Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟕 𝐊𝐧𝐨𝐰 𝐖𝐡𝐨 𝐘𝐨𝐮 𝐀𝐫𝐞


ဘဝရဲ့ ရည်ရွယ်ချက်ကို သိမြင်အောင်ကြိုးစားတတ်တဲ့ အလေ့အကျင့်အကြောင်းကို မနေ့က ပြောခဲ့ပါတယ်။

ဒီနေ့ခေါင်းစဉ်ကတော့ ကိုယ့်ကိုယ်ကို သိမြင်အောင် ကြိုးစားတဲ့အ‌လေ့အကျင့် ကို မွေးမြူဖို့ ပဲ ဖြစ်ပါတယ်။

ကျွန်မတို့တွေ ကြီးပြင်းလာကြတာနဲ့အမျှ ကိုယ့်ကိုယ်ကို ပြန်မြင်ယောင်တဲ့ ပုံစံတွေ ကွာခြားလာပါတယ်။

အဲ့လိုပဲ ကိုယ့်ကို သူများတွေအမြင်မှာ မြင်ယောင်မဲ့ ပုံစံကိုလည်း ပြောင်းလဲချင်ကောင်း ပြောင်းလဲချင်လာပါလိမ့်မယ်။

ဒါကြောင့် အမှန်တကယ် ကိုယ်ကဘယ်လိုလူလဲ ဆိုတာကို အမြဲတမ်း သုံးသပ်နေဖို့တော့ လိုပါလိမ့်မယ်။

ဖန်ဆင်းရှင်က ဖန်ဆင်းပေးထားတဲ့ တကယ့်ကို ရှုပ်ထွေးပြီး အံ့ဖွယ်လူသားတွေဖြစ်တဲ့အလျောက် ကိုယ့်ကိုယ်ကို သိဖို့ဆိုတာ တကယ်တော့ မလွယ်ကူနေပါဘူး။

ကိုယ်က ဘယ်လိုအကျင့်စရိုက်ရှိတဲ့ လူသားတစ်ဦးဖြစ်နေတယ်ဆိုတာကို သိနားလည်အောင်ကြိုးစားကြည့်တာကပဲ ကျွန်မတို့အတွက် ကြီးမားတဲ့ အပြောင်းအလဲ တစ်ခု ဖြစ်နိုင်ပါတယ်။

အဲ့လို ကိုယ်က ဘယ်လိုလူလဲဆိုတာသိအောင်ကြိုးစားတဲ့နေရာမှာ Personality Test လို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးစမ်းစစ်ချက်တွေ က တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ ဆန်းစစ်လေ့လာချက်ပဲ ဖြစ်ပါတယ်၊

ဒါပေမဲ့လည်း “ငါကဘယ်လိုလူလဲ?” ဆိုတဲ့ မေးခွန်းကို မေးလာမယ်ဆိုရင်တော့ မွတ်စ်လင်မ် တစ်ဦးအနေနဲ့ အစ္စလာမ့်ရှုထောင့်ကနေ ကိုယ့်ကိုယ်ကို သုံးသပ်တတ်ဖို့၊ ဖော်ပြတတ်ဖို့ လိုပါလိမ့်မယ်။

ကျွန်မတို့တွေဟာ Allah (سبحانه وتعالى) ၏ ကျေးကျွန်တွေဖြစ်ပါတယ်လို့ Allah (سبحانه وتعالى) က ကျမ်းမြတ်ကုရ်အာန်ထဲက နေရာတော်တော်များ မှာ လှပစွာ ဖော်ကျူးထားပါတယ်။ ဒါက ဂုဏ်ပြုချီးမြှင့်တဲ့အနေနဲ့ ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် အခြေခံအားဖြင့် ကျွန်မတို့ရဲ့ ပထမဦးဆုံးသော ကိုယ်ပိုင်အမှတ်အသားသည် ဖန်ဆင်းရှင်နှင့် ကျွန်မတို့ကြားမှာရှိတဲ့ ဆက်နွယ်မှုကို ပေါ်လွင်စေမည့် “ ဖန်ဆင်းရှင်၏ကျေးကျွန်” သာ ဖြစ်သင့်ပါတယ်။

ဒီအကြောင်းနှင့် ပတ်သက်တဲ့အရာတွေကို သီးခြားခေါင်းစဉ်အနေနဲ့ နောင်တစ်ချိန်မှာ ဆွေးနွေးသွားနိုင်ဖို့လည်း ကြိုးစားသွားပါ့မယ်ရှင်။
InShaAllah.

ကိုယ်ကဘယ်သူဆိုတာကို သိနားလည်တဲ့ အသိပညာရယ်၊ ဘယ်လိုအကျင့်စရိုက်၊ ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင်ထားသလဲဆိုတာကို သိမယ်ဆိုရင်တော့ ကိုယ့်ဘဝကို ဘက်ပေါင်းစုံကနေ အကောင်းဆုံး စီမံကိုင်တွယ်နိုင်မဲ့ နည်းလမ်းကောင်းတွေကို ရှာတွေ့လာပါလိမ့်မယ်။

ဒါ့ကြောင့် အပတ်တိုင်းမှာ မိနစ်အနည်းငယ်မျှပေးပြီး ကိုယ်က ဘယ်လိုလူလဲ၊ ကိုယ့်ဘဝကိုပြောင်းလဲစေမယ့် ဘယ်လိုအရာတွေကို လုပ်နေတာလဲ ဆိုတာကို သေချာ အချိန်ပေးသုံးသပ်ဆင်ခြင်ပြီး နက်နက်နဲနဲ တွေးကြည့်တဲ့အလေ့အကျင့်လေး လုပ်ကြည့်သွားကြရအောင်နော်။

အခုဆိုရင် Confident ရှိတဲ့ မွတ်စ်လင်တို့အတွက် အလေ့အကျင့်ကောင်းလေးတွေ မျှဝေပေးနေတာ ၁ ပတ်တောင် ဖြစ်လာပါပြီ။

ကျွန်မရဲ့ မိတ်ဆွေတို့ရော လိုက်လေ့ကျင့်ဖြစ်ကြရဲ့လား။

Gratitude Journal လေးရေးဖြစ်နေမယ်ဆိုရင် တချိန်တည်း ဒီလိုကိုယ့်ကိုယ်ကို သုံးသပ်တဲ့အကျင့်ကိုပါ တွဲလုပ်သွားမယ်ဆိုရင် အချိန်ခဏလေးအတွင်း အကျိုးရှိတဲ့ အလေ့အကျင့်တွေ လုပ်ဖြစ်သွားကြမှာ မလွဲမသွေပါရှင်။ 

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟔 𝐊𝐧𝐨𝐰 𝐘𝐨𝐮𝐫 𝐏𝐮𝐫𝐩𝐨𝐬𝐞 𝐢𝐧 𝐋𝐢𝐟𝐞 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟖 𝐆𝐨𝐚𝐥𝐬 𝐒𝐞𝐭𝐭𝐢𝐧đ