ရှေ့ကဆောင်းပါးတွေထဲမှာ ပြောခဲ့တဲ့ အရည်အသွေးတွေအားလုံးဟာ တမန်တော်မြတ် (ﷺ) ရဲ့ ပုဂ္ဂိုလ်ရေးမှာ အထင်းသားတွေ့ရပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ကုရ်အာန် အာယာဟ်တော်တစ်ခုကို မျှဝေလိုပါတယ်။ အလ္လာဟ် (سبحانه وتعالى) က ကျမ်းမြတ်ကုရ်အာန်မှာ မိန့်တော်မူတာက၊
قُلْ إِنْ كُنْتُمْ تُحِبُّونَ اللَّهَ فَاتَّبِعُونِي يُحْبِبْكُمُ اللَّهُ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ وَاللَّهُ غَفُورٌ رَحِيمٌ
“(အို-တမန်တော်)အသင် ပြောလိုက်ပါ၊ အကယ်၍ အသင်တို့သည် အလ္လာဟ် အရှင်မြတ် အား ချစ်မြတ်နိုးကြသည်ဆိုလျှင် ငါ(တမန်တော်)၏ အမိန့်ကို လိုက်နာကြပါ။ ° (သို့ဖြစ်လျှင်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်သည် ချစ်ခင် တော်မူမည်။ ၎င်းပြင် အရှင်မြတ်သည် အသင်တို့၏ ပြစ်မှုများကိုလွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။” [3:31]
ဒီအာယာဟ်တော်ကို ဖတ်ရတဲ့အခါ ကျွန်မတို့ ကိုယ့်ကိုယ်ကို မေးမိလား၊ “ကျွန်မတို့ ဘယ်လို တမန်တော်မြတ် (ﷺ) ရဲ့ နောက်လိုက်ကောင်းများ ဖြစ်လာနိုင်ကြမလဲ”၊ ဆိုတာကို။
တမန်တော်မြတ် (ﷺ) မှာ အလုံးစုံပြည့်စုံတဲ့ စရိုက်လက္ခဏာရှိပါတယ်။ وَإنِكَ لَعَلَىٰ خُلُقٍ عَظِيمٍ “အမှန်ပင်၊ သင်သည် မြင့်မြတ်သော စရိုက်လက္ခဏာရှိသူဖြစ်သည်”၊ ဒါဟာ အလ္လာဟ် (سبحانه وتعالى) က ချီးမွမ်းခဲ့တာ ဖြစ်ပြီး၊ အလ္လာဟ် (سبحانه وتعالى) ကိုယ်တိုင် ပုံဖော်ပေးခဲ့ကာ တမန်တော်မြတ် (ﷺ) ကို အကောင်းဆုံး အကျင့်စရိုက်များနဲ့ ပေးအပ်တော်မူခဲ့ပါတယ်။ တမန်တော်မြတ် (ﷺ) ဟာ ကျွန်မတို့ရဲ့ဘဝမှာ အရာရာတိုင်းအတွက် စံပြုနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။
ဒါပေမယ့် ဒီကိစ္စရဲ့ အခြားရှုထောင့်တစ်ခုကို ကျွန်မ ဆွေးနွေးလိုပါတယ်။ တမန်တော်မြတ် (ﷺ) က စွန္နဟ်တစ်ခုကို ပြန်လည်အသက်သွင်းခြင်းအတွက် ကြီးမားတဲ့ အကျိုးဆုလာဘ်ရှိကြောင်း မိန့်တော်မူခဲ့ပါတယ်။ ကျွန်မတို့ ကြုံတွေ့ရတာက ဒီဆောင်းပါးတွေထဲက ကောင်းမွန်တဲ့ အရည်အသွေးတွေ တော်တော်များများဟာ လူတွေမှာ ဒါမှမဟုတ် သီးခြားဖြစ်ရပ်တွေမှာ တွေ့ရတာပါ။ ဒါပေမယ့် ဒီအရာတွေကို တမန်တော်မြတ် (ﷺ) ဆီကို ပြန်မချိတ်ဆက်ကြဘူး၊ ဒါမှမဟုတ် ဘာသာရေးအခြေခံတစ်ခုခုနဲ့ ပြန်မချိတ်ဆက်ကြဘူး။ ဒါပေမယ့် ဒီဆောင်းပါးတွေမှာ ဆွေးနွေးခဲ့တဲ့ ကောင်းမွန်တဲ့ အရည်အသွေးတစ်ခုကို ကျွန်မတို့ စလုပ်ဆောင်ပြီး တမန်တော်မြတ် (ﷺ) ရဲ့ဘဝနဲ့ ချိတ်ဆက်လိုက်တဲ့အခါမှာတော့ ကျွန်မတို့ ကိုယ်တော့်ရဲ့ စွန္နဟ်ကို ကျွန်မတို့ဘဝမှာ ပြန်လည်အသက်သွင်းလိုက်တာဖြစ်ပြီး ဒါဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့ ချစ်ခြင်းကို ရရှိဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်မတို့ ကိုယ့်ကိုယ်ကို မေးကြည့်နိုင်တာက – ကျွန်မတို့ အမှန်တကယ် တမန်တော်မြတ် (ﷺ) လိုပဲ ဖြစ်နိုင်မလား?
ကျွန်မတို့ ခံစားမိနိုင်တာက ဝတ်ပြုကိုးကွယ်မှုမှာ ဘယ်လောက်ပဲကြိုးစားအားထုတ် ထားထား၊ ကျွန်မတို့ဟာ တမန်တော်မြတ် (ﷺ) အလ္လာဟ် (سبحانه وتعالى) ကို ကိုးကွယ်ခဲ့သလို ဘယ်တော့မှ ကိုးကွယ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့ ဘယ်လောက်ပဲ ကရုဏာတရား၊ ကြင်နာမှု၊ ရက်ရောမှု၊ လုံ့လဝီရိယထားမှု သို့မဟုတ် ဒီစာအုပ်ထဲမှာ ကျွန်မတို့ ဖော်ပြခဲ့တဲ့ အခြားအရည်အသွေးတွေကို လေ့ကျင့်ဖို့ ကြိုးစားပါစေ၊ ကျွန်မတို့မှာ အဲဒီအရည်အသွေးတွေ လုံလောက်အောင် ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။ တမန်တော်မြတ် (ﷺ) မှာရှိခဲ့တာကို ကျွန်မတို့ ဘယ်တော့မှ ရမှာမဟုတ်ဘူး။ ဒါကြောင့် ဒီအာယာဟ်တော်ဟာ အရမ်းလှပတဲ့အဆုံးသတ်နဲ့ အဆုံးသတ်ထားတာကို မှတ်သားဖို့ အရေးကြီးတာပါ – ကျွန်မတို့ တမန်တော်မြတ် (ﷺ) လိုပဲ ဖြစ်ဖို့ ကြိုးစားခြင်းအားဖြင့် အလ္လာဟ် (سبحانه وتعالى) ဟာ ကျွန်မတို့ရဲ့ အားနည်းချက်တွေကို မျက်ကွယ်ပြုပြီး အလ္လာဟ် (سبحانه وتعالى) သည် (အယ်လ်-ဂေါဖူရ်) အပြစ်တွေကို ဖုံးအုပ်ပြီး ခွင့်လွှတ်ပေးသူ ဖြစ်ကာ (အယ်လ်-ရဟီးမ်) အထူးသနားကြင်နာမှုကို ပြသူ ဖြစ်တယ် – ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ ကြိုးစားနေလို့ပါ။
ဒါဟာ အလ္လာဟ် (سبحانه وتعالى) ဆီက အသိအမှတ်ပြုခြင်းပဲ၊ ကျွန်မတို့ ဘယ်တော့မှ တမန်တော် (ﷺ) လိုဖြစ်မလာနိုင်ရင်တောင်၊ ကျွန်မတို့ အမှန်တကယ်ကြိုးစားနေခြင်းက အရှင်မြတ် ချစ်တဲ့အရာပါ၊ အရင်အခန်းမှာ ဆွေးနွေးခဲ့သလိုပါပဲ။ ကျွန်မတို့ဟာ တမန်တော်မြတ် (ﷺ) ရဲ့ဘဝကို ကြည့်ပြီး သူရဲ့အရည်အသွေးတွေကို ကျွန်မတို့ဘဝထဲ ယူဆောင်လာဖို့ ကြိုးစားတာပါ။ အသေးအဖွဲကိစ္စတွေမှာ စွန္နဟ်ကို ပြန်လည်အသက်သွင်းတာဟာလည်း ကောင်းပါတယ်၊ ကြီးမားတဲ့ ဆုလာဘ်တွေရနိုင်လို့ပါ။ ကျွန်မတို့ဟာ ဘယ်လောက်သေးငယ်တဲ့အရာပဲဖြစ်ဖြစ် အလ္လာဟ် (سبحانه وتعالى) အတွက် လုပ်ဆောင်တဲ့အရာကို သေးသေးလေးလို့ မသတ်မှတ်ပါဘူး။ ဒါပေမယ့် ဒီစာအုပ်ထဲမှာ ကျွန်မတို့ ကြည့်ခဲ့တဲ့ ပိုကြီးမားတဲ့ အရည်အသွေးတွေအကြောင်း စဉ်းစားဖို့နဲ့ ကျွန်မတို့ဟာ တမန်တော်မြတ် (ﷺ) အတိအကျလို မဖြစ်နိုင်သော်လည်း ကိုယိတော်သည် ကျွန်မတို့ ရှာဖွေနေတဲ့ စံနမူနာဖြစ်ခြင်းက အလ္လာဟ် (سبحانه وتعالى) ကျွန်မတို့ကို ချစ်ဖို့ လုံလောက်တယ်ဆိုတာကို သိရှိဖို့ အရေးကြီးပါတယ်။ يُحْبِبْكُمُ اللهُ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ၊ အရှင်မြတ်သည် သင်တို့ကို ပြန်လည်ချစ်ခြင်း၊ သင်တို့ရဲ့ အားနည်းချက်တွေကို မျက်ကွယ်ပြုခြင်းပါ။
ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့အား တမန်တော်မြတ် (ﷺ) လမ်းစဉ်ကိုလိုက်နိုင်ကြသူများဖြစ်ကြဖို့၊ တမန်တော်မြတ်ကြီးကို ပိုမိုချစ်မြတ်နိုးကြဖို့၊ အလ္လာဟ်အရှင်မြတ်၏ ချစ်ခြင်းအားဖြင့် ဂျန္နတ်သွလ်-ဖေရ်ဒေါက်စ်မှာ တမန်တော်မြတ် နဲ့အတူ ဆုံစည်းခွင့်ရဖို့ တောင်းဆုဒုအာအ်ပြုအပ်ပါတယ်။ အာမီးန်။