Skip to content

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော… မျက်ရည်နှင့် အမှတ်အသားများ 

 တမန်တော်မုဟမ္မဒ် (ﷺ) မိန့်တော်မူခဲ့တာက “အစက်နှစ်စက်ထက် အလ္လာဟ် (سبحانه وتعالى) ပိုချစ်တာ မရှိဘူး – အလ္လာဟ် (سبحانه وتعالى) ကို ကြောက်ရွံ့ရိုသေပြီး ကျလာတဲ့ မျက်ရည်တစ်စက်နဲ့ အလ္လာဟ် (سبحانه وتعالى) အတွက် မွန်မြတ်တဲ့ တိုက်ပွဲမှာ သွန်းကျတဲ့ သွေးတစ်စက်ပဲ ဖြစ်ပါတယ်။” ပြီးတော့ ဆက်မိန့်ခဲ့တာက “အလ္လာဟ် (سبحانه وتعالى) ရဲ့လမ်းကြောင်းမှာ၊ အလ္လာဟ် (سبحانه وتعالى) နှစ်သက်မှုအတွက် တာဝန်တွေကို ထမ်းဆောင်ရာမှ၊ သို့မဟုတ် အလ္လာဟ် (سبحانه وتعالى) ကို ကိုးကွယ်ရာမှ ဖြစ်ပေါ်လာတဲ့ ထိခိုက်ဒဏ်ရာတွေထက် အလ္လာဟ် (سبحانه وتعالى) ပိုပြီးချစ်မြတ်နိုးတာ မရှိဘူး။” ဒီဟဒီးဆ်တော်ကို တမန်တော်မုဟမ္မဒ် (ﷺ) ရဲ့ ဆွဟာဗာဟ်တွေဖြတ်သန်းခဲ့ရတဲ့ ဘဝတွေကနေ တစ်ဆင့်နားလည်နိုင်တာ ထင်ရှားပါတယ်။

 အကယ်၍ ကျွန်မတို့သာ တမန်တော်မြတ် (ﷺ) နဲ့အတူ နေထိုင်ခဲ့ရရင်၊ စစ်ပွဲအမျိုးမျိုးကို ဖြတ်သန်းခဲ့ရမှာပေါ့။ ဗဒ်ရ်၊ အူဟုဒ် သို့မဟုတ် ခန်ဒက် စစ်ပွဲတွေမှာ အသက်မဆုံးရင်တောင်၊ ဒဏ်ရာရခဲ့မှာပဲ၊ ဒဏ်ရာကြောင့် ထော့နဲ့ရတာ သို့မဟုတ် တစ်နည်းနည်းနဲ့ အမှတ်အသားတွေ ကျန်ခဲ့မှာပေါ့။ ဆွဟာဗာဟ်တွေက ထော့နဲ့နေတဲ့သူ သို့မဟုတ် ဒဏ်ရာရှိတဲ့သူကို မြင်တဲ့အခါ၊ တမန်တော်မြတ် (ﷺ) က “ဒီလူဟာ ဂျန္နဟ် မှာ ထော့နဲ့တာလည်း မရှိတော့ဘူး၊ ဒဏ်ရာလည်း မရှိတော့ဘူး” လို့ ပြောခဲ့တယ်။ ဒါဟာ မွတ်စလင်မ်တွေဖြစ်လို့ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာရနေတဲ့၊ အလ္လာဟ် (سبحانه وتعالى) ရဲ့ လမ်းကြောင်းနဲ့ အကြောင်းရင်းအတွက် ဒုက္ခခံနေရတဲ့ သူတွေအတွက် နှစ်သိမ့်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။

 တမန်တော်မြတ် (ﷺ) က မိန့်တော်မူခဲ့တာကတော့ ကိယာမဟ်နေ့မှာ လူတစ်ယောက်ကို عَنْ جَسَدِهِ فِيمَا أبَلْاَهُ – “သူတို့ရဲ့ ခန္ဓာကိုယ်အကြောင်းနဲ့ သူတို့ အဲဒီခန္ဓာကိုယ်နဲ့ ဘာလုပ်ခဲ့သလဲ” ဆိုတာကို မေးမှာပါတဲ့။ ဒီမှာ မျက်ရည်ရဲ့ အရေးပါပုံက ရှင်းနေပါတယ်။ မျက်ရည်ဟာ ကျွန်မတို့ကို အလ္လာဟ် (سبحانه وتعالى) နဲ့ ပိုပြီး နက်ရှိုင်းတဲ့ ဆက်သွယ်မှုမျိုးကို ဖြစ်စေပါတယ် – ဒါက ကျွန်မတို့ရဲ့ ဆုတောင်းမှုတွေ၊ ဝတ်ပြုမှုတွေ၊ နောင်တရမှုတွေမှာ အရမ်းအရေးကြီးတယ်။ ဒီနေရာမှာ ဆိုလိုတာက နောင်တရခြင်းနဲ့ အလ္လာဟ် (سبحانه وتعالى) ကို သတိရတဲ့အခါ အလ္လာဟ် (سبحانه وتعالى)ရဲ့ ကြီးမြတ်မှုကို အသိအမှတ်ပြုခြင်းပါ။ တမန်တော်မြတ် (ﷺ) ပြောခဲ့တာက အလ္လာဟ် (سبحانه وتعالى) အတွက် မျက်ရည်ကျတဲ့ မျက်လုံးဟာ မီးနဲ့ မထိတွေ့ရဘူးတဲ့ – အဲဒီ မျက်ရည်တွေ ကျတဲ့အတွက် အလ္လာဟ် (سبحانه وتعالى) ဆီက ဘယ်လို ပြစ်ဒဏ်မှ မခံရတော့ဘူးပေါ့။

 ဒါ့အပြင်၊ အမှတ်အသားတွေ၊ ဒဏ်ရာတွေကလည်း ကျွန်မတို့ ခန္ဓာကိုယ်အပေါ် တကယ့်အကျိုးသက်ရောက်မှု ရှိပါတယ်။ ကျွန်မတို့ထဲက ဟဂျ်သွားဖူးတဲ့သူတွေ – အလ္လာဟ် (سبحانه وتعالى) ကျွန်မတို့အားလုံးကို စစ်မှန်တဲ့ ဟဂျ်ရဲ့ ကောင်းချီးမင်္ဂလာကို ပေးပါစေ – ဟဂျ်ခရီးသည်တွေကို အာရဖာနေ့မှာ အိဟ်ရမ်အဝတ်နဲ့ မြင်ဖူးကြမှာပါ။ သူတို့ဟာ ရက်ပေါင်းများစွာ အိပ်မရတာမို့ မျက်နှာပေါ်မှာ ဖုန်တွေနဲ့ မျက်လုံးအောက်မှာ မျက်ကွင်းညိုတွေ ဖြစ်နေကြတယ်။ သူတို့ဟာ ပင်ပန်းနွမ်းနယ်နေကြပုံပေါ်တယ်။ အာရဖတ်ကွင်းပြင်မှာ ဘယ်သူမှ အကောင်းဆုံးပုံစံ မရှိကြဘူး။ တမန်တော်မြတ် (ﷺ) က ပြောခဲ့တာက အလ္လာဟ် (سبحانه وتعالى) ဟာ အာရဖာနေ့မှာ ကောင်းကင်တမန်တွေကို ဂုဏ်ယူပြီး ပြောတယ်တဲ့၊ “ကမ္ဘာအနှံ့ကနေ အရှင်မြတ်ဆီလာတဲ့ အရှင့်ကျေးကျွန်တွေကို ကြည့်လိုက်ပါ – ထိုသူတို့ရဲ့ဆံပင်က မသပ်မရပ်နဲ့၊ မျက်နှာမှာ ဖုန်ထူနေပြီး၊ ကောင်းကောင်းအနားမယူထားကြဘူး။ ဒါပေမယ့် ထိုသူတို့ တောင်းတာကတော့ အရှင့်ရဲ့ ကရုဏာတော်နဲ့ ကျေးဇူးတော်တွေပဲ ဖြစ်ကြပါတယ်။” တမန်တော်မြတ် (ﷺ) နဲ့ ဆွဟာဗာဟ်ကြီးတို့ကလည်း ဒီအတိုင်း ဖြတ်သန်းခဲ့ကြတယ်။ သူတို့ဟာ အလ္လာဟ် (سبحانه وتعالى) အတွက် ရက်ပေါင်းများစွာ ညပေါင်းများစွာ ရုန်းကန်ခဲ့ကြတယ်။ တမန်တော်မြတ် (ﷺ) က အစ္စလာမ်နဲ့အတူ ဆံပင်ဖြူလာတဲ့သူ၊ အလ္လာဟ် (سبحانه وتعالى) ရဲ့ လမ်းကြောင်းမှာ ဒဏ်ရာရတဲ့သူတွေအကြောင်း ပြောခဲ့ပါတယ်။ ဒါတွေအားလုံးဟာ အရေးပါပြီး အလ္လာဟ် (سبحانه وتعالى) က ဒီအရာတွေအားလုံးကို မြင်နေပါတယ်။

 တမန်တော်မြတ် (ﷺ) ရဲ့ မြေး၊ (Zayn al-Abidin)၊ ကွယ်လွန်ခဲ့တဲ့အခါ ဒါနပစ္စည်းတွေကို သယ်ဆောင်ရင်း သူ့ကျောပေါ်မှာ အမှတ်အသားတွေ ကျန်ရှိခဲ့ပါတယ်။ အလ္လာဟ် (سبحانه وتعالى) က စဂျ်ဒဟ်ရဲ့ အမှတ်အသားတွေ (athar al-sujud) အကြောင်း ပြောတဲ့အခါ ဒါဟာ ရုပ်ပိုင်းဆိုင်ရာ အမှတ်အသားသက်သက်ထက် ပိုပါတယ်။ ဒါဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့ ကျေးကျွန်တွေရဲ့ မျက်နှာကို ထွန်းတောက်စေတဲ့ အရာပါ။ လူအချို့မှာ နှစ်ပေါင်းများစွာ အလ္လာဟ် (سبحانه وتعالى) ကို စဂျ်ဒဟ်ပြုရင်း နဖူးပေါ်မှာ စဂျ်ဒဟ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အမှတ်အသားရှိတာကို သင်တွေ့နိုင်ပါတယ်။

 ဒီအမှတ်အသားတွေအားလုံးက ကိုယ်ခန္ဓာမှာရရှိတဲ့ ဒဏ်ရာတွေ၊ အမှတ်အသားတွေကို ဖော်ဆောင်နေတာပါ။ ဒါပေမယ့် ရှင်းရှင်းပြောရရင်၊ ကျွန်မတို့ကို ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်ဖို့ ဆိုလိုတာမဟုတ်သလို – ဘယ်သူ့ကိုမှ ကိုယ့်ကိုယ်ကို လှီးဖြတ်ပြီး သွေးထွက်ပြီးမှ “ဒါ အလ္လာဟ် (سبحانه وتعالى) အတွက်ပါ” လို့ ပြောဖို့ ဆိုလိုတာမျိုးလည်း မဟုတ်ပါဘူး။

 ဒါပေမယ့် သင် ဆွာလာသ်ပြုဖို့ ရုန်းကန်နေတာကို အလ္လာဟ် (سبحانه وتعالى) မြင်တဲ့အချိန်တွေအကြောင်း စဉ်းစားကြည့်ပါ။ သင်ဟာ ဒဏ်ရာတစ်ခုခုရထားပြီး ဆွာလာသ်ပြုဖို့ ပိုခက်သွားတာမျိုး ဖြစ်နိုင်တယ်။ အလ္လာဟ် (سبحانه وتعالى) အတွက် ဆွာလာသ်ပြုတဲ့ သက်ကြီးရွယ်အိုတွေကို ကြည့်ပါ။ သူတို့ဟာ နာကျင်မှုကြောင့် မျက်ရည်တွေ ကျကြတယ်။ ခန္ဓာကိုယ်က ပွန်းပဲ့လာတာပြနေပေမယ့် ကောင်းတဲ့ဘက်ကပြန်ကြည့်ရင် အလ္လာဟ် (سبحانه وتعالى) က ဒါကိုမြင်ပြီး ကျွန်မတို့ အရှင့်အတွက် လုပ်နေတာလို့ သိပါတယ်။

 ကျွန်မတို့ဟာ အလ္လာဟ် (سبحانه وتعالى) ထံတော်မှာ အလ္လာဟ် (سبحانه وتعالى) အတွက် စိတ်ရင်းအမှန်နဲ့ မျက်ရည်ကျခွင့်ပေးဖို့ တောင်းဆိုကြပါတယ်၊ ဒီလိုမျက်ရည်ကျဆင်းတောင်းခံခြင်းက စိတ်ဓာတ်ကျစေတဲ့ပုံစံမျိုးနဲ့ မဟုတ်ဘဲ ကျွန်မတို့ရဲ့ မျက်ရည်၊ ဆွာလာသ်တွေကို မြင်တဲ့ အရှင်ဟာ ဒါတွေကို အလဟဿမဖြစ်စေဘူးဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ဖြစ်ပါတယ်။

 ယာအလ္လာဟ် (سبحانه وتعالى) ကျွန်မတို့ရဲ့ စိတ်ဒဏ်ရာတွေကို ပျောက်ကင်းမှုပေးသနားတော်မူပါ၊ ကျွန်မတို့ရဲ့ အားနည်းချက်တွေကို မြင်ပြီး ခွန်အားအဖြစ်ပြောင်းလဲပေးတော်မူပါ၊ ကျွန်မတို့ အလ္လာဟ် (سبحانه وتعالى)နဲ့ ဝေးကွာနေတယ်လို့ ခံစားရတဲ့ အချိန်တွေကနေတဆင့် ပိုမိုနီးကပ်မှုကို ပေးသနားတော်မူပါ။ ကျွန်မတို့ကို ကောင်းတဲ့ နည်းလမ်းတွေနဲ့၊ အလ္လာဟ် (سبحانه وتعالى) နှစ်သက်တဲ့ နည်းလမ်းတွေနဲ့ အသုံးပြုခံခွင့်ရပါစေ။ အာမီးန်။ 

အလ္လာဟ်ချစ်မြတ်နိုးသော...

အလ္လာဟ် ချစ်မြတ်နိုးသော… ကြိုးစားနေကြသူများ အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…ယုံကြည်မှု