Skip to content

ပါရာ ရှစ်(Juz Eight)

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ ရှစ်

 စူရာဟ် အလ်-အအ်ရာဖ် (တံတိုင်းပေါ်မှ နေရာများကဏ္ဍ) သည် ကျမ်းမြတ်ကုရ်အာန်ထဲတွင် ပျက်စီးသွားခဲ့သည့်လူမျိုးများ (Perished Nations) ၏ ဘဝဇာတ်ကြောင်းများကို မီးမောင်းထိုးဖော်ပြထားသည့် စူရာဟ်များထဲမှ ပထမဆုံးတစ်ပုဒ်ဖြစ်ပါသည်။ ထိုဇာတ်ကြောင်းများကို စူရာဟ်အများကြီးထဲတွင် ဆင့်ပြန်ထားခဲ့သလို တစုတစည်းတည်း ထပ်ခါတလဲလဲဖော်ပြထားပါတယ်။ ထိုဇာတ်ကြောင်းများမှာ တမန်တော်နူးဟ် (ခ) Noah (عليه السلام)၊ တမန်တော်ဟူဒ် (ခ) Hud (عليه السلام)၊ တမန်တော်စွာလိဟ် (ခ) Saleh (عليه السلام)၊ တမန်တော်ရှုအိုင်ဗ် (ခ) Shuaib (عليه السلام)၊ တမန်တော်လူသွ် (ခ) Lut (عليه السلام) နှင့် တမန်တော်မူစာ (ခ) Moses (عليه السلام) တို့၏ ဘဝဇာတ်ကြောင်းများပဲ ဖြစ်ပါတယ်။ ထိုဇာတ်ကြောင်း ၆ ပုဒ်လုံးအား တစုတစည်းတည်း ဆင့်ပြန်ခြင်းသည် မက္ကာန်ဝဟီများ၏ အဓိက ပင်မ လက္ခဏာတစ်ခု ဖြစ်ပါသည်။

 မက္ကာဟ်ရှိ ပေကန်လူမျိုးများသည် ထိုဇာတ်ကြောင်းအများစုနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပြီးသား ဖြစ်ပါတယ်။ ထိုလူမျိုးများထဲမှ အချို့က အာရဗ်လူမျိုးများ ဖြစ်ကြပြီးတော့ သူတို့ပျက်စီးခဲ့ရတဲ့ ဇာတ်ကြောင်းတွေကို မျိုးရိုးစဥ်ဆက်တလျောက် လက်ဆင့်ကမ်းပြောပြခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ပြန်မပြောခဲ့တာကတော့ ဘာ့ကြောင့် သူတို့ပျက်စီးကုန်ကြရတာလဲဆိုတဲ့ အကြောင်းအရင်းကိုပါပဲ။ ဒါ့ကြောင့် ထိုစူရာဟ်များက သူတို့ရဲ့အရင့်အရင်ကလူမျိုးတွေက သူတို့ရဲ့ တမန်တော်တွေနှင့် တမန်တော်တွေရဲ့ သတင်းစကားကို ငြင်းပယ်ခဲ့တဲ့အတွက် ဖျက်ဆီးခံခဲ့ရတယ်ဆိုတဲ့အကြောင်းကို မက္ကာန်လူမျိုးတွေအား သတိပေးရန် ဝဟီချပေးခဲ့ခြင်းဖြစ်ပါသည်။

 တမန်တော်နူးဟ် (عليه السلام) နှင့် ရေလွှမ်းမိုးခြင်း ဇာတ်ကြောင်းကို ယဉ်ကျေးမှုတိုင်းတွင် တွေ့မြင်နိုင်ပါတယ်။ ထိုဇာတ်ကြောင်းသည် လူ့သမိုင်းကြောင်းတွင် ဖန်ဆင်းရှင်ကို ငြင်းပယ်ခဲ့သည့်အတွက် လူမျိုးစုတစ်ခုလုံးကို ရှင်းလင်းဖယ်ရှားပြစ်ခဲ့သည့် ပထမဆုံးဖြစ်စဉ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဖိရ်အောင်န် ဘယ်လိုအရေးနိမ့်ခဲ့ရသလဲနှင့် တမန်တော်လူသွ်(عليه السلام) ၏ နောက်လိုက်များ ဘယ်လိုဖျက်ဆီးခဲ့ခဲ့ရသလဲဆိုတဲ့ ဇာတ်ကြောင်းတွေကလည်း ယဉ်ကျေးမှုတော်တော်များများနှင့် သာသနာတော်တော်များများမှာ လူသိများထင်ရှားလျက်ရှိပါတယ်။

 ကျန်ဇာတ်ကြောင်း ၃ ခုကတော့ မွတ်စ်လင်မ်တွေကလွဲပြီး သိပ်မသိကြပါဘူး။ တမန်တော်ဟူဒ်(عليه السلام) အား နိုင်လိုမင်းထက်ပြုမှုခဲ့ပြီး တစ်ပါးမကသော နတ်ဘုရားတို့ကိုကိုးကွယ်မှု (Polytheism=ဗဟုနာထဝါဒ) တို့ကြောင့် ဖျက်ဆီးခံခဲ့ရတဲ့ အာဒ်လူမျိုးများထံသို့စေလွှတ်ခဲ့ပါတယ်။ တမန်တော်စွာလိဟ်(عليه السلام) အား အလားတူအကြောင်းရင်းတွေကြောင့်ပဲ ဖျက်ဆီးခံခဲ့ရတဲ့ ဆမူဒ်လူမျိုးများထံသို့ စေလွှတ်ခဲ့ပါတယ်။ တမန်တော်ရှုအိုင်ဗ် (عليه السلام)အား တရားမျှတမှုမရှိသည့် စီးပွားရေးများ ကူးသန်းရောင်းဝယ်မှုပြုခဲ့ကြသည့် မဒ်ယန်မြို့သို့ စေလွှတ်ခဲ့ပါတယ်။

 အထက်ပါလူမျိုး ၃ စုနှင့် သူတို့ရဲ့ ဇာတ်ကြောင်းတွေအကြောင်းကို မက္ကာန်လူမျိုးတွေက ကောင်းစွာသိကျွမ်းပြီးသားဖြစ်တယ်။ ထိုဇာတ်ကြောင်းဆင့်ပြန်ရခြင်း အဓိကရည်ရွယ်ချက်သည် ထိုဇာတ်ကြောင်းများရဲ့ အဓိကအချက်ဖြစ်သည့် အလ္လာဟ်(سبحانه وتعالى) ၏ တမန်တော်များကို ယုံကြည်ခြင်းနှင့် နာခံခြင်းသည် အရမ်းကိုအရေးကြီးပါတယ်ဆိုတဲ့အချက်ကို မက္ကာန်လူမျိုးများ သတိပြုမိနိုင်စေဖို့ပဲ ဖြစ်ပါတယ်။ အကယ်၍ မက္ကာန်လူမျိုးတွေကသာ သူတို့အတွက် စေလွှတ်ပေးခဲ့တဲ့ တမန်တော်ကို ငြင်းဆန်ခဲ့မယ်ဆိုလျင် သူတို့တွေသည်လည်း အလားတူအဖြစ်ဆိုးများ ကြုံကြိုက်ရလိမ့်မည်ဆိုတဲ့အကြောင်းကို ဒီဇာတ်ကြောင်းတွေကနေတစ်ဆင့် သတိပေးနေခဲ့ပါတယ်။

 “ထို့ပြင် ငါအရှင်မြတ်သည် မြို့ရွာအများအပြားကို ဖျက် ဆီးတော်မူခဲ့သည်။ ထိုကဲ့သို့ဖျက်ဆီးရာတွင် ငါအရှင်မြတ်၏အပြစ်ဒဏ်သည် ထိုမြို့ရွာသားများအပေါ်ညအချိန်၌ သို့မဟုတ် နေ့လယ်အချိန် အပန်းဖြေနေကြသောအခါ၌ ကျရောက်လာခဲ့သည်။”

 “သို့ဖြစ်ရာ သူတို့ထံသို့ ငါအရှင်မြတ်၏ အပြစ်ဒဏ်ကျရောက်လာသောအခါ သူတို့က “အမှန်စင်စစ် ကျွန်ုပ်တို့သာမတရားကျူးလွန်သူများ ဖြစ်ကြပါသည်” ဟုပြောဆိုသည်မှလွဲ၍ အခြားမည်သည့်အရာမှ (အကြောင်းပြနိုင်ခြင်း)မရှိခဲ့ကြပေ။”

 “၎င်းပြင် ငါအရှင်မြတ်သည် တမန်တော်များ စေလွှတ်ခြင်းခံခဲ့ကြရသောသူ(လူမျိုးအုပ်စု)များအား အမှန်ပင် စစ်ဆေးတော်မူမည်။ ၎င်းပြင် ငါအရှင်မြတ်သည် တမန်တော်များအားလည်း အမှန်ပင် စစ်ဆေးမေးမြန်းတော်မူမည်။”
(ကျမ်းမြတ်ကုရ်အာန် ၇:၄-၆)

ဒီဇာတ်ကြောင်းတွေထဲမှာပါဝင်နေတဲ့အကြောင်းအရာများသည် တချို့သောစာဖတ်သူတွေအတွက် ပိုပြီး ပြင်းထန်စွာခံစားစေနိုင်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်ထဲမှာပါဝင်တဲ့အကြောင်းအရာများသည် အလ္လာဟ်(سبحانه وتعالى) ၏ ကရုဏာတော်နှင့် ပြစ်ဒဏ်ချမှုများ၏ သတိပေးချက်များကို တစ်လှည့်စီဖော်ပြထားပါသည်။ ဒီလိုတစ်လှည့်စီပါဝင်နေခြင်းက မျှတတဲ့စိတ်နေစိတ်ထား (Balanced Attitude) တစ်ခုကို ဖြစ်ပေါ်စေပါတယ်။ အီမာန်သက်ဝင်ယုံကြည်သူတစ်ဦးအနေနဲ့ သနားကရုဏာတော်ကြီးမားလွန်းတဲ့အရှင်မြတ်ထံမှ အလုံးစုံခွင့်လွှတ်မှုကို မျှော်ကိုးပြီး ကောင်းတာတစ်ခုမှမလုပ်နေတော့ဘဲ ဘဝမှာ အပြစ်တွေကျူးလွန်ပြီးနေလိုက်သည်အထိ အလ္လာဟ် (سبحانه وتعالى) ၏ ကရုဏာတော်ကို အားကိုးလွန်းတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ထို့နည်းတူစွာပဲ သူတို့ရဲ့အပြစ်တွေကို ပြန်မပေးချေနိုင်တော့ဘူးလို့ ခံစားပြီး အလ္လာဟ် (سبحانه وتعالى) ၏ ကရုဏာတရားကို စိတ်အားငယ်ပြီး မမျှော်လင့်တာမျိုးလည်း မဖြစ်သင့်ပါဘူး။

ကျမ်းမြတ်ကုရ်အာန်ထဲမှာပါဝင်နေတဲ့ ဇာတ်ကြောင်းမျိုးစုံကို နားလည်သဘောပေါက်ပြီး သုံးသပ်တတ်ခြင်းက ဒီလိုမျှတတဲ့စိတ်နေစိတ်ထားတစ်ခု ထားတတ်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒီလိုမျှတတဲ့စိတ်နေစိတ်ထားကို ထိန်းထားနိုင်ဖို့ဆိုရင် ဒီပျက်စီးသွားခဲ့တဲ့ လူမျိုးတွေရဲ့ ဇာတ်ကြောင်းတွေကို သုံးသပ်နေဖို့ အရေးကြီးသလို တမန်တော်ယူစွဖ် (ခ) Joseph (عليه السلام)၊ တမန်တော်ဒါဝူဒ် (ခ) David (عليه السلام) နှင့် တမန်တော်စုလိုင်မာန် (ခ) Solomon (عليه السلام) တို့ရဲ့ ဇာတ်ကြောင်းတွေလို မျှော်လင့်ချက်‌ရောင်ခြည်ပေးတဲ့ဇာတ်ကြောင်းတွေကို သုံးသပ်နေဖို့လည်း လိုအပ်ပါတယ်။ ဇာတ်ကြောင်းတစ်ခုချင်းစီတိုင်းက ကျွန်မတို့ရဲ့ ဒီန်သာသနာအပေါ်သက်ဝင်ယုံကြည်မှုနှင့် ဖန်ဆင်းရှင်နှင့် ကျွန်မတို့ရဲ့ကြား ဆက်ဆံရေးကို ပိုပြီးပုံပေါ်လာစေနိုင်ဖို့ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေပါတယ်။

 “ထို့ပြင် ကမ္ဘာမြေပြင်ကို ကောင်းမွန်အောင်ပြုပြင်ထားပြီးသည့်နောက် အသင်တို့သည် ထိုကမ္ဘာမြေပြင်တွင် ဖျက်လိုဖျက်ဆီးမပြုလုပ်ကြနှင့်။ ၎င်းပြင် အသင်တို့သည် အရှင်မြတ်ကို ကြောက်ရွံ့စိုးရိမ်မှုနှင့် မျှော်လင့်ချက်ထား၍ ဟစ်ခေါ်တောင်းခံကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ သနားကရုဏာသည် ကောင်းကျိုးဆောင်ရွက်သောသူများနှင့် အလွန်နီးကပ်နေသည်။”
(ကျမ်းမြတ်ကုရ်အာန် ၇:၅၆)

စူရာဟ် အလ်-အအ်ရာဖ်သည် အစောပိုင်း မက္ကာန်စူရာဟ်တစ်ခုဖြစ်သည့်အလျောက် နောင်ဘဝ (အာခေရဟ်) အကြောင်းကို အဓိကထားပြီးလည်း ဖော်ပြထားပါတယ်။ အာခေရဟ်ဆိုတာက သေခြင်းတရားကိုကျော်လွန်ပြီးနောက်ပိုင်းကို မစဉ်းစားထားခဲ့ဖူးတဲ့ ကူရေ့ရှ်တို့အတွက် ထူးဆန်းတဲ့အတွေးအခေါ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကသူတို့အတွက် အတွေးအ‌ခေါ်အသစ်တစ်ခုဖြစ်တဲ့အတွက် အာခေရဟ်အကြောင်းကို အကျယ်ချဲ့ပြီး အများကြီးရှင်းပြဖို့ လိုအပ်ခဲ့ပါတယ်။ ဒီလိုသူတို့နားလည်နိုင်ဖို့အတွက် စူရာဟ် အလ်-အအ်ရာဖ်သည် အာခေရဟ်အကြောင်း၏ အသေးစိတ်ဖော်ပြချက် အပြည့်အစုံလည်း ဖြစ်ပါတယ်။ ဖော်ပြချက်တစ်ခုချင်းစီတိုင်းသည် ကျွန်မတို့ရဲ့ အတွေးထဲတွင် အသေးစိတ်ပုံရိပ်တစ်ခုအနေနှင့် ပုံဖော်ကြည့်နိုင်ပြီး အာခေရဟ်၏ လက်တွေ့ကျသည့်အချက်များကိုလည်း ကျွန်မတို့အား လက်ခံနိုင်စွမ်းမြင့်တက်စေပါတယ်။ 

Qur'an Reflection (Asbab ul-Nuzul)

ပါရာ ခုနှစ် (Juz Seven) ပါရာ ကိုး (Juz Nine)

Leave a Reply

Your email address will not be published. Required fields are marked *