Skip to content

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…သင့်မိခင်

ရှေးကဆောင်းပါးမှာ ကျွန်မတို့ဟာ အလ္လာဟ် (سبحانه وتعالى) အတွက် တစ်စုံတစ်ယောက်ကို ချစ်ခြင်း (Love for the sake of Allah) အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမယ့် များသောအားဖြင့် ကျွန်မတို့ဟာ ဒီအဓိပ္ပာယ်ကို ကျွန်မတို့အိမ်ထောင်စုပြင်ပက လူတွေဆိုပြီး ချက်ချင်းကောက်ယူတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ကိုယ့်အိမ်ထဲက လူတွေကို မေ့တတ်ကြပါတယ်။ ဒီဟဒီးဆ်တော်ကို ကြားတဲ့အခါ ကျွန်မတို့ အများဆုံးတွေးသင့်တဲ့သူက ကျွန်မတို့ရဲ့ မိခင်ထက် ပိုပြီး အရေးပါတဲ့သူ မရှိပါဘူး။ တစ်ရက်မှာ တမန်တော်မြတ် (ﷺ) ဆီ လူတစ်ယောက် လာပြီး မေးပါတယ်၊ “ကျွန်တော် ဘယ်သူ့ကို ဂုဏ်ပြုပြီး ဖြူစင်တဲ့စိတ်နဲ့ ဆက်ဆံသင့်ပါသလဲ?” တမန်တော်မြတ် (ﷺ) က “အသင့်မိခင်” လို့ မိန့်တော်မူခဲ့ပါတယ်။ ထိုလူက “ပြီးရင် ဘယ်သူ့ကိုလဲ?” လို့ မေးတော့ တမန်တော်မြတ် (ﷺ) က “အသင့်မိခင်” လို့ပဲ ပြန်ဖြေပါတယ်။ သူက နောက်တစ်ခါ “ပြီးရင် ဘယ်သူ့ကိုလဲ?” လို့ မေးပြန်တဲ့အခါ တမန်တော်မြတ် (ﷺ) က “အသင့်မိခင်” လို့ပဲ ထပ်ဖြေပါတယ်။ သူက နောက်ဆုံးတစ်ခါ “ပြီးရင် ဘယ်သူ့ကိုလဲ?” လို့ မေးတော့မှ တမန်တော်မြတ် (ﷺ) က “အသင့်ဖခင်” လို့ ဖြေပါတော့တယ်။

ဒါကြောင့် ကျွန်မတို့ သိတာက အလ္လာဟ် (سبحانه وتعالى) ဟာ မိခင်ကို အထူးအရေးပေးပြီး ဦးစားပေးထားတာပါ။ တမန်တော်မြတ် (ﷺ) က ဆွဟာဗာဟ်တစ်ဦးကို သူ့အမေဆီ ပြန်လွှတ်ခဲ့ပြီး “ဂျန္နဟ်ဟာ အသင့်မိခင်ရဲ့ ခြေဖဝါးအောက်မှာ ရှိတယ်” လို့ မိန့်တော်မူခဲ့ပါတယ်။ အလ္လာဟ် (سبحانه وتعالى) က ကုရ်အာန်ကျမ်းတော်မြတ်မှာ မိဘအပေါ် နာခံမှုကို အရှင့်ကို နာခံမှုနဲ့ တွဲဖက်ဖော်ပြခဲ့ပါတယ်။ ဆိုလိုတာက ကျွန်မတို့ဟာ အရှင်မြတ်ကို ကိုးကွယ်ပြီး နာခံသလို ကျွန်မတို့ရဲ့ မိဘတွေကိုလည်း အလားတူကြင်နာမှု၊ ချစ်မြတ်နိုးမှုတွေ ပြရမယ်။ ဒါပေမယ့် သူတို့ကို ကိုးကွယ်ဝတ်ပြုခြင်း သို့မဟုတ် ဖန်ဆင်းရှင်ထက် ပိုပြီး ဦးစားပေးခြင်းမျိုး မဖြစ်စေရပါဘူး။ အဓိကအချက်က အလ္လာဟ် (سبحانه وتعالى) ဟာ သူတို့ကို နာခံရန် အမိန့်တော်ကို အရှင့်ကို နာခံရန် အမိန့်တော်နဲ့တွဲပြီး ဖော်ပြခဲ့တာပါ။ َوَقَضَى رَبُّكَ أَلاّ تَعْبُدُوا إِلاّ إِيَّاهُ وَبِالْوَالِدَيْنِ إِحْسَانًا အရှင်မြတ်က သူတို့ကို ထည့်သွင်းပြီး ဆင့်ဆိုပါတယ် – အသင့်ထာဝရအရှင်သည် အသင့်အား အရှင်မှလွဲ၍ အခြားဘယ်သူ့ကိုမှ ကိုးကွယ်မှုမပြုရန်နှင့် မိဘနှစ်ပါးအား ကောင်းမွန်စွာဆက်ဆံရန် စီရင်ထားခဲ့ရှိသည်။ ဒီနေရာမှာ ရှင်းပြချက်လေး ထည့်ပြောရမယ်ဆိုရင် ကျွန်မတို့ မိဘကို ချစ်တယ် ဆိုတာက သူတို့ဆီက မတရားမှု၊ နာကျင်စေမှု သို့မဟုတ် ဖိနှိပ်မှုတွေကို သည်းခံခံရမယ်လို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ဒါတွေက ပုံမှန်အခြေအနေကနေ ဘေးထွက်သွားတဲ့ အခြေအနေတွေဖြစ်ပြီး ခြွင်းချက်အနေနဲ့ ကိုင်တွယ်ရပါမယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် မိခင်ရဲ့မြင့်မြတ်သောအဆင့်အတန်းနဲ့ ကျွန်မတို့မိခင်ကို ချစ်မြတ်နိုးခြင်းအားဖြင့် အလ္လာဟ် (سبحانه وتعالى) ရဲ့ချစ်ခင်မှုကို ရယူနိုင်တယ်ဆိုတဲ့ အယူအဆဟာ အဓိကပန်းတိုင်ဖြစ်ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး ပြန်ကြားချက်တော် နှစ်ခုရှိပါတယ်။ တစ်ခုက တမန်တော်မြတ် (ﷺ) ဆီက ဖြစ်ပြီး နောက်တစ်ခုကတော့ အဗ္ဗဒူလာဟ် အဗ္ဗုနု အဗ္ဗာစ် Abdullāh ibn ʿAbbās (رضي الله عنه) ၊ တမန်တော်မြတ်ရဲ့ ဝမ်းကွဲညီဆီကနေ ဖြစ်ပါတယ်။ တစ်ရက်မှာ လူတစ်ယောက်ဟာ တမန်တော်မြတ် (ﷺ) ဆီ ချဉ်းကပ်ပြီး “ကျွန်တော် ကြီးမားတဲ့အပြစ်တစ်ခု ကျူးလွန်မိပါတယ်။ အလ္လာဟ် (سبحانه وتعالى) ဆီကို နောင်တရဖို့ နည်းလမ်းတစ်ခုခု ရှိပါသလား?” လို့ မေးပါတယ်။ တမန်တော်မြတ် (ﷺ) က “အသင့်မိခင် သက်ရှိထင်ရှားရှိနေပါသေးသလား?” လို့ မေးတော့ ထိုသူက “မရှိတော့ပါဘူး” လို့ ဖြေပါတယ်။ အခု တမန်တော်မြတ် (ﷺ) ရဲ့ နောက်ထပ်မေးခွန်းကို ကြည့်ပါ။ ကိုယ်တော်က “အသင့်မိခင်တွင် သက်ရှိထင်ရှားရှိနေသေးသည့် အစ်မတစ်ယောက် ရှိပါသလား?” လို့ မေးပါတယ်။ ထိုလူက “ရှိပါတယ်” လို့ ဖြေပါတယ်။ တမန်တော်မြတ် (ﷺ) ကလည်း “သွားပြီး သူ့ကို ကောင်းမွန်စွာ ဆက်ဆံပါ၊ မွန်မြတ်တဲ့ စိတ်ထားနဲ့ ဆက်ဆံပြီး ဒီလိုစိတ်ရင်းဖြင့်လုပ်ဆောင်မှုကနေ အလ္လာဟ် (سبحانه وتعالى) ရဲ့ ကရုဏာကို မျှော်လင့်ပါ” လို့ မိန့်ပါတယ်။ ဒါကြောင့် မိခင်အပြီးမှာ တမန်တော်မြတ် (ﷺ) က ချက်ချင်းဆိုသလို မိခင်ဘက်က အဒေါ်ရှိမရှိကို မေးပါတယ်။ ထိုခေတ်နဲ့ ယနေ့အချိန်အများစု လူ့အဖွဲ့အစည်းတွေမှာ အမေရဲ့ အစ်မ (အဒေါ်) ဟာ လူတစ်ယောက်ရဲ့ဘဝမှာ မိခင်လို အခန်းကဏ္ဍကနေ ပါဝင်လေ့ရှိပါတယ်။ တမန်တော်မြတ် (ﷺ) က اَلخَالَةُ بِمَنزِلَةِ الاُمِّ “အဒေါ်ဟာ အမေရဲ့ ရာထူးမှာ ရှိတယ်” လို့ ပြောခဲ့ပါတယ်။ ဂုဏ်သိက္ခာနဲ့ ချစ်ခြင်းအရ သူမဟာ ဒုတိယနေရာမှာ ရှိပါတယ်။ ဒါကြောင့် ကျွန်မတို့မှာ အလ္လာဟ် (سبحانه وتعالى) နဲ့ကျွန်မတို့ကြားမှာ ကြီးမားတဲ့အပြစ်ရှိခဲ့ရင်တောင်၊ ကျွန်မတို့ မိခင်ကို ကောင်းမွန်စွာ ဆက်ဆံပြီး အလ္လာဟ် (سبحانه وتعالى) ရဲ့ နှစ်သိမ့်မှုကို ဖွင့်ပေးမယ့် တံခါးတစ်ခု ဖြစ်မဖြစ် ကြည့်သင့်ပါတယ်။

အဗ္ဗုနု အဗ္ဗာစ် (رضي الله عنه) ဆီက ပြန်ကြားချက်ကတော့ အလွန်နက်နဲပါတယ်။ လူတစ်ယောက်ဟာ အဗ္ဗုနု အဗ္ဗာစ်ဆီလာပြီး သူဟာ မနာလိုစိတ်ကြောင့် လူတစ်ယောက်ကို သတ်မိခဲ့တယ်လို့ ဝန်ခံပါတယ်။ ပြီးတော့ သူ့မှာ အလ္လာဟ် (سبحانه وتعالى) ရဲ့ ခွင့်လွှတ်မှုကို ရနိုင်ဖို့ မျှော်လင့်ချက် ရှိပါသလားလို့ မေးပါတယ်။ အဗ္ဗုနု အဗ္ဗာစ်က “အသင့်မိခင် သက်ရှိထင်ရှားရှိနေပါသေးသလား?” လို့ ပြန်မေးပါတယ်။ အဗ္ဗုနု အဗ္ဗာစ်ဟာ ဒါဟာ ဥပဒေကြောင်းအရ အရေးယူမှု သို့မဟုတ် လက်တုံ့ပြန်မှု အစရှိတဲ့အကြောင်းအရာတွေအတွက် မဟုတ်ဘဲ ထိုလူရဲ့ နောင်ဘဝ (အာခေရဟ်) အတွက် စိုးရိမ်နေခဲ့တာဖြစ်ပါတယ်။ ထိုလူက “မရှိတော့ပါဘူး” လို့ ဖြေပါတယ်။ အဗ္ဗုနု အဗ္ဗာစ်က “ဒါဆိုရင် အလ္လာဟ် (سبحانه وتعالى) ဆီကနေ စစ်မှန်စွာ ခွင့်လွှတ်မှုတောင်းပြီး အရှင့်ကရုဏာတော်ကို မျှော်လင့်ပါ” လို့ တုန့်ပြန်ခဲ့ပါတယ်။ ထိုလူရဲ့ မိခင်အကြောင်း အတိအကျ မေးအပြီးမှာ ရိုးရိုးအဖြေတစ်ခုကို ပေးခဲ့တာပါ။ အဗ္ဗုနုအဗ္ဗာစ်ရဲ့ တပည့်တွေ၊ ပညာရှင်တွေက သူ့ကို ဘာကြောင့် ထိုလူရဲ့ မိခင်အကြောင်း မေးရတာလဲလို့ မေးကြပါတယ်။ အဲဒီလူရဲ့ ကြီးမားတဲ့အပြစ်နဲ့ မိခင်က တကယ်တော့ ဆက်စပ်နေတာ မဟုတ်ဘူးလေ။ ထိုလူဟာ လူတစ်ယောက်ကို သတ်ခဲ့ပြီး အလ္လာဟ် (سبحانه وتعالى) ရဲ့ ခွင့်လွှတ်မှုအတွက် စိုးရိမ်နေတယ်၊ သူ့မှာ အလ္လာဟ် (سبحانه وتعالى) ရဲ့ ကရုဏာကို ရဖို့ အခွင့်အလမ်း ရှိသေးသလားလို့ စိုးရိမ်နေတယ်။ ဒါပေမယ့် အဗ္ဗုနုအဗ္ဗာစ် က ဘာလို့ သူ့အမေအကြောင်း မေးခဲ့တာလဲ? အဗ္ဗုနု အဗ္ဗာစ်က “အလ္လာဟ် (سبحانه وتعالى) ကို တိုင်တည်ပါတယ်၊ အသင့်မိခင်ကို ပြုစုယုယခြင်းထက် အလ္လာဟ် (سبحانه وتعالى) ပိုပြီး ချစ်မြတ်နိုးတဲ့ အပြုအမူကို အကျွန်ုပ်မသိပါ” လို့ ပြန်ဖြေခဲ့ပါတယ်။

 မိခင်ကို ကြင်နာစွာဆက်ဆံခြင်းနဲ့ နာခံမှုပြုခြင်းဟာ ကျွန်မတို့အတွက် အလွန်လွယ်ကူပြီး ရရှိလွယ်တဲ့ အရာတွေထဲက တစ်ခုပါ။ ကျွန်မတို့ရဲ့ မိခင်များ အသက်ရှင်ရှိနေသေးရင် ကျွန်မတို့ဟာ မှန်ကန်တဲ့အရာကိုလုပ်နေကြောင်း သေချာအောင် လုပ်သင့်ပါတယ်။ ထို့ပြင် ဇိန်း အလ်-အာဗိဒင်း (Zayn al-Ābidīn) က “တံခါးတစ်ခု ပိတ်နေရင် နောက်တစ်ခုဆီ သွားပါ” လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ဖခင်ကို စိတ်ကျေနပ်စေဖို့၊ သူ့ကို ချစ်ကြောင်းပြသဖို့နဲ့ နာခံမှုပြုဖို့က အလ္လာဟ် (سبحانه وتعالى) ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကရုဏာတော်ကို ရရှိဖို့ နည်းလမ်းတွေလည်း ဖြစ်ပါတယ်။ တမန်တော်မြတ် (ﷺ) က ကျွန်မတို့ကို “သင့်ဖခင်ရဲ့ ဝမ်းမြောက်ခြင်းဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့ ဝမ်းမြောက်ခြင်းပဲ” လို့လည်း သင်ကြားပေးခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့မိဘတွေဟာ အမှန်တကယ် ဂျန္နဟ်ရဲ့ တံခါးတွေပါပဲ။ ထိုမိဘများကို ပြုစုယုယခြင်း၊ ကြင်နာစွာဆက်ဆံခြင်း၊ ချစ်ခြင်းမေတ္တာပြသခြင်း၊ အထူးသဖြင့် သူတို့ အသက်ကြီးလာတဲ့အခါမှာ ပိုအရေးကြီးပါတယ်။ သူတို့ အသက်ကြီးလာတဲ့အခါ သည်းခံစိတ်ရှည်မှုများ ပြသပါ။ အလ္လာဟ် (سبحانه وتعالى) အတွက် ကျွန်မတို့ မိဘများထက် ပိုပြီး ချစ်သင့်တဲ့သူ နှစ်ယောက် မရှိပါ။

ယာအလ္လာလ်၊ ကျွန်တော်မျိုးမတို့အား ကျွန်တော်မျိုးမတို့အားလုံးရဲ့ မိဘများ၊ အိမ်ထောင်ဖက်များ၊ သားသမီးများ၊ ညီအစ်ကိုမောင်နှမများ၊ အဒေါ်များ၊ ဦးလေးများနှင့်တကွ ချစ်ခင်နှစ်သက်မှုကျရောက်စေတော်မူပြီး ကျွန်တော်မျိုးမတို့အားလုံးကို အလ္လာဟ် (سبحانه وتعالى) ရဲ့ချစ်ခြင်းကြောင့် တစ်စည်းတစ်လုံးတည်း ဖြစ်စေတော်မူပါ၊ ပြီးနောက် ကျွန်တော်မျိုးမတို့အား ဂျန္နသွလ်ဖေရ်ဒေါက်စ်ရဲ့ အမြင့်ဆုံးအဆင့်ကို ပေးသနားတော်မူပါ။ အာမီန်း။

အလ္လာဟ်ချစ်မြတ်နိုးသော...

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော… ဗလီဝတ်ကျောင်းတော်(မက်စ်ဂျဒ်) အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…ချစ်ခြင်းမေတ္တာ