Skip to content

ပါရာ တစ် (Juz One) 

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ တစ် (Juz One) 

ဒီမှာတော့ ကျမ်းမြတ်ကုရ်အာန်ထဲက အာယာဟ်တွေကို ဘယ်အချိန်တွေမှာ ဘာကြောင့် ဝဟီချပေးခဲ့ရသလဲဆိုတဲ့အကြောင်းအရာတွေနှင့် ပတ်သက်နေတဲ့ ဇာတ်ကြောင်းပြန်ပြောချက်တွေပါဝင်နေတဲ့ Asbab al-nuzul လို့ခေါ်တဲ့ ဝဟီကျခြင်းအကြောင်းအရင်းများကို မျှဝေသွားမှာဖြစ်ပါတယ်။

 ကျွန်မတို့ယခုပြုလုပ်သွားမဲ့ Qur’an Reflection Asbab al-nuzul (Reasons for revelation) အကြောင်းအရာတွေသည် Yaqeen Institute မှ Dr. Omar Suleiman နှင့် Sheikh Ismail Kamdar တို့ ပြုစုထားသည့် Qur’an 30 for 30 Seerah Edition မှ ကောက်နုတ်ဖော်ပြထားခြင်းပဲ ဖြစ်ပါသည်။

 စူရာဟ်တစ်ပုဒ် (သို့) အာယာဟ်တစ်ခုကို ဝဟီချပေးရတဲ့အကြောင်းအရင်းကိုသာ သိမယ်ဆိုရင် ကုရ်အာန်ရဲ့ နက်နဲလှပမှုကိုလည်း ပိုပြီးဝမ်းမြောက်ဂုဏ်ယူမိမှာ အသေအချာပါပဲ။

 ဒါ့ကြောင့် ကျွန်မရဲ့ စာဖတ်ပရိသတ်တို့လည်း နေ့စဉ်ကျွန်မတို့တင်ဆက်သွားမဲ့ Ramadan 2024 Program အနေနဲ့ “Reasons for Revelations Summary” “အာယာဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ်” တွေကို ကျွန်မတို့နှင့်အတူ လိုက်ပါဖတ်ရှုရင်း နေ့စဉ်ကိုယ်ဖတ်နေတဲ့ Juz က ဘာကြောင့်ဝဟီကျထားရသလဲဆိုတာလေးကို လေ့လာကြည့်လိုက်ကြရအောင်နော်။

 ပါရာ တစ် (Juz One)

စူရာဟ် အလ်ဗကရာဟ် (al-Baqarah) ကို ကုရ်အာန်ရဲ့ ၂ Juz ခွဲအထိဖော်ပြထားပါတယ်။ ဒီစူရာဟ်ကို ဟီဂျ်ရာဟ် အပြီး ပထမနှင့် ဒုတိယနှစ်တွေမှာ တဖြည်းဖြည်းချင်း ဝဟီချပေးခဲ့တာပဲဖြစ်ပါတယ်။ ကုရ်အာန်ထဲက အရှည်ဆုံး စူရာဟ်ဖြစ်သလို ပါဝင်နေတဲ့ အာယဟ်တွေ၊ အကြောင်းအရာတွေကလည်း ခေတ်ဦးမဒီနာဟ်ယဉ်ကျေးမှုရဲ့ အခြေအနေတွေ၊ မေးခွန်းတွေကို ထင်ဟင်နေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဇာတ်ကြောင်းပြန်ဆိုချက်တွေအရ ဒီအာယဟ်တွေကို ဝဟီချပေးခဲ့ရတဲ့ အကြောင်းအရင်းတွေကိုလည်း ရှင်းရှင်းလင်းလင်းသိနိုင်ပါတယ်။
မဒီနာဟ် ခေတ်ဦးပိုင်းသည် အခြေကျဖို့ကြိုးစားနေသည့်ကာလအပိုင်းအခြား၊ မြို့ပြတစ်ခုဖြစ်ပေါ်လာဖို့အစပျိုးချိန်တစ်ခုဖြစ်သလို အစ္စလာမ့်အသိုင်းအဝန်းရဲ့ အခြေခံအုတ်မြစ်တည်ဆောက်နေဆဲကာလတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီကာလအတွင်းမှာ နမာဇ်ဝတ်ပြုခြင်း၊ ရိုဇာဥပုသ်စောင့်ထိန်းခြင်း၊ ဇကားသ်အလှူအတန်းပြုခြင်းအစရှိတဲ့ ဖန်ဆင်းရှင်ကို ခဝပ်ကိုးကွယ်ခြင်း အပြုအမှုတွေနှင့် ဆက်စပ်နေတဲ့ Shariah ဥပဒေအမျိုးမျိုးကို အသေးစိတ်တင်ပြထားသလို လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်းပြတ်စဲခြင်း၊ စစ်ပွဲ၊ စီးပွားရေးလုပ်ငန်း၊ အမွေဆက်ခံခြင်းတို့နှင့် ဆက်စပ်နေတဲ့ အစောပိုင်း လူထုအခြေပြုဥပဒေတွေ ပါဝင်နေတာကို တွေ့ရှိနိုင်ပါတယ်။ ဒါ့‌ကြောင့် ဒီစူရာဟ်မှာ အစ္စလာမ့်ဥပဒေတွေနှင့် ဆက်စပ်နေတဲ့ အာယဟ်အများကြီး ပါဝင်နေခြင်းဖြစ်ပြီးတော့ ဒီအကြောင်းအရာတွေကို ဒုတိယ Juz မှာ တွေ့မြင်နိုင်ပါတယ်။

ပထမ Juz ကတော့ လူတွေရဲ့ ဘာသာရေးဆိုင်ရာအခြေအနေတွေကို ပိုပြီးအဓိကဖော်ပြထားပါတယ်။ စူရာဟ်ဗကရာဟ်ရဲ့ အစမှာ အီမာန်သက်ဝင်ယုံကြည်ကြသူများ နှင့် မယုံကြည်ကြသူများ (ကာဖိရ်)အကြောင်း အကျဉ်းချုံးဖော်ပြထားပါတယ်။ ဒီလူအုပ်စု ၂မျိုးအကြောင်းကို မက္ကာန်စူရာဟ်တွေမှာ အကျယ်တဝင့်ဖော်ပြထားပြီးသားဖြစ်ပါတယ်။ ဒီ လူမျိုးစု ၂ ခုအကြောင်းအပြီးမှာ မဒီနာဟ်မှာ မွတ်စ်လင်မ်တွေ ရင်ဆိုင်ကြုံတွေ့လာရတဲ့ လူမျိုးစုအသစ်တစ်ခုဖြစ်တဲ့ Hypocrites (အယောင်ဆောင်များ) အုပ်စု အကြောင်းကို စာမျက်နှာ ၂ ခု အထိ အဓိကထားဖော်ပြထားပါတယ်။ အယောင်ဆောင်တွေက မက္ကာဟ်မှာ မရှိခဲ့တာမို့ ဒါက မဒီနာဟ်ရောက် မွတ်စ်လင်မ်တို့အတွက် စိန်ခေါ်မှု အသစ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ကျမ်းမြတ်ကုရ်အာန်က Worldly Reasons တွေ(လောကီရေးရာအကြောင်းအရာများ) ကြောင့် မွတ်စ်လင်မ်အယောင်ဆောင်နေတဲ့ လူအုပ်စုအကြောင်းကို အသေးစိတ်ဖော်ပြထားချက်တွေနှင့် စဖွင့်ထားတာဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန်ထဲမှာ သက်ဝင်ယုံကြည်မှုသည် စိတ်ရင်းနှင့်သာဖြစ်သင့်တယ်ဆိုတဲ့အကြောင်းကို သတိပေးချက်အနေနဲ့ အစပြုထားပါတယ်။
(ကျမ်းမြတ်ကုရ်အာန် ၂:၈-၁၅)

“ထို့ပြင် လူသားများမှ အချို့သူတို့သည် ယုံကြည်ကြသူများ မဟုတ်ကြ ဘဲလျက်” “ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်နှင့် နောက်ဆုံးနေ့ကို ယုံကြည်ကြပါပြီ”ဟု ၎င်းတို့က ပြောဆိုကြသည်။” (၂:၈)

“၎င်းတို့သည် အလ္လာဟ် အရှင်မြတ် နှင့် အီမာန် ယုံကြည်သူများကို လှည့်စားကြသည်၊ ထို့ပြင်(အမှန်စင်စစ်)သူတို့သည် သူတို့ကိုယ်ကို သူတို့ကလွဲ၍ မည်သူ့ကိုမျှ လှည့်စားနေကြသည်မဟုတ်ပေ။ ဤသည်ကိုလည်း သူတို့ အသိမရှိကြပေ။”(၂:၉)

ဒီ Juz ထဲမှ အကြောင်းအရာအများစုသည် တမန်တော်များရဲ့ ဇာတ်ကြောင်းပုံပြင်တွေကို အသားပေး ဖော်ပြထားသလို တမန်တော်မူစာ (عليه السلام) ၏ ဘဝဇာတ်ကြောင်း နှင့် တမန်တော်မူစာ (عليه السلام) နှင့် အစ္စရာလီလူမျိုးများကြား စမ်းသပ်မှုများကို အဓိကထားဖော်ပြထားပါတယ်။ မဒီနာဟ်မှာတော့ တမန်တော်မြတ် (ﷺ) သည် မတူညီတဲ့ ဂျူးမျိုးနွယ်စုတွေနှင့် တိုက်ရိုက်ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ထိုဂျူးမျိုးနွယ်စုခေါင်းဆောင်တွေက တမန်တော်မြတ် (ﷺ) သည် ဟောကိန်းထုတ်ထားခဲ့တဲ့ တမန်တော်ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုခဲ့ကြပေမဲ့ သူတို့မျိုးနွယ်စုထဲက ဆင်းသက်လာတာမဟုတ်တဲ့အတွက် အများစုက တမန်တော်မြတ်ကို ငြင်းပယ်ခဲ့ကြပါတယ်။

ဒီစူရာဟ်ဗကရာဟ်မှာပါဝင်နေတဲ့ ဇာတ်ကြောင်းတွေက ထိုမျိုးနွယ်စုတွေအား ဖန်ဆင်းရှင်ရဲ့ တမန်တော်တွေကို နာခံဖို့ သူတို့သဘောတူထားတဲ့ ပဋိညာဉ်စာချုပ်ကို အမှတ်ရနေစေဖို့ သတိပေးနေခဲ့ပါတယ်။ ဒါ့အပြင် မွတ်စ်လင်မ်တို့ကိုလည်း သူတို့ယုံကြည်သက်ဝင်မှုအပေါ် ရိုးသားမှန်ကန်မှုရှိဖို့၊ တမန်တော်မြတ်(ﷺ) ကို နာခံတတ်ဖို့ သတိပေးချက်အနေနဲ့ ရှိနေပါတယ်။

“ထို့ပြင်တစ်ခါတွင် အလ္လာဟ်အရှင်မြတ်ထံမှ သူတို့(ယဟူဒီများ)ထံသို့၎င်းတို့ထံတွင်ရှိနှင့်ပြီးဖြစ်သော(သောင်ရာသ်)ကျမ်းကိုထောက်ခံပေး သည့်ကျမ်းတစ်စောင် (ကုရ်အာန်) ရောက်လာခဲ့သည်။ ၎င်းပြင် ယခင်က သူတို့သည် ကာဖိရ်များနှင့်ဆန့်ကျင်၍(ထိုကျရောက်လာမည့် ကုရ်အာန် ကျမ်းသို့မဟုတ်တမန်တော်မြတ်ကို အကြောင်းပြုကာ အရှင်မြတ်ထံမှ) အောင်မြင်မှုများတောင်းခံနေခဲ့ကြသည်။ . ထို့နောက် သူတို့သိပြီးဖြစ် သောထို(ကုရ်အာန်) ကျမ်းတော်သည် သူတို့ထံသို့ အမှန်ရောက်လာသည့်အခါတွင် သူတို့သည် ထိုကျမ်းကိုပင် သွေဖည်ငြင်းပယ်ခဲ့ကြပြန်သည်။ ထို့ကြောင့် ငြင်းပယ်သူများအတွက် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးမှုသာ ရှိပေသည်။”(ကျမ်းမြတ်ကုရ်အာန် ၂:၈၉)

စူရာဟ်ဗကရာဟ်မှာပါဝင်နေတဲ့ အကြောင်းအရာမျိုးစုံက ခေတ်ဦး(အစောပိုင်း) မဒီနာဟ်ယဉ်ကျေးမှုရဲ့ စိန်ခေါ်မှုတွေအကြောင်းကို ပြသနေပါတယ်။ အယောင်ဆောင်တွေအကြောင်းဖော်ပြထားတဲ့ အာယဟ်အပိုဒ်တွေက သက်ဝင်ယုံကြည်သူတွေအနေနဲ့ ကိုယ့်လူထုအတွင်းထဲမှာရှိလာတဲ့ စိန်ခေါ်မှုအသစ်တစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရကြောင်းကိုလည်း သိရှိစေပါတယ်။ ကျမ်းမြတ်ကုရ်အာန်ထဲမှာ လူများအကြောင်းဖော်ပြထားတဲ့ အာယဟ်အပိုဒ်တွေက မွတ်စ်လင်မ်လူမျိုးများတိုးပွားလာခြင်းနှင့် မဒီနာဟ်ရှိဂျူးမျိုးနွယ်စုများကြား အခြေအနေတင်းမာမှုဖြစ်ပေါ်လာကြောင်းကို နားလည်စေပါတယ်။ ဒီ စူရာဟ်မှာ ဝဟီကျခဲ့တဲ့ ဥပဒေတွေကလည်း အစ္စလာမ့်ခေတ်ဦးပိုင်းတွေမှာ ရှရီယာဟ်တရားတော်ဆိုင်ရာဥပဒေတွေ ဖြစ်ထွန်းလာခဲ့ပုံကိုလည်း သိရှိစေပါတယ်။ ဒီလိုမတူညီတဲ့ အာယဟ်အပိုဒ်တွေကနေ ခေတ်ဦးမဒီနာဟ်မွတ်စ်လင်တွေရဲ့ ဘဝကို ပိုအသေးစိတ်သိမြင်နိုင်သလို ကျွန်မတို့ယနေ့ခေတ်တိုင်အောင် လက်တွေ့အသုံးပြုလို့ရတဲ့ သင်ခန်းစာပေါင်းများစွာကိုလည်း လေ့လာနိုင်ခွင့်ရမှာပဲဖြစ်ပါတယ်။

ဒါကတော့ ကျမ်းမြတ်ကုရ်အာန် Juz One ရဲ့ အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ်ဖြစ်ပါတယ်။

Qur'an Reflection (Asbab ul-Nuzul)

ပါရာနှစ် (Juz Two)

Leave a Reply

Your email address will not be published. Required fields are marked *