Skip to content

ပါရာ သုံး (Juz Three)

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ သုံး (Juz Three)

စူရာဟ် အားလိအင်မ်ရားန်ကို ဟီဂျ်ရာ အပြီး တတိယနှစ်တွင် စူရာဟ် အလ်-ဗကရာဟ် ဝဟီကျပြီးနောက်မှာ ဝဟီချပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီစူရာဟ် အားလိအင်မ်ရားန်ထဲမှာ ဆွေးနွေးတင်ပြထားတဲ့အကြောင်းအရာမျိုးစုံက အဲ့ဒီနှစ်အတွင်း မဒီနာဟ်မှာဖြစ်ပေါ်ခဲ့တဲ့ အဓိကအဖြစ်အပျက်တွေကို ထင်ဟပ်စေပါတယ်။

အူဟုဒ်စစ်ပွဲရဲ့အကြောင်းအရာတွေ၊ တမန်တော်အီစာ (ခ) Jesus (عليه السلام) နှင့် ပတ်သက်နေတဲ့ ယုံကြည်ချက်အမှန်တွေ၊ အယောင်ဆောင်လူအုပ်စုနှင့်ပတ်သက်ပြီး ဆွေးနွေးချက်တွေနှင့် ကောင်းကင်ကျကျမ်းများကို ယုံကြည်ကြသူများ (People of the Book) နှင့် ဆက်စပ်မှုတွေ အစရှိသဖြင့် ဟီဂျ်ရာအပြီး ၃ နှစ် (3 AH) မှာရှိတဲ့ အခြေခံကျတဲ့ နိုင်ငံရေးဆိုင်ရာအဖြစ်အပျက်တွေအားလုံးကို ထင်ဟပ်နေပါတယ်။ တမန်တော်မြတ်(ﷺ) က ဒီလိုအခြေအနေတွေအားလုံးနှင့်လည်း အဲ့ဒီနှစ်မှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။

တမန်တော်အီစာ(عليه السلام)ရဲ့ ဘဝဇာတ်ကြောင်း ကိုတော့ စူရာဟ် မရ်ယမ်မှာ ဒီထက်ပိုပြီးအသေးစိတ် ပြန်ပြောင်းပြောပြထားပါတယ်။ စူရာဟ် မရ်ယမ်ကိုတော့ ခရစ်ယာန်သာသနာ လက်တွေ့တကယ်မရှိခဲ့တဲ့ မက္ကာဟ်မှာ ဝဟီချပေးခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီစူရာဟ် မရ်ယမ်သည် မက္ကာဟ်မှာရှိတဲ့မွတ်စ်လင်မ်တို့အတွက် သီအိုရီဆိုင်ရာအခြေခံအုတ်မြစ်တစ်ခုအနေနဲ့ ဖော်ဆောင်နေခဲ့ပြီးတော့ တစ်ချိန်တည်းမှာပဲ အဗ္ဗစီးနီးယား (ယခုခေတ် အီသီယိုးပီးယား) ရဲ့ ခေါင်းဆောင်တွေကို ဒါဝဟ်ပြုတဲ့နေရာမှာလည်း အရေးကြီးအစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့ပါတယ်။

အတိအကျပြောရမယ်ဆိုရင် ဟီဂျ်ရာအပြီး ၃ နှစ်တွင် မဒီနာဟ်မှာ တမန်တော်မြတ်(ﷺ) သည် ခရစ်ယာန်ကျွန်းတွေမှ ကိုယ်စားလှယ်တာဝန်လွှဲအပ်ခြင်းကို စတင်လက်ခံခဲ့ရပါတယ်။ ဒီကိုယ်စားလှယ်အဖွဲ့တွေရဲ့ မေးခွန်းတွေကိုဖြေဆိုနိုင်ဖို့အတွက် တမန်တော်အီစာ(عليه السلام) ဘဝရဲ့ အသေးစိတ် ဖြစ်စဉ်တွေပါဝင်နေတဲ့ စူရာဟ် အားလိအင်မ်ရားန်ကို ဝဟီချပေးခဲ့ပြီး ဒီစူရာဟ်သည် တမန်တော်အီစာ(عليه السلام) နှင့် ၎င်း၏ဖန်ဆင်းရှင်(အလ္လာဟ်အရှင်မြတ်) တို့အပေါ် ထားရှိသင့်တဲ့ မှန်ကန်တဲ့ယုံကြည်ချက်တွေနှင့် စပ်လျဉ်းနေတဲ့ ခိုင်မာတဲ့သတိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်။

 ဒီစူရာဟ်ထဲမှာ ဆွေးနွေးထားတဲ့နောက်ထပ်အရေးကြီးတဲ့ အကြောင်းအရာကတော့ အူဟုဒ်စစ်ပွဲပဲ ဖြစ်ပါတယ်။ အူဟုဒ်စစ်ပွဲသည် ဗဒရ်စစ်ပွဲအပြီး နောက်တစ်နှစ်အကြာတွင် ဖြစ်ပေါ်ခဲ့ပြီး မအောင်မြင်ခဲ့တဲ့ စစ်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ မွတ်စ်လင်မ်တွေဟာ စစ်ပွဲမစခင်နှင့် စစ်ပွဲကြားမှာကို တပ်ဆုတ်မှုတွေနှင့် ကြုံတွေ့ခဲ့ရပါတယ်။ စစ်ပွဲမစခင်မှာ အယောင်ဆောင်လူအုပ်စု ၃၀၀ သည် အီမာန်သက်ဝင်ယုံကြည်သူစစ်သည် တို့ကို စွန့်ပစ်ခဲ့ပြီး မဒီနာဟ်သို့ တပ်ပြန်ဆုတ်ခဲ့ကြတဲ့အတွက် ကျန်ရစ်ခဲ့ရတဲ့ စစ်သည်တို့ဟာ အခြေအနေကို ဝေခွဲမရဘဲ သောကတွေနှင့်အတူ ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ စိတ်ဓာတ်ရေးရာအရ အားအင်ကုန်ခမ်းမှုတွေဖြစ်ခဲ့ရပါတယ်။

 စစ်ပွဲအတွင်းမှာလည်း လေးသမားအုပ်စု တစ်စုက တိုက်ခိုက်ရင်းရရှိလာတဲ့ ဥစ္စာပစ္စည်းတို့ကို ရယူလိုစိတ်နှင့် သူတို့ရှိသင့်တဲ့နေရာကို စွန့်ခွါခဲ့ကြပြန်တဲ့အတွက် စစ်တပ်ရဲ့ခံတပ်က တစ်ဖက်အဖွဲ့ရဲ့ တန်ပြန်တိုက်စစ်ခံရဖို့ အကာအကွယ်မဲ့သွားပါတော့တယ်။ မက္ကန်တွေက ဒီအခွင့်အ‌ရေးကိုယူပြီး မွတ်စ်လင်မ်တို့ကို ဝိုင်းထားခဲ့တဲ့အတွက် မဒီနာဟ်အ‌ရေးအခင်းမှာ စစ်ပွဲအရရှုံးနိမ့်မှုကိုသာ ရရှိခဲ့ပါတော့တယ်။

 ဒီစူရာဟ် အားလိအင်မ်ရားန်းမှာပါဝင်တဲ့ အာယဟ်အများစုက ဒီစစ်ပွဲအကြောင်း၊ ဒီစစ်ပွဲနှင့် ဆက်စပ်နေတဲ့ သင်ခန်းစာတွေအကြောင်းကို ထင်ဟပ်စေခဲ့ပါတယ်။

“တစ်ခါကအသင်(တမန်တော်)သည် အသင့်အိမ်သူ အိမ်သားများထံမှ စောစီးစွာထွက်ပြီး အီမာန်ယုံကြည်သူများ ကို တပ်စွဲရန် နေရာချပေးလျက် ရှိခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။”

“တစ်ခါက အသင်တို့ထဲမှ အုပ်စုနှစ်စုသည် လက်လျှော့လိုက်ရန်အတွက် ရည်ရွယ်ခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ထိုအုပ်စု နှစ်စုလုံးအား စောင့်ရှောက်တော်မူသောအရှင်ဖြစ်တော်မူသည်။ ထို့ပြင် အီမာန်ယုံကြည်သူများသည်အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံအား ကိုးကြရမည်ဖြစ်သည်။”

(ကျမ်းမြတ်ကုရ်အာန် ၃:၁၂၁-၁၂၂)

ဒီစစ်ပွဲသည် အီမာန်သက်ဝင်ယုံကြည်သူများအတွက် စမ်းသပ်မှုတွေဖြစ်ပြီးတော့ မက္ကန်တွေရဲ့ ဝိုင်းထားမှုကိုခံခဲ့ရတဲ့အချိန်မှာ ထွက်ပြေးသွားခဲ့ကြသူတွေကိုလည်း ခွင့်လွှတ်ပေးသနားတော်မူကြောင်းကို ဒီစူရာဟ်ထဲမှာ အလ္လာဟ် (سبحانه وتعالى) က ဝဟီချပေးခဲ့ပါတယ်။ ဒီဒွန္နယာဟ်မှာ အောင်မြင်မှုကိုရယူလိုတယ်ဆိုရင် ဖန်ဆင်းရှင်နှင့် တမန်တော်(ﷺ) ကို နာခံတတ်ဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းလည်း ပါဝင်ပါတယ်။ နောက်ဆုံးမှာတော့ ဒီအဖြစ်အပျက်တွေက အယောင်ဆောင်တွေကို သူတို့ရဲ့ သရုပ်မှန်ပေါ်ထွက်လာစေဖို့အတွက်ဖြစ်သလို ထိုမှသာ ယုံကြည်သူတွေအနေနဲ့ကလည်း ဒီအယောင်ဆောင်တွေရဲ့ လှည့်ကွက်တွေအောက်မှာ ထပ်ပြီး လှည့်စားမခံရတော့မှာဖြစ်ကြောင်းကိုလည်း ဝဟီချပေးခဲ့ပါတယ်။

“၎င်းပြင် မွတ်စ်လင်မ် အယောင်ဆောင်သောသူများအား သိရှိ(ထုတ်ဖော်)တော်မူရန်လည်းဖြစ်သည်။ ထို့ပြင် ထိုသူများအား အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင်လာရောက် တိုက်ခိုက်ကြပါ။ သို့မဟုတ် ခုခံကြပါ” ဟူ၍ ပြောဆိုခြင်းခံရသောအခါတွင် ထိုသူများက“အကယ်၍သာ (စနစ်ကျ သော)စစ်ပွဲဖြစ်မည်ဟု ကျွန်ုပ်တို့ သိရှိ(ယူဆ)ခဲ့မည်ဆိုလျှင် အသင်တို့နှင့်အတူ လိုက်ခဲ့ကြမည် အမှန်ပင်”ဟု ပြောဆိုကြသည်။ သူတို့သည် ထို (သို့ ပြောဆိုသော)နေ့တွင် အီမာန် ယုံကြည်မှုဘက်ထက် ကုဖ်ရ်ငြင်းပယ်မှုဘက်ကို ပိုနီးကပ်သောသူများ ဖြစ်ကြသည်။ သူတို့သည် သူတို့၏ စိတ်များထဲ၌မရှိသည်များကို သူတို့၏နှုတ်များဖြင့် ပြောဆိုကြသည်။(အကယ်၍ ထိုသို့သော စစ်ပွဲမျိုးဖြစ်မည်ဟု ၎င်းတို့ သိရှိကြလျှင်လည်း စစ်တိုက် ရန်အသင်တို့နှင့်လိုက်ကြမည်မဟုတ်ပေ။) ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ ထိမ်ချန်သောအရာများကိုအသိဆုံး အရှင်ဖြစ်တော်မူသည်။”

(ကျမ်းမြတ်ကုရ်အာန် ၃:၁၆၇)

 အရှည်ကို ခြုံကြည့်မယ်ဆိုရင်တော့ ဟီဂျ်ရာအပြီး ၃ နှစ်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေက မွတ်စ်လင်မ်လူထုအတွက် ကြီးမားတဲ့အကျိုးအမြတ်ကောင်းတွေရရှိခဲ့ပါတယ်။ ခရစ်ယာန်တွေနှင့် ကိုယ်စားလှယ်တာဝန်လွှဲအပ်ခြင်းအတွက် ဆွေးနွေးခြင်းတွေကနေ အစ္စလာမ်တွေနှင့် ခရစ်ယာန်တွေ ဘယ်လိုအကြောင်းအရာတွေမှာ သဘောတူညီမှုရှိတယ်၊ သဘောတူညီမှုမရှိဘူးဆိုတာကို ရှင်းလင်းစေခဲ့ပါတယ်။ ဒီလိုရှင်းလင်းချက်တွေက ဖန်ဆင်းရှင်၏ သဘောသဘာဝနှင့် တမန်တော်အီစာ(عليه السلام)၏ လူသားသဘာဝအပေါ် အစ္စလာမ်နှင့် ခရစ်ယာန်တို့အကြား အခြေခံ မတူညီကွဲပြားချက်တွေကို ပိုပြီးရှင်းလင်းမြင်သာစေခဲ့တယ်။ အူဟုဒ်စစ်ပွဲအရေးက မွတ်စ်လင်မ်တွေရဲ့ နှလုံးသားထဲမှာစွဲမြဲစွာဆုပ်ကိုင်ထားတဲ့ သာသနာနဲ့ပတ်သက်ပြီး သင်ခန်းစာကောင်းတွေ ရရှိစေခဲ့တယ်။

 အူဟုဒ်စစ်ပွဲကိုမျက်မြင်ကြုံတွေ့ခဲ့ရတဲ့လူတွေအနေနဲ့ တမန်တော်မြတ် (ﷺ) ရဲ့ ဘဝသက်တမ်းတစ်လျောက်လုံးမှာ အူဟုဒ်စစ်ပွဲတုန်းကလိုအမှားမျိုး နောက်တစ်ကြိမ် ထပ်မကျူးလွန်ဖြစ်ခဲ့ကြတော့ဘူး။ အယောင်ဆောင်တွေရဲ့ လှည့်ကွက်တွေက ထုတ်‌ဖော်ခံလိုက်ရတဲ့အတွက် သူတို့ရဲ့နောက်ထပ် လှည့်ကွက်တွေ၊ အကြံစည်တွေအကုန်လုံးကို အီမာန်သက်ဝင်ယုံကြည်သူတွေက ကာကွယ်နိုင်ခဲ့ကြတယ်။

 စူရာဟ် အားလိအင်မ်ရားန်သည် ဟီဂျ်ရာအပြီး ၃ နှစ်က အဖြစ်အပျက်တွေကိုလေ့လာဖို့အတွက် အကောင်းဆုံး သရုပ်ဖော်ချက်တစ်ခုဖြစ်သလို ကျွန်မတို့အတွက် အလ္လာဟ်တစ်ပါးတည်းကိုသာ ယုံကြည်ကိုးကွယ်ဖို့အရေးကြီးကြောင်း၊ မိမိရဲ့ နိယာဟ် (ရည်ရွယ်ချက်) က ရိုးသားမှန်ကန်သင့်ကြောင်း၊ အီမာန်သက်ဝင်ယုံကြည်သူတွေအနေနဲ့ သွေးစည်းညီညွတ်ဖို့အရေးကြီးကြောင်း နှင့် မမျှော်လင့်ထားတဲ့အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း အစရှိတဲ့ အခြေခံကျပြီး တန်ဖိုးကြီးလှတဲ့သင်ခန်းစာတွေအများကြီးကိုလည်း သင်ကြားပေးနေပါတယ်။ ဒီသင်ခန်းစာတွေအားလုံးကလည်း ယနေ့ခေတ်တိုင်အောင် ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ အသုံးဝင်နေတဲ့ လိုက်နာသင့်တဲ့ သင်ခန်းစာကောင်းတွေပါပဲ။ 

Qur'an Reflection (Asbab ul-Nuzul)

ပါရာနှစ် (Juz Two) ပါရာ လေး(Juz Four)

Leave a Reply

Your email address will not be published. Required fields are marked *