အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ ခြောက်
Juz ၆ (ပါရာ ၆) တွင် အဓိကစူရာဟ်ကြီးတွေထဲမှ နောက်ဆုံး စူရာဟ်ဖြစ်သည့် စူရာဟ် မာအိဒဟ် ပါဝင်နေပြီး ဟီဂျ်ရာဟ်အပြီး ၁၀နှစ်အကြာတွင် ချပေးခဲ့ခြင်းဖြစ်သည်။ စူရာဟ် မာအိဒဟ်သည် စူရာဟ်အရှည်ကြီးများထဲမှ နောက်ဆုံး စူရာဟ်လည်း ဖြစ်ခဲ့ပါတယ်။ ထိုစူရာဟ်ကျပြီးနောက်မှာတော့ အာယဟ်အတိုလေးများနှင့် စူရာဟ်အတိုများကို ချပေးခဲ့ပါတယ်။ စူရာဟ် မာအိဒဟ်သည် တမန်တော်မြတ်(ﷺ) အား ဝဟီချပေးခဲ့သည့် နောက်ဆုံးသော ဥပဒေများ အတွဲဖြစ်ခဲ့ပြီး ထိုရှရီအဟ်ကို လူသားတို့အတွက် ပြီးပြည့်စုံသည့် ဥပဒေစနစ်ဖြစ်သည်ဟု ခိုင်မာသေချာစေသည့် အားကောင်းပြင်းထန်သည့် အာယာဟ်လည်း ပါဝင်နေပါတယ်။
“ယနေ့ ငါအရှင်မြတ်သည် အသင်တို့အတွက်အသင်တို့၏ ဒီန်သာသနာကို ပြည့်စုံစေတော်မူခဲ့ပြီးဖြစ်သည်။ ၎င်းပြင် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏ကျေးဇူးတော်များကို အသင်တို့အတွက် အပြည့်အစုံ ပေးသနားတော်မူခဲ့ပြီး ဖြစ်သည်။ ထို့ပြင်ငါအရှင်မြတ်သည် အစ္စလာမ်သာသနာ ကို အသင်တို့အတွက် ဒီန်သာသနာအဖြစ် သဘောတူကျေနပ်တော်မူခဲ့ပြီးဖြစ်သည်။”
(ကျမ်းမြတ်ကုရ်အာန် ၅:၃)
အထက်ပါအာယာဟ်တော်သည် လွန်စွာအားကောင်းလှသည့်အတွက် Jewish Rabbi တစ်ဦး မှ ထိုအာယာဟ်တော်သည် ကျမ်းမြတ်ကုရ်အာန်ထဲတွင် သူ အနှစ်ခြိုက်ဆုံးအာယာတ်တော်တစ်ခု ဖြစ်သည် ဟု အုမရ် ဗင်န် အလ်-ခတ္တာဗ် (ရဿိယလ္လာဟု အန်ဟု) အား သူ၏မြတ်နိုးမှုကို ဖော်ပြခဲ့ဖူးပါတယ်။
“သာဝကကြီး အုမရ် ဗင်န် အလ်-ခတ္တာဗ် (ရဿိယလ္လာဟု အန်ဟု)ထံမှ တဆင့် ကြားသိရ သည်မှာ– ယဟူဒီ တစ်ဦးက ထိုသာဝကကြီးအား “အို ယုံကြည်သူ အပေါင်းတို့၏ အကြီးအကဲ သမ္မတကြီး၊ သမ္မတကြီးတို့၏ ကျမ်းဂန်တွင် သမ္မတကြီးတို့ ရွတ်ဖတ်သရဇ္ဈာယ်လျက်ရှိသော (အလ္လာဟ်အသျှင်မြတ်၏)မုက္ခပါဌ်တော် တပါး ရှိပါသည်၊ အကယ်၍ ထိုမုက္ခပါဌ်တော်သည် ကျွန်တော်မျိုးတို့ ယဟူဒီများအပေါ်သို့ ကျရောက်ခဲ့ပါသော် ကျွန် တော်မျိုးတို့သည် ထိုမုက္ခပါဌ်တော်ကျရောက်သည့်နေ့ကို ပွဲလမ်းသဘင်နေ့(ပွဲတော်နေ့)မလွဲမုချ လုပ်ကြမည်ဖြစ်ပါသည်ဟု လျှောက်ထား၏။ သမ္မတကြီးက အဘယ်မုက္ခပါဌ်တော်ပါနည်းဟု မေးရာ ယဟူဒီက “ယနေ့ ငါအသျှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ သာသနာကို ပြီးပြည့်စုံအောင် ပြုလုပ်တော်မူလိုက်ပြီ၊ ၎င်းပြင် ငါသည် မိမိ၏ကျေးဇူးတော်များကို အသင်တို့အား (အလုံးစုံ)ချီးမြှင့်တော်မူလိုက်ပြီ၊ ၎င်းပြင် ငါအသျှင်မြတ်သည် အသင်တို့အဖို့ အစ္စလာမ်ကို (ဒီန်)သာသနာအဖြစ် နှစ်မြို့တော်မူပြီ” ဟူသော ကုရ်အာန်ကျမ်းလာ မုက္ခပါဌ်တော် (၅း၃)ဖြစ်ပါကြောင်း လျှောက်ထား၏။”
(Sahih al-Bukhari, no. 43)
(ဘာသာပြန်ကိုးကားချက်။ ။ ဗုခါရီကျမ်း မြန်မာဘာသာပြန် (၁) ပြန်ဆိုပြုစုသူ: ဃာဇီ သီရိပျံချီ မုဟမ္မဒ် ဟာရှင်မ်)
ထိုအာယာဟ်တော်ကို အာရာဖာဟ်တောင်၌ ဟဂျ်ဝတ်ပြုနှုတ်ဆက်ပွဲအတွင်း ဝဟီချပေးခဲ့ခြင်းဖြစ်ပါတယ်။ ထိုမြင်ကွင်းကို ပုံဖော်ကြည့်ပါ။ နှစ်ပေါင်း ၂၀ ကျော်ကြာ အခက်အခဲမျိုးစုံကြား ရုန်းကန်ရှင်သန်ခဲ့ပြီးချိန်တွင် တမန်တော်မြတ်(ﷺ) သည် အာရာဖာဟ်တောင်ပေါ်တွင် နှိမ့်ချစွာဖြင့်ရပ်ပြီး မွတ်စ်လင်မ်တစ်သိန်းကျော်အား နောက်ဆုံးအကြိမ်အနေဖြင့် မိန့်ခွန်းပြောဆိုခဲ့ပါတယ်။
တမန်တော်မြတ်(ﷺ) သည် ကိုယ်တော်မြတ်၏လမ်းစဉ်အား သာသနာတွင် အာရုံစူးစိုက် နှစ်မြှပ်ထားသည့် လက်တဆုပ်စာ သာမျှရှိတဲ့ နောက်လိုက်တစ်စုနှင့်အတူ အောက်ခြေမှ စတင်ကာ အခက်ခဲတကာ့ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့ပြီး ထိုအချိန်တွင်တော့ အာရေဗျတွင် အင်အားအကြီးဆုံးသောလူသားတစ်ဦး ဖြစ်ခဲ့ပါပြီ။ သိပ်မကြာခင်ကာလအတွင်းမှာ တမန်တော်(ﷺ) ရဲ့ နောက်လိုက်များမှ ရာစုနှစ်တစ်ခုအတွင်း သာသနာကို ဆက်လက်ပြန့်ပွားစေခဲ့ပြီး ကမ္ဘာမြေပေါ်တွင် မွတ်စ်လင်မ်တို့ရဲ့ ကမ္ဘာသည် ယဉ်ကျေးမှုအလွှမ်းမိုးနိုင်ဆုံး ဖြစ်ခဲ့ပါတယ်။
ထိုကဲ့သို့ အသက်တမျှအရေးကြီးတဲ့ အခိုက်အတန့်လေးမှာ တမန်တော်မြတ်(ﷺ) သည် နောက်လိုက်အားလုံးအား အရေးကြီး အကြံပြုချက်များပါဝင်နေသည့် အောက်ပါ Khubtah (မိန့်ခွန်း) ကို အချိန်မကုန်ဆုံးခင်အထိ မိန့်ကြားခဲ့ပါတယ်။
“အို၊ လူအပေါင်းတို့
ကျွန်ုပ်အားနားစွင့်ပါလေ။ အဘယ်ကြောင့်ဆိုသော် ဤနှစ်ပြီးနောက် အသင်တို့နှင့် ဆုံမည်၊ မဆုံမည်ကို ကျွန်ုပ်မသိပေ။ သို့ဖြစ်၍ ကျွန်ုပ်ပြောသည်ကို အသေအချာနားထောင်ပြီးနောက် ယနေ့ ဤနေရာတွင် မရှိသူများအား လက်ဆင့်ကမ်း ပြောကြားပါလေ။
အို၊ လူအပေါင်းတို့
သင်တို့သည် ဤလ၊ ဤနေ့၊ ဤမြို့(မက္ကာဟ်)ကို အထွတ်အမြတ်ထားသကဲ့သို့ မွတ်စလင်မ် တစ်ဦးတစ်ယောက်၏ အသက်အိုးအိမ်စည်းစိမ်ကို အထွတ်အမြတ်ထားပါလေ။ အသင်တို့အား အပ်နှံထားသော ပစ္စည်းများကို ပိုင်ရှင်များအား မဆုတ်မဆိုင်း ပြန်လည်ပေးအပ်ပါလေ။ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မနှိပ်စက်လေနှင့်၊ သို့ဆိုလျှင် မည်သူကမျှ သင်တို့အား နှိပ်စက်မည် မဟုတ်ချေ။ အသင်တို့၏ အပြုအမူများကို မှတ်သားလျှက်ရှိသော အရှင်မြတ်နှင့် ဆုံဆည်းရမည်ကို အမှတ်ရပါလေ။ အလ္လာဟ်အရှင်မြတ်သည် အတိုးယူခြင်းကို တားမြတ်ထားပြီဖြစ်၍ ယနေ့မှစ၍ တင်ရှိသော အကြွေးအပေါင်းတို့သည် ပ လပ်ပြီးဖြစ်သည်။ အရင်းများမှာမူ ကျန်ရှိဆဲဖြစ်မည်ဖြစ်သည်။ အဆင့်အတန်းခွဲခြားမှုကို မပြုလေနှင့်၊ အပြုလည်းမခံလေနှင့်။…
သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ရှိုင်တွာန်မိဆ္ဆာကောင်အား သတိပြုပါလေ။ ၎င်းသည် မျှော်လင့်ချက်ကင်းမဲ့သွားပြီဖြစ်၍ ကြီးမားသော အမှုကိစ္စများတွင် အသင်တို့ကို လမ်းလွဲအောင်လုပ်ဆောင်မှာ ဖြစ်သလို သေးဖွဲသော အမှုကိစ္စများကိုလည်း သတိထားပါလေ။
အို၊ လူအပေါင်းတို့
အသင်တို့၏ ဇနီးမယားတို့သည် အသင်တို့အပေါ်၌ ဝတ္တရားများရှိသကဲ့သို့ အသင်တို့သည်လည်း အသင်တို့၏ ဇနီးမယားတို့အပေါ်၌ ဝတ္တရားရှိသည်။ အလ္လာဟ်အသျှင်မြတ်သည် ဇနီးမယားတို့ကို သင်တို့အား အပ်နှံမှုအဖြစ်ထားသည်ကို မမေ့လေနှင့်။ ၎င်းတို့သည် အသင်တို့အပေါ်၌ တာဝန်ကျေနေသမျှ ကာလပတ်လုံး သင်တို့သည် ၎င်းတို့အား ကြင်နာစွာဖြင့် ကျွေးမွေးဆင်ယင်ရန် တာဝန်ရှိသည်။
အို၊ လူအပေါင်းတို့
အလ္လာဟ်အရှင်မြတ်အားသာလျှင် ကိုးကွယ်ဆည်းကပ်လေကုန်။ တစ်နေ့ ငါးကြိမ် ဆွလားတ် ဝတ်ပြုကြလေကုန်။ တစ်နှစ်တွင် တစ်လ ရမဇာန်လ၌ ဥပုသ်သီလစောင့်ထိန်းကြလေကုန်။ (ပိုင်ဆိုင်မှု၏ လေးဆယ်ပုံတစ်ပုံကို) ဇကားသ်အဖြစ် အလှုဒါနပြုကြလေကုန်။ တတ်နိုင်သူများသည် ဟာဂျ်ပြုကြလေကုန်။
လူသားထုတစ်ရပ်လုံးသည် ဖခင်ကြီးအာဒမ်နှင့် မိခင်ကြီးဟောင်ဝါ (ဧဝ)တို့မှ ဆင်းသက်လာသူများဖြစ်၍ အာရဗ်သည် အာရဗ်မဟုတ်သူထက် မသာမြတ်သကဲ့သို့ အာရဗ်မဟုတ်သူသည်လည်း အာရဗ်ထက် မသာမြတ်ပေ။ ထိုနည်းတူစွာ လူဖြူသည် လူမည်းထက် မသာမြတ်သကဲ့သို့ လူမည်းသည်လည်း လူဖြူထက်မသာမြတ်ပေ။ အသာမြတ်ဆုံးသူမှာ အသျှင်မြတ်ကို ရိုကျိုး၍ ကောင်းမှုပွားသူသာလျှင်ဖြစ်သည်။ မွတ်စလင်မ်တစ်ဦးသည် အခြားမွတ်စလင်မ်တစ်ဦးအတွက် ညီအစ်ကိုသာလျှင်ဖြစ်သည်ကို ကောင်းစွာ မှတ်သားပါလေ။…..
တစ်နေ့ အလ္လာဟ်အသျှင်မြတ်ရှေ့တော်မှောက်၌ စာရင်းအင်းအစစ်ခံရမည်ဖြစ်၍ ငါကိုယ်တော် မရှိတော့သည့်နောက် လမ်းမှန်တရားမှ မကွေကွင်းကြလေနှင့်။
အို၊ လူအပေါင်းတို့
ငါကိုယ်တော်ပြီးနောက် မည်သည့်တမန်တော် တစ်ဦးတစ်ယောက်မျှလာမည် မဟုတ်၍ မည်သည့် ယုံကြည်မှုအသစ်မျှ အသျှင့်ထံတော်မှ လာရန် မရှိချေ။ သို့ဖြစ်ရာ ငါကိုယ်တော်၏ စကားများကို ကောင်းစွာမှတ်ယူ၍ တစ်ဆင့်ပြန်ပြောကြားကြလေကုန်။ ငါကိုယ်တော်သည် အသင်တို့အား ကုရ်အာန်နှင့် ငါကိုယ်တော်၏ စံနမူနာကို ချန်ရစ်ခဲ့မည်။ အသင်တို့သည် ဤသည်တို့ကို လိုက်နာလျှင် လမ်းမှားသို့ ရောက်ကြမည်မဟုတ်ချေ။
ငါကိုယ်တော်အား နားထောင်နေသူတို့သည် အခြားသူတို့အား၊ အခြားသူတို့သည်လည်း အခြားအခြားသူတို့အား ဆင့်ပြန်ကြရမည်။ အိုအလ္လာဟ်အသျှင်မြတ်၊ ကျွန်ုပ်သည် အသျှင်၏ အမှာတော်များကို လူတို့အား ပို့ချခဲ့သည်ကို အသျှင်ကိုယ်တိုင် သက်သေဖြစ်ပါလေ။”
(Sahih Muslim, no. 1218)
(အထက်ပါ မိန့်ခွန်းဘာသာပြန်ကို ဆရာ ဝါးခယ်မမောင်မင်းနိုင်၏ “Understanding Islam” စာအုပ်မှ ကူးယူဖော်ပြထားပါသည်)
ဖန်ဆင်းရှင်ထံမှ အမိန့်တော်များ ပြီးပြည့်စုံခဲ့ပြီးဖြစ်သလို အစ္စလာမ်သာသနာကို ဒီန်သာသနာအဖြစ် သဘောတူကျေနပ်ကြောင်း အခိုင်အမာဖော်ပြထားတဲ့ လှပသည့် အာယဟ်အပိုဒ်များကို စူရာဟ် အလ် မာအိဒဟ်တွင် ချပေးခဲ့တာဖြစ်ပြီး ထိုဝဟီသည် အရမ်းကိုအရေးပါလှသည့် တမန်တော်မြတ်(ﷺ)၏ နောက်ဆုံးမိန့်ခွန်းပေးချိန်တွင် ကျခဲ့ခြင်းလည်း ဖြစ်ပါသည်။
စူရာဟ်၏ ကျန်အပိုင်းများတွင် နောက်ဆုံးဝဟီကျသည့်နှစ်အတွင်း ဖြစ်ပျက်ခဲ့သည့် အားကောင်းသည့် ဖြစ်စဥ်များနှင့် ဆက်စပ်နေသည့် အခြားအာယဟ်အများကြီး ပါဝင်နေပါတယ်။ ထိုအာယဟ်အများကြီးထဲကမှ အဓိကအကြောင်းအရာသည် ရှရီအဟ်၏ အရေးကြီးပုံပဲ ဖြစ်ပါတယ်။ စူရာဟ် မာအိဒဟ် တစ်ပုဒ်လုံးသည် ရှရီအဟ်၏ အရေးကြီးပုံကို ခြုံငုံဖော်ပြထားပြီး ရှရီအဟ်သည် နောက်ဆုံး ပြီးပြည့်စုံသည့် အစ္စလာမ့် ဥပဒေစနစ် (တရားတော်) ဖြစ်ပြီး အလ္လာဟ့်လမ်းစဉ်သို့ ဦးတည်နိုင်မည့် တစ်ခုတည်းသော လမ်းစဉ်လည်းဖြစ်ကြောင်း အခိုင်အမာ ဖော်ညွှန်းထားပါတယ်။
