Skip to content

ပါရာ ကိုး (Juz Nine)

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ ကိုး

 စူရာဟ် အလ်-အန်ဖာလ် (လက်ရပစ္စည်းများကဏ္ဍ) သည် ပါရာကိုး၏ နောက်ဆုံး ၄ ပုံ ၁ ပုံတွင် အစပြုထားပါသည်။ ဒီစူရာဟ်သည် ဗဒရ်စစ်ပွဲပြီးလျင်ပြီးချင်း ဝဟီကျလာခဲ့သည့် အစောပိုင်းမဒီနန်စူရာဟ်တစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဗဒရ်စစ်ပွဲသည် မွတ်စ်လင်မ့်သမိုင်းတွင် ပထမဆုံးသော စစ်ပွဲကြီးတစ်ခုဖြစ်ခဲ့ပြီး မွတ်စ်လင်မ်တို့ အသာစီးရသည့်ဘက်သို့ ကူးပြောင်းသွားခဲ့သည့် ထင်ရှားသည့်အဖြစ်အပျက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

 အဲ့ဒီအချိန်မတိုင်ခင်ကအထိ မွတ်စ်လင်မ်တို့သည် မက္ကာဟ်ရှိပေကန်လူမျိုးတို့၏ လက်ဝယ်တွင် ဖိနှိပ်မှုများစွာကို ခံခဲ့ရပါတယ်။ နှစ်ပေါင်း ၁၃ နှစ်အကြာ မက္ကာဟ်တွင် ဒါဝဟ်ပြုလုပ်ခဲ့ခြင်းသည် အတိုက်အခံပြုမှုတွေ၊ နိုင်လိုမင်းထက် ဖိနှိပ်ညှဉ်းဆဲမှုတွေ၊ အကြမ်းဖက်မှုတွေနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ မွတ်စ်လင်မ်တို့အား နယ်မြေမှထွက်ခွါရန် အတင်းအကြပ်ဖိအားတွေပေးခဲ့ကြပြီး မဒီနာဟ်သို့ ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။ မဒီနာဟ်ရောက်တဲ့အခါမှာတော့ မွတ်စ်လင်မ်တို့ဟာ စစ်ဆင်ရေးများကို အောက်ခြေမှစတင်ကာ တည်ထောင်ခဲ့ပြီး သူတို့ကိုဖိနှိပ်ခဲ့သူတွေအား ပြန်လည်ရင်ဆိုင်နိုင်သည်အထိ အင်အားကြီးထွားလာခဲ့ပါတယ်။ ဟီဂျ်ရာဟ်ပြုလုပ်ပြီး ဒုတိယနှစ်တွင် သူတို့မှာ ပြန်လည်တိုက်ခိုက်နိုင်သည့်အခွင့်အရေး ရရှိခဲ့ပါတယ်။

 ဗဒရ်စစ်ပွဲအရ မွတ်စ်လင်မ်တို့သည် သူတို့ကို မတရားညှဉ်းပန်းခဲ့သူတို့နှင့် စစ်ပွဲထဲတွင် ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ခဲ့ရသည်။ လူအင်အား အရေအတွက်ချင်း မမျှတသည့်ကြားက မွတ်စ်လင်မ်တို့သည် ကောင်းကန်တမန်တပ်ဖွဲ့၏ အကူအညီနှင့်အတူ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ကြပြီး မက္ကာန်တို့အား အောင်နိုင်ခဲ့ပါသည်။ မွတ်စ်လင်မ်တို့နှင့်ဆန့်ကျင်တိုက်ခဲ့သည့် မက္ကာဟ်မှ ခေါင်းဆောင်များက ညတွင်းချင်းပင် သေဆုံးခဲ့ကြသည်အထိ စစ်ပွဲအောင်နိုင်မှုက ထင်ရှားခဲ့ပါတယ်။

 ဒီအောင်နိုင်မှုအရ မက္ကာန်မျိုးဆက်သစ်တွေက အုပ်ချုပ်ရေးပိုင်းကို လက်လွှဲယူခဲ့ကြရတယ်။ နောက်တက်လာတဲ့မျိုးဆက်သစ်တွေက နောက်ဆုံးမှာ အစ္စလာမ်ကိုလက်ခံခဲ့ကြပြီး တမန်တော်မြတ်(ﷺ) ဘက်သို့ ပူးပေါင်းဝင်ရောက်ခဲ့သည့် ဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် မတူညီတဲ့ မျိုးဆက်တွေရဲ့ ဦးဆောင်သူကြား ခြားနားခြင်းတွေကလည်း ထင်ရှားမှုတစ်ခုခဲ့ပါတယ်။ ဗဒရ်စစ်ပွဲမှာ Umayyah Ibn Khalaf နှင့် Abu Jahl တို့ အရေးနိမ့်သွားခဲ့တဲ့အတွက် တမန်တော်မြတ်(ﷺ) သည် သူတို့လို ဖိနှိပ်ညှဉ်းပန်းတတ်တဲ့ ရန်သူတွေနှင့် နောက်တစ်ကြိမ် ထပ်မံရင်ဆိုင်ရတာမျိုး မရှိခဲ့တော့ပါဘူး။

 စူရာဟ် အလ်-အန်ဖာလ် သည် ဒီလိုအခြေအနေတွေကြားမှာ ကျလာခဲ့ပြီး အာယာဟ်တစ်ခုချင်းစီတိုင်းက ဒီစစ်ပွဲနှင့် ဆက်နွယ်နေတဲ့ အဖြစ်အပျက်မျိုးစုံနှင့် တိုက်ရိုက်သက်ဆိုင်နေပါတယ်။ ဒါက မွတ်စ်လင်မ်တို့ ပထမဆုံးအကြိမ် စစ်မက်ရေးရာအရ အောင်ပွဲရရှိခဲ့တာဖြစ်ပြီး စစ်ပွဲကနေသိမ်းယူလာတဲ့ ပစ္စည်းတွေကို တရားမျှတမှုရှိရှိ ဘယ်လိုခွဲဝေရမလဲဆိုတာကို မသေမချာ ဖြစ်ခဲ့ကြပါတယ်။ ဒီစူရာဟ်ရဲ့ စစချင်းအာယဟ်တွေက ဒီအခြေအနေတွေကို ဦးတည်ပြောထားပါတယ်။

 “သူတို့သည် အသင်(တမန်တော်)အား (စစ်တိုက်ရာမှရရှိသော)လက်ရ(သုံ့ပန်း)ပစ္စည်းများနှင့် ပတ်သက်၍ မေးမြန်းကြသည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ။ “လက်ရပစ္စည်းများသည် (အမှန်မှာ) အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်ပိုင်ဆိုင်တော်မူသော ပစ္စည်းများပင် ဖြစ်သည်၊ သို့ဖြစ်ရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ကြပါ။ ၎င်းပြင် အသင်တို့သည် အသင်တို့အချင်းချင်း၏ အခြေအနေ ကို မှန်ကန်အောင်ပြုပြင်ကြပါ။ ထို့ပြင် အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် အရှင်မြတ်၏ တမန်တော်၏အမိန့်တော်များကို လိုက်နာကြပါ။”
(ကျမ်းမြတ်ကုရ်အာန် ၈:၁)

ဒီအကြောင်းရဲ့ နောက်မှာ အောင်ပွဲသည် အလ္လာဟ်(سبحانه وتعالى) ထံမှ လာခြင်းဖြစ်သည်ဆိုတဲ့ သတိပေးချက်တစ်ခု လိုက်ပါနေပါတယ်။ အလ္လာဟ်(سبحانه وتعالى) သည် အလ္လာဟ့်အလိုတော်အတိုင်း အောင်ပွဲကိုပေးခဲ့ခြင်းဖြစ်ပါသည်။ အီမာန်သက်ဝင်ယုံကြည်သူများသည် အလ္လာဟ်(سبحانه وتعالى) နှင့် အလ္လာဟ့်တမန်တော်(ﷺ) တို့၏အမိန့်ကို နာခံခဲ့သည့်အတွက် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဒီအကြောင်းကို စစ်ပွဲများအတွင်း ကျခဲ့သည့် စူရာဟ်များတွင် အဓိကအကြောင်းအရာတစ်ခုအနေဖြင့် တွေ့မြင်နိုင်ပါသည်။

 “ဤသူများပင် (အမှန်) ယုံကြည်သူများဖြစ်ကြသည်။ (ထိုသူများ၏ရှေ့၌) အလ္လာဟ်အရှင်မြတ် အား သတိရခဲ့လျှင်၊ သူတို့၏စိတ်နှလုံးများသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ၎င်းပြင် အကယ်၍ သူတို့ရှေ့၌ အရှင်မြတ်၏ အာယသ်တော်များ ကိုဖတ်ကြားခဲ့လျှင်၊ ထိုအာယသ်တော်များသည် သူတို့၏ အီမာန်ယုံကြည်မှုကိုတိုးပွားခိုင်မြဲစေကြသည်။ ထို့ပြင် သူတို့သည် (ကိစ္စရပ်တိုင်းကို) သူတို့ အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အပေါ်၌သာယုံပုံအပ်နှင်းကြသည်။”

 “အကြင်သူများသည် စွလာသ်ဝတ်ပြုမှုကို အမြဲဆောက်တည်ကြသည်။ ၎င်းပြင် သူတို့အား ငါအရှင်မြတ်ပေးသနားတော်မူသောအရာများထဲမှ (လှူဒါန်း)သုံးစွဲကြသည်။”

 “ထိုသူများပင် အမှန် ယုံကြည်သူများဖြစ်ကြသည်။ သူတို့အတွက် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင်(မြင့်မားသော)အဆင့်အတန်းများနှင့် လွတ်ငြိမ်းချမ်းသာခွင့်အပြင် မြင့်မြတ်သော ရိက္ခာလည်းရှိမည်။”
(ကျမ်းမြတ်ကုရ်အာန် ၈:၂-၄)

စူရာဟ် အလ်-အန်ဖာလ်တွင် ကောင်းကင်တမန်များ၏ အကူအညီများ၊ ရန်သူ့ခံတပ်သို့တိုက်ခိုက်နေစဉ်တွင် အရေးသာစေမည့် မိုးဖွဲဖွဲရွာသွန်းခြင်း နှင့် တမန်တော်မြတ်(ﷺ) မှ မြေမှုန်များ လက်တစ်ဆုပ်စာ ပြစ်ပေါက်လိုက်ချိန်တွင် ရန်သူအားလုံးတို့၏ မျက်စိထဲတွင် အမှုန်များဝင်ကုန်ခြင်း အစရှိသည့် ထိုစစ်တိုက်သည့်နေ့က စစ်ပွဲအတွင်း မွတ်စ်လင်မ်တို့ ကြုံတွေ့ခဲ့ရသည့် အံ့ဖွယ်ဖြစ်ရပ်များအကြောင်းကို သတိပေးချက်အနေနဲ့ ပါဝင်နေပါတယ်။ ထိုအခိုက်အတန့်အားလုံးအား စူရာဟ်ထဲတွင် အလ္လာဟ့်( سبحانه وتعالى ) ကောင်းချီးများကို သတိပေးချက်များအနေဖြင့် ဖော်ပြထားပါတယ်။

 “တစ်ခါက အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်၌ ကူညီရန် တောင်းခံနေကြသည်။ ထို့နောက် အရှင်မြတ်သည် အသင်တို့၏တောင်းခံမှုကို (ဤသို့)ပြန်ကြားတော်မူခဲ့သည်- “အမှန်စင်စစ်ငါအရှင်မြတ်သည် အသင်တို့အား တစ်ပါးပြီးတစ်ပါး (ဆက်တိုက်)လာကြမည့် ကောင်းကင်တမန်တစ်ထောင်နှင့် ကူညီတော်မူမည်”။”

 “ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် ထို(သို့ ကောင်းကင်တမန် စေလွှတ်ပြီး ကူညီတော်မူမည်ဟု) ကတိပေးတော်မူခြင်းသည် (အသင်တို့အတွက်) ဝမ်းမြောက်ဖွယ်သတင်းကောင်းအဖြစ်နှင့် အသင်တို့၏ စိတ် နှလုံးများကို ထိုသတင်းနှင့် နှစ်သိမ့်အေးချမ်းရန်အတွက် ပြုလုပ်တော်မူခဲ့ခြင်းသာ ဖြစ်သည်။ ၎င်းပြင် အောင်မြင်မှုသည် အလ္လာဟ်အရှင်မြတ်ထံတော်မှသာဖြစ်သည်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။”

 “တစ်ခါက အရှင်မြတ်သည် အရှင်မြတ်ထံတော်မှ အသင်တို့အပေါ်၌ အမောအပန်းပြေစေရန်အတွက် ငိုက်မျဉ်းခြင်းကို ဖုံးလွှမ်းစေတော်မူခဲ့သည်။ (စစ်ပွဲတွင် မွတ်စ်လင်မ်စစ်သားများ အိပ်ငိုက်နေသည်ကို ကာဖိရ်စစ်သားများ မြင်တွေ့ပြီး ဤအချိန်၌ပင် အိပ်ငိုက်နိုင်သေးသည့် စစ်သားများ၏ ရဲရင့်မှုအပေါ် ကြောက်ရွံ့မှုဖြစ်ပေါ်ခဲ့ကြသည်။) ၎င်းပြင် အသင်တို့အပေါ်၌ မိုးကောင်းကင်မှ (မိုး)ရေကို ထိုရေနှင့် အသင်တို့အား သန့်ရှင်းစင်ကြယ်စေရန်အတွက်၊ ၎င်းပြင် အသင်တို့ (၏ စိတ်နှလုံး)ထဲမှ ရှိုင်သွာန်၏လှုံ့ဆော်ချက်ကို ပပျောက်စေရန်အတွက်၊ ၎င်းပြင် အသင်တို့၏ စိတ်နှလုံးများကြံ့ခိုင်စေရန်အတွက်နှင့် ခြေများကို ထို(မိုးရေ)နှင့် ခိုင်မြဲစေရန်အတွက် ရွာသွန်းချပေးတော်မူခဲ့ သည်။”
(ကျမ်းမြတ်ကုရ်အာန် ၈:၉-၁၁)

 “ထို့နောက်အသင်တို့သည် ထို(ကာဖိရ်ငြင်းပယ်သော)သူများအားသတ်ဖြတ်ခဲ့ကြသည်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်ပင် သူတို့အား သတ်ဖြတ်တော်မူခဲ့ခြင်းဖြစ်သည်။ ၎င်းပြင် အသင်(တမန်တော်)သည် (သူတို့အား သဲများနှင့်)ပစ်ပက်စဉ်ကလည်း အသင်ပစ်ပက်ခဲ့သည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည်ပင် ပစ်ပက်တော်မူခဲ့ခြင်းဖြစ်သည်။ ၎င်းပြင်ယုံကြည်သောသူများအား အရှင်မြတ်ထံတော်မှ ကောင်းမွန်သောစမ်းသပ်မှုနှင့် စမ်းသပ်ကျေးဇူးပြုတော်မူရန်အတွက် ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသော အရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။”
(ကျမ်းမြတ်ကုရ်အာန် ၈:၁၇)

 ဗဒရ်စစ်ပွဲသည် မွတ်စ်လင်မ့်သမိုင်းကြောင်းတွင် ထင်ရှားကျော်ကြားသည့်အဖြစ်အပျက်များထဲမှ တစ်ခု ဖြစ်ပါတယ်။ ဗဒရ်စစ်ပွဲသည် လူနည်းစုဖြစ်နေတယ်ဆိုရင်တောင် စစ်မှန်သူတွေအား အလ္လာဟ်(سبحانه وتعالى)မှ အကူအညီပေးမှာဖြစ်ကြောင်းကို သတိပြုချက်တစ်ခုအနေနဲ့ ရှိနေပါတယ်။ အလ္လာဟ်(سبحانه وتعالى) အလိုတော်ရှိတိုင်းမှာလည်း အံ့ဖွယ်ဖြစ်ရပ်တွေဖြစ်လာတတ်ကြောင်းကိုလည်း သတိပြုမိစေပါတယ်။ ဒါက နိုင်လိုမင်းထက်ပြုမှုပြီး ဖိနှိပ်တတ်သူတို့အတွက် သူတို့ရဲ့ နိုင့်ထက်စီးနင်းပြုမှုတွေက တစ်သက်လုံးဖြစ်နေမှာမဟုတ်သလို တရားမျှတမှုပေါ်ထွက်လာမဲ့ နေ့တစ်နေ့ကတော့ရောက်လာမှာပဲဆိုတာကို သင်ခန်းစာတစ်ခုအနေနဲ့ ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီ စူရာဟ် အလ်-အန်ဖာလ်သည် အဓိပ္ပာယ်ရှိလှတဲ့ သင်ခန်းစာပေါင်းများစွာကို ဖော်ပြပေးထားပြီး စာဖတ်သူတို့အနေနဲ့ တစိမ့်စိမ့်တွေးပြီး သုံးသပ်နိုင်မဲ့ အကြောင်းအရာများစွာကိုလည်း ပေးစွမ်းထားပါတယ်။ 

Qur'an Reflection (Asbab ul-Nuzul)

ပါရာ ရှစ်(Juz Eight) ပါရာ တစ်ဆယ်(Juz Ten)

Leave a Reply

Your email address will not be published. Required fields are marked *