အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ နှစ် (Juz Two)
ပထမ Juz One (ပါရာ တစ်) မှာတုန်းက ပြောခဲ့သလိုပဲ စူရာဟ် အလ်ဗကရာဟ် သည် Juz ၂ တစ်လျောက်လုံးမှာပါဝင်ပြီး Juz ၃ တစ်ဝက်အထိပါဝင်နေတဲ့ ကျမ်းမြတ်ကုရ်အာန်ထဲတွင် အရှည်ဆုံး စူရာဟ်တစ်ပုဒ်ဖြစ်ပါတယ်။ ဒုတိယ Juz ရောက်လာတဲ့အခါမှာတော့ စူရာဟ်ထဲက အဓိက အကြောင်းအရာက ပြောင်းလာတာကိုတွေ့ရပါတယ်။ ပထမ Juz ရဲ့ အရှေ့ပိုင်းအာယဟ်အများစုက ပြီးခဲ့တဲ့ တမန်တော်တွေရဲ့ ဘဝဇာတ်ကြောင်းကို ပိုအသားပေး ဖော်ပြထားပြီးတော့ ဒုတိယ Juz မှာတော့ ဥပဒေတွေကို အလေးပေးဖော်ပြထားပါတယ်။
ဒီဒုတိယ Juz မှာ နမာဇ်ဝတ်ပြုခြင်း၊ ဇကားသ် အလှူအတန်းပြုခြင်း၊ ရိုဇာဥပုသ်စောင့်ထိန်းခြင်း၊ စစ်ပွဲ၊ လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်းပြတ်စဲခြင်း နှင့် အခြားသော ခေါင်းစဉ်တွေနှင့် ဆက်စပ်နေတဲ့ အာယဟ်တွေပါဝင်နေတဲ့အတွက် ကျမ်းမြတ်ကုရ်အာန်တစ်အုပ်လုံးထဲမှာ ဥပဒေ အဓိကထားတဲ့ Juz လည်း ဖြစ်ပါတယ်။
ဒီဒုတိယ Juz ထဲက အကြောင်းအရာအများစုသည် ဟီဂျ်ရာ အပြီး ဒုတိယနှစ်အတွင်း ဝဟီကျခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအချိန်သည် ဆွဟာဘာရ်တွေအတွက် တွေးစရာမေးခွန်းများစွာရှိခဲ့တဲ့ အချိန်ကာလတစ်ခုလည်းဖြစ်ခဲ့သလို အစ္စလာမ့်တရားဥပဒေ ရုပ်လုံးပေါ်လာဖို့ အစပြုခဲ့တဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒီ Juz ထဲက အာယဟ်အများစုက “သူတို့မှ သင့်ကို အမေးရှိကြပါလိမ့်မည်” နှင့် အစပြုထားပြီး ဆွဟာရ်ဘာကြီးတွေရဲ့ သူတို့သက်ဝင်ယုံကြည်တဲ့ သာသနာကို ပိုပြီးသိနားလည်ဖို့ ဘယ်လောက်တောင် စိတ်ဆန္ဒပြင်းပြနေခဲ့ကြသလဲဆိုတာ မြင်သာနိုင်ပါတယ်။
အစ္စလာမ့် မဏ္ဍိုင်ကြီးတွေဖြစ်ကြတဲ့ ဟဂ်ျပြုလုပ်ခြင်းနှင့် ရိုဇာစောင့်ထိန်းခြင်းတို့က အဲ့ဒီအချိန်မှာ စတင်ပုံပေါ်လာခဲ့တဲ့အတွက် ဒီ Juz ထဲမှာ ဝဟီချပေးခဲ့တဲ့ ဥပဒေတွေက သာသနာသက်ဝင်ယုံကြည်မှုရဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်လာခဲ့ပါတယ်။
ဒီ Juz သည် ဂျေရုဆလင်မ် မှ မက္ကာဟ်သို့ Qiblah (ကိဗ်လဟ်=ဝတ်ပြုဆုတောင်းရန်မျက်နှာမူရာအရပ်) ပြောင်းလဲသွားခြင်းနှင့် အစပြုထားပါတယ်။ အစ္စလာမ့်အစောပိုင်းနှစ်တွေမှာ မက္ကာဟ်မှ အီမာန်သက်ဝင်ယုံကြည်သူများနှင့် ကအ်ဗဟ်တစ်ဝိုက်မှာ ရုပ်တုတွေကို ကိုးကွယ်ခဲ့တဲ့ Pagans (ပေဂန်=ဗာဟီရဝါဒ) တွေကို ခွဲခြားသိမြင်နိုင်ဖို့အတွက် ဂျေရုဆလင်မ် က Qiblah ဖြစ်ခဲ့ပါတယ်။
မက္ကာဟ်မှာတုန်းက မွတ်စ်လင်မ်တွေက ကအ်ဗဟ်ရဲ့ တစ်ဖက်မှာရပ်ပြီး နမာဇ်ဝတ်ပြုနိုင်ခဲ့တဲ့အတွက် သူတို့တွေဟာ တစ်ချိန်တည်းမှာ ကအ်ဗဟ်နှင့် ဂျေရုဆလင်မ်ကို မျက်နှာမူနိုင်ခဲ့ပါတယ်။ မဒီနာရောက်လာတဲ့အခါမှာတော့ ကအ်ဗဟ်နှင့် ဂျေရုဆလင်မ်ဟာ ဆန့်ကျင်ဘက်အရပ်မှာရှိနေတဲ့အတွက် နှစ်ဖက်လုံးကို တစ်ချိန်တည်းမျက်နှာမူဖို့ မဖြစ်နိုင်ခဲ့ပါဘူး။
တမန်တော်မြတ် (ﷺ) နှင့် နောက်လိုက် ဆွဟာရ်ဘာကြီးတွေက အောက်ပါအာယာဟ်ဝဟီမကျခင်အထိ ဂျေရုဆလင်မ်ကိုသာ မျက်နှာမူဝတ်ပြုခဲ့ပြီး ဒီအာယာဟ်စတင်ဝဟီကျချိန်ကစလို့ ဘဝသက်တမ်းကုန်ဆုံးသွားကြသည်အထိ ကအ်ဗဟ်ကိုသာ ရာသက်ပန် Qiblah အဖြစ်သတ်မှတ်ပြီး မျက်နှာမူ ဝတ်ပြုခဲ့ကြပါတယ်။
”အသင်(တမန်တော်) သည် မိုးကောင်းကင်ဘက်သို့ အကြိမ်ကြိမ် မျက်နှာမော်ကြည့်နေသည်ကို ငါအရှင် အမှန်စင်စစ်မြင်နေတော်မူသည်။ ထို့အတွက် ငါအရှင်သည် အသင်(တမန်တော်)နှစ်သက်သည့် ကိဗ်လဟ် ဘက်သို့ အသင်(တမန်တော်)အား အမှန်စင်စစ် လှည့်ပေးလိုက်တော်မူမည်။ ထို့အတွက်ကြောင့် အသင် (တမန်တော်)သည် (ယခုအချိန်ကစပြီး) အသင်၏မျက်နှာကို မတ်စ်ဂျိဒိဟရာမ်(ကအ်ဗဟ်ကျောင်းတော်) ဘက်သို့လှည့်လိုက်ပါ။ ထို့ပြင် အသင်တို့သည် မည်သည့် အရပ်ဒေသ၌ပင်ရှိသည်ဖြစ်စေ (စွလာသ်ဝတ်ပြုသည့်အခါ) ထို မတ်စ်ဂျိဒိဟရာမ်ဘက်သို့သာ အသင်တို့၏ မျက်နှာ များကို လှည့်ကြပါ။ ထို့ပြင် အမှန်စင်စစ် ကျမ်းရသူများက ထိုအမိန့်တော်သည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံမှ အမှန်ပင် ဖြစ်ကြောင်း မုချသိကြသည်။ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုမူကြသည့်ကိစ္စရပ်များကို မေ့လျော့တော်မူသောအရှင်မဟုတ်ပေ။”
(ကျမ်းမြတ်ကုရ်အာန် ၂:၁၄၄)
အဲ့ဒီနောက်မှာပါခဲ့တဲ့အာယဟ်အပိုဒ်တွေမှာတော့ ဘဝဟာ စမ်းသပ်မှုတစ်ခုသာဖြစ်တယ်ဆိုတဲ့ ခိုင်မာတဲ့ သတိပေးချက်တစ်ခု ပါဝင်ပြီး အီမာန်သက်ဝင်ယုံကြည်သူတွေအနေနဲ့ ဒီဒွန္နယာဟ်မှာ ကြုံတွေ့ရလာနိုင်တဲ့ စမ်းသပ်မှုတွေ၊ အခက်အခဲတွေအတွက် ပြင်ဆင်ထားသင့်ကြောင်း သတိပေးချက်တွေ ပါဝင်နေပါတယ်။ ဒီအာယဟ်တွေမှာ ရွှေ့ပြောင်းခြင်းအကြောင်းတွေပါဝင်လာပြီး ကူရေ့ရှ် (Quraysh)တွေနဲ့ ဆန့်ကျင်တိုက်ခိုက်ရမဲ့ စစ်ပွဲတွေအပါအဝင် ဆွဟာရ်ဘာတွေအတွက် စမ်းသပ်မှုများစွာ မကြာခင်ရင်ဆိုင်ကြုံတွေ့ရတော့မှာဖြစ်လို့ ကြိုတင်ပြင်ဆင်ထားဖို့အကြောင်းအရာတွေ ပါဝင်နေပါတယ်။
“ထို့ပြင် အမှန် စင်စစ် ငါအရှင်မြတ်သည် အသင်တို့အား တစ်စုံတစ်ခုသောအရာဖြင့် စမ်းသပ်တော်မူမည်၊ ကြောက်ရွံ့ စိုးရိမ်မှုဖြင့်လည်းကောင်း၊ ငတ်မွတ်မှုဖြင့် လည်းကောင်း၊ ပစ္စည်းဥစ္စာလျော့နည်းဆုံးရှုံးမှုဖြင့်လည်းကောင်း၊ အသက်ဆုံးရှုံးမှုဖြင့်လည်းကောင်း၊ ကောက်ပဲသီးနှံများ ပျက်စီးမှုဖြင့်လည်းကောင်း စမ်းသပ်တော်မူမည်။ ၎င်းနောက် အသင်(တမန်တော်)သည် သည်းခံသူများအား သတင်းကောင်းပေးလိုက်ပါ။”
“ထိုသူများသည် သူတို့ အပေါ်ဒုက္ခတစ်စုံတစ်ခုကျရောက်လာသည့်အခါ (ဤသို့)ပြောဆိုကြသည်၊ အမှန်စင်စစ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ကြ ပြီး အမှန်စင်စစ် ကျွန်ုပ်တို့သည် အရှင်မြတ်ထံသို့ ပြန်သွားကြရမည့်သူများသာဖြစ်ကြသည်။”
“ထိုသူများအပေါ်၌ပင် သူတို့ကိုဖန်ဆင်းမွေးမြူတော်မူသောအရှင်၏ထံမှ ကောင်းချီးမင်္ဂလာများနှင့် သနားကရုဏာရှိသည်။ ထို့ပြင် သူတို့ပင် တရား လမ်းမှန်ကို ရရှိသူများဖြစ်ကြသည်။”
(ကျမ်းမြတ်ကုရ်အာန် ၂:၁၅၅-၁၅၇)
ဒီအာယဟ်တွေက ဆွဟာရ်ဘာတွေကို အဲ့ဒီတစ်နှစ်တည်းမှာဖြစ်ပေါ်လာခဲ့တဲ့ ဗဒရ်စစ်ပွဲအတွက် ပြင်ဆင်စေခဲ့တယ်။ ရိုဇာစောင့်ထိန်းဖို့ အာယဟ်တွေကို ဝဟီချပေးခဲ့တဲ့ နှစ်လည်းဖြစ်ပါတယ်။ တစ်ခါတစ်လေကျ ကျွန်မတို့တွေက ရိုဇာမဖြစ်မနေစောင့်ထိန်းရမယ်လို့ သတ်မှတ်ခဲ့တဲ့ ပထမဆုံးသော ရမဿွာန်အတွင်း ဗဒရ်စစ်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့အချက်ကို သတိမမူမိလိုက်တာမျိုးရှိပါတယ်။ မွတ်စ်လင်မ်တွေသည် နောက်ဆုံးမှာ သူတို့ကိုဖိနှိပ်ခဲ့တဲ့သူတွေကို ဗဒရ်စစ်ပွဲမှာ ပြန်လည်အနိုင်ယူနိုင်ခဲ့တဲ့အတွက် ရမဿွာန်ရဲ့ ကောင်းချီးတွေထဲမှာ အစ္စလာမ့် ပထမဆုံးအဓိကအောင်ပွဲတစ်ခုလည်း ပါဝင်ခဲ့ပါတယ်။
စူရာဟ်ဗကရာဟ်မှာ ဖန်ဆင်းရှင်သည် လူသားတစ်ယောက်ကို ထိုသူရဲ့ခံနိုင်ရည်ထက် သာလွန်ပြီး စမ်းသပ်မှုမပြုလုပ်ကြောင်းကို သတိပေးချက်အနေနဲ့ အဆုံးသတ်ထားပါတယ်။ အဲ့ဒီအကြောင်းရဲ့အနောက်မှာ ဒုအာအ်တစ်ခုလည်း ပါဝင်နေပါတယ်။ ဒီဒုအာအ်သည် အရမ်းကိုအားကောင်းတဲ့ဒုအာအ်တစ်ခုဖြစ်တဲ့အတွက် မွတ်စ်လင်မ်တိုင်း မှတ်မိအောင်အာဂုံဆောင်ပြီး မကြာခဏရွတ်ဆိုသင့်ပါတယ်။
لَا يُكَلِّفُ ٱللَّهُ نَفۡسًا إِلَّا وُسۡعَهَاۚ لَهَا مَا كَسَبَتۡ وَعَلَيۡهَا مَا ٱكۡتَسَبَتۡۗ رَبَّنَا لَا تُؤَاخِذۡنَآ إِن نَّسِينَآ أَوۡ أَخۡطَأۡنَاۚ رَبَّنَا وَلَا تَحۡمِلۡ عَلَيۡنَآ إِصۡرٗا كَمَا حَمَلۡتَهُۥ عَلَى ٱلَّذِينَ مِن قَبۡلِنَاۚ رَبَّنَا وَلَا تُحَمِّلۡنَا مَا لَا طَاقَةَ لَنَا بِهِۦۖ وَٱعۡفُ عَنَّا وَٱغۡفِرۡ لَنَا وَٱرۡحَمۡنَآۚ أَنتَ مَوۡلَىٰنَا فَٱنصُرۡنَا عَلَى ٱلۡقَوۡمِ ٱلۡكَٰفِرِينَ
“အလ္လာဟ် အရှင်မြတ်သည် မည်သူ့ကိုမျှ သူတတ်နိုင်သည်ထက်ပိုပြီး တာဝန်ပေးတော်မမူပေ။ သူကိုယ်တိုင် ရှာဖွေဆည်းပူးခဲ့သည့် (ကောင်းသည့်)အရာများသည် သူ့အတွက်ပင်ဖြစ်ပြီး သူကိုယ်တိုင်ရှာဖွေဆည်းပူးခဲ့သည့် (မကောင်းသည့်) အရာများသည်လည်း သူ၏အပေါ်၌ပင်တင်ရှိမည် ဖြစ်သည်။ (အသင်တို့သည် အရှင်မြတ်ထံတွင် ဤကဲ့သို့ ဆုတောင်းကြပါ။)“အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ကျွန်ုပ်တို့သည် မေ့လျော့ပြီး သို့မဟုတ် မှားယွင်းချွတ်ချော်ပြီး (ပြုမိခဲ့သည့် မကောင်းမှုများနှင့်ပတ်သက်၍) အရှင်မြတ်သည် ကျွန်ုပ်တို့အား ဖမ်းဆီးအရေးယူတော်မမူပါနှင့်။ ထို့ပြင် အို -ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့ မတိုင်မီ ယခင်ကသူများအပေါ်တွင် လေးလံသည့်ဝန်ကို တင်ထားခဲ့သကဲ့သို့ ကျွန်ုပ်တို့အပေါ်တွင် တင်တော်မမူပါနှင့်။ ထို့ပြင် အို-ကျွန်ုပ် တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့မတတ်စွမ်းနိုင်သည့်တာဝန်ကိုလည်း ကျွန်ုပ်တို့အား ထမ်းဆောင်စေတော် မမူပါနှင့်။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား ခွင့်လွှတ်တော်မူပါ၊ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူပါ။ထို့နောက် အရှင်မြတ်သည် ကျွန်ုပ်တို့အား သနားတော်မူပါ။ အရှင်မြတ်သာ ကျွန်တော်တို့၏ အရေးကိစ္စများကို စီမံခန့်ခွဲပေးသည့်အရှင်သခင် ဖြစ်တော်မူပါသည်။ အရှင်မြတ်သည်ကျွန်ုပ်တို့အား ကာဖိရ်ငြင်းပယ်သူများအပေါ်တွင် (အောင်နိုင်ရန်)ကူညီတော်မူပါ။”
(ကျမ်းမြတ်ကုရ်အာန် ၂:၂၈၆)
