိုဆီ အလည်အပတ်သွားစဉ် ကောင်းကင်တမန်တစ်ပါးက လူသားပုံစံနဲ့ သူ့ဆီရောက်လာပြီး “ဘာကြောင့် အဲဒီမြို့က အဲဒီလူဆီ သွားလည်တာလဲ” လို့ မေးပါတယ်။ ထိုလူက “အလ္လာဟ် (سبحانه وتعالى) အလိုတော်အားဖြင့် ကျွန်တော်မျိုး သူ့ထံ သွားလည်တဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ အလ္လာဟ် (سبحانه وتعالى) အတွက်ကြောင့် ချစ်ခင်လို့ပဲဖြစ်ပါတယ်” လို့ ဖြေပါတယ်။ ကောင်းကင်တမန်က “အကျွန်ုပ်သည် အလ္လာဟ် (سبحانه وتعالى) မှ စေလွှတ်လိုက်သည့် တမန်တစ်ဦးဖြစ်ပြီး အသင်ဟာ အရှင်မြတ်ကို ချစ်တဲ့အတွက် အလ္လာဟ် (سبحانه وتعالى) မှလည်း အသင့်ကို ချစ်ခင်ပါတယ်လို့ အသင့်ကိုပြန်အသိပေးစေလိုတဲ့အတွက်ပဲဖြစ်ပါတယ်” လို့ ပြန်ပြောခဲ့ပါတယ်။ ကျွန်မတို့က အလ္လာဟ် (سبحانه وتعالى) အတွက်ကြောင့် ချစ်တဲ့အခါ၊ အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ကို ချစ်တယ်ဆိုတာ သိထားပါ။ တမန်တော်မြတ် (ﷺ) မိန့်တော်မူခဲ့တာက “အလ္လာဟ် (سبحانه وتعالى) အမိန့်တော်ရှိပါတယ်၊ ကေယာမဟ်နေ့တွင် ‘အရှင်မြတ်အတွက်ကြောင့် အချင်းချင်း ချစ်ခင်ကြတဲ့သူတွေဟာ အရှင်မြတ်၏အရိပ်အာဝါသနှင့် အရှင်မြတ်၏ ကြီးကျယ်ခမ်းနားမှုအောက်တွင် ရှိကြပါလိမ့်မည်'” တဲ့။ ဒီလောကမှာလည်း၊ အလ္လာဟ် (سبحانه وتعالى) အတွက်ကြောင့် ကျွန်မတို့ရှိတဲ့ အချစ်ဟာ မပြတ်နိုင်တဲ့ ချည်နှောင်မှုတစ်ခုဖြစ်ပါတယ်။ ဒါဟာ ဒီလောကမှာလည်း အကာအကွယ်ပုံစံ၊ အရိပ်နဲ့ ဂုဏ်ကျက်သရေတစ်မျိုးဖြစ်ပြီး လူတွေကို တကယ့်အသွင်ပြောင်းစေတဲ့နည်းနဲ့ အတူတကွနေစေတယ်။ အသိုက်အဝန်းအတွင်းချစ်ခြင်းမေတ္တာကို ပိုမိုကျယ်ပြန့်စေပါတယ်၊ လူတွေက အလ္လာဟ် (سبحانه وتعالى) ရဲ့ အလိုတော်အတွက် အချင်းချင်း ချစ်ခင်ကြတယ်။
တမန်တော်မြတ် (ﷺ) မှ မိန့်တော်မူခဲ့တာက ကျွန်မတို့က တစ်ယောက်ယောက်ကို အလ္လာဟ် (سبحانه وتعالى) အတွက်ကြောင့် ချစ်ရင်၊ ကျွန်မတို့ အရှင်မြတ်အတွက်ကြောင့် သူတို့ကို ချစ်တယ်ဆိုတာ ပြောပေးသင့်တယ်တဲ့။ ဒါဟာ တစ်ခါတလေမှာ အဆင်မပြေဖြစ်တတ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ “ကျွန်မ ချစ်ပါတယ်” လို့ ပြောတာဟာ အိမ်ထောင်ဖက်၊ သားသမီးကို ပြောလေ့ရှိတဲ့အရာဖြစ်ပေမယ့် ကျွန်မတို့ ဘယ်နှစ်ခါ ညီအစ်ကိုမောင်နှမတစ်ယောက်ကို အလ္လာဟ် (سبحانه وتعالى) အတွက်ကြောင့် ချစ်တယ်လို့ ပြောဖူးပါသလဲ။ ကျွန်မတို့ အိမ်ထောင်ဖက်ကိုလည်း ပြောနိုင်ပါတယ်၊ ဒါပေမယ့် အလ္လာဟ် (سبحانه وتعالى) အတွက်ကြောင့် ချစ်တယ်လို့ ဖော်ပြတာဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ တမန်တော်မြတ် (ﷺ) ပြောခဲ့သလိုပါပဲ “လူနှစ်ဦးဟာ အလ္လာဟ် (سبحانه وتعالى) အတွက်ကြောင့် အပြန်အလှန် ချစ်ခင်ကြတဲ့အခါ၊ ပိုပြီး ပြင်းထန်စွာ ချစ်တဲ့သူဟာ အလ္လာဟ် (سبحانه وتعالى) ဆီက ပိုချစ်ခံရမှာဖြစ်တယ်။” ဒါဟာ အလ္လာဟ် (سبحانه وتعالى) အတွက်ကြောင့် လူနှစ်ဦး အချင်းချင်း ချစ်တာသက်သက် မဟုတ်ဘူး၊ ကျွန်မတို့က တခြားသူကို အလ္လာဟ် (سبحانه وتعالى) အတွက်ကြောင့် ဘယ်လောက်ပိုပြီး ချစ်သလဲဆိုတာဟာလည်း အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ကို အဲဒီအချစ်အတွက် ဘယ်လောက်ချစ်သလဲဆိုတာနဲ့ အချိုးကျပါတယ်။
တမန်တော်မြတ် (ﷺ) က လှပတဲ့ဟဒီးဆ်တော်တစ်ခုမှာ ပြောကြားခဲ့တာက “အလ္လာဟ် (سبحانه وتعالى) က တစ်စုံတစ်ယောက်ကို ချစ်တဲ့အခါ၊ အရှင်မြတ်က ချစ်ခင်ရသည့် ဂျိဗ်ရီးလ်( عليه السلام)ကို ခေါ်ပြီး يَا جِبْرِيلُ ، إِنِّي أُحِبُّ فُلاَنًا فَأَحِبَّهُ၊ ‘အို ဂျိဗ်ရီးလ်၊ အရှင်မြတ်ဟာ ဒီပုဂ္ဂိုလ်ကို ချစ်တယ်၊ ဒါကြောင့် အသင်လည်း ထိုသူ့ကို ချစ်ပါ’ လို့ မိန့်တော်မူတယ်။ ဒါကြောင့်ပဲ ဂျိဗ်ရီးလ်() က အဲဒီလူကို ချစ်တယ်။ ပြီးနောက် ဂျိဗ်ရီးလ်()က ကောင်းကင်တမန်တွေကို ခေါ်ပြီး ‘အလ္လာဟ် (سبحانه وتعالى) က အဲဒီလူကို ချစ်တယ်၊ ဒါကြောင့် အသင်တို့လည်း ထိုသူ့ကို ချစ်သင့်တယ်’ လို့ ပြောတယ်၊ ဒါကြောင့် ကောင်းကင်တမန်အားလုံးက ထိုသူ့ကို ချစ်ကြတယ်။ ပြီးတော့ ကောင်းကင်ဘုံသားတွေက အလ္လာဟ် (سبحانه وتعالى) က အဲဒီလူကို ချစ်လို့ သူတို့လည်း အဲဒီလူကို ချစ်ကြတယ်။ ပြီးတော့ يُوضَعُ لَهُ القَبُولُ فِي الأَرْضِ ဒီမြေကြီးပေါ်က လူတွေရဲ့ နှလုံးသားထဲမှာ လက်ခံမှုနဲ့ အချစ်ကို ထည့်ပေးလိုက်တယ်။” နောက်ဆုံးအပိုင်းရဲ့ အဓိပ္ပါယ်ကတော့ ဒီလူတွေက သင့်ရဲ့ စစ်မှန်တဲ့အရာတစ်ခုကို ချစ်လာကြပြီး အလ္လာဟ် (سبحانه وتعالى) က သင့်ကို ချစ်စေတဲ့အရာကို သူတို့ကိုလည်း ချစ်စေတယ်ဆိုတာကို ဆိုလိုပါတယ်။ ဒါကြောင့် ထိုလူသားတွေက အလ္လာဟ် (سبحانه وتعالى) မှ သင့်ဆီပို့လိုက်တဲ့ လူတွေပဲဖြစ်ကြပြီး၊ ထိုသူတို့က သင့်ကို ချစ်ကြတယ်၊ ထိုသူတို့ချစ်ကြတဲ့အကြောင်းကလည်း သင့်ရဲ့ စစ်မှန်တဲ့အရာတစ်ခုကိုပဲ ဖြစ်ပါတယ်။
ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့အား အရှင်မြတ်အတွက်ကြောင့် ချစ်ကြတဲ့သူတွေထဲက တစ်ယောက်ဖြစ်စေရန်၊ ချစ်ခံရသူတွေထဲက တစ်ယောက်ဖြစ်စေရန်၊ အရှင်မြတ်ကို ချစ်ခြင်းကြောင့်နဲ့ အရှင်မြတ်အလိုတော်ကြောင့် အတူတကွချစ်ခင်နိုင်ကြပြီး၊ ကေယာမဟ်နေ့ရောက်သည့်အခါတွင်လည်း အရှင်မြတ်မှ ကျွန်မတို့ကို ချစ်သောကြောင့်နဲ့ ကျွန်မတို့က အရှင်မြတ်ကို ချစ်သောကြောင့် အရှင့်၏ ဂုဏ်ကျက်သရေ၊ အရိပ်အာဝါသအောက်တွင် ခိုလှုံခွင့်ရသူများဖြစ်ခွင့်ရရန် တောင်းဆုဒုအာအ်ပြုအပ်ပါသည်။ အာမီးန်။