Skip to content

ပါရာ တစ်ဆယ့်နှစ် (Juz Twelve)

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ ဆယ့်နှစ်

မျှော်လင့်ချက်နှင့် အကြောက်တရား အကြောင်းနှစ်ခုလုံးက ပါရာ ဆယ့်နှစ်ထဲမှာ ဆက်လက်ပါရှိနေပါတယ်။ စူရာဟ်ဟူဒ် သည် ပျက်စီးသွားခဲ့သည့် လူမျိုးများ၏ ဇာတ်ကြောင်းကို အသားပေးဖော်ပြထားပါတယ်။ ပျက်စီးသွားတဲ့လူမျိုးတွေအကုန်လုံးသည် မက္ကာန်လူမျိုးတို့ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်ပါတယ်။ အာဒ်လူမျိုး၊ ဆမူဒ်လူမျိုး၊ မဒယန်လူမျိုးနှင့် တမန်တော်လူသွ် (عليه السلام) ၏ နောက်လိုက်များတို့သည် အလ္လာဟ်(سبحانه وتعالى)၏ တမန်တော်တို့ကို ငြင်းပယ်ခဲ့သည့်အတွက် ဖျက်စီးခံလိုက်ရသည့် ရှေးလူသားများဖြစ်ခဲ့ကြပါတယ်။ မက္ကာန်လူမျိုးတို့အတွက် အမိန့်စကားကတော့ ရှင်းလင်းလှပါတယ်၊ အကယ်၍ မက္ကာန်လူမျိုးတို့သည်သာ နောက်ဆုံးတမန်တော်ဖြစ်သည့် တမန်တော်မြတ် (ﷺ) အား ငြင်းပယ်ခဲ့မည်ဆိုပါက သူတို့တွေသည်လည်း အလားတူနောက်ဆက်တွဲ ဆိုးကျိုးမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်သာ ဖြစ်သည်။

သို့သော်လည်း စူရာဟ်ယူစွဖ် သည် မျှော်လင့်ချက်နှင့် အကောင်းမြင်ဝါဒအကြောင်းသာဖြစ်ပါသည်။ ထိုစူရာဟ်သည် တမန်တော်မြတ်(ﷺ) အလိုအပ်ဆုံးအချိန်တွင် ဝဟီကျလာခဲ့ခြင်းဖြစ်ပါတယ်။ စူရာဟ်ယူစွဖ်ကို တမန်တော်မြတ်(ﷺ) ၏ ဝမ်းနည်းကြေကွဲမှုများစွာကြုံကြိုက်ခဲ့ရသည့် နှစ်အတွင်းမှာ ချပေးခဲ့ခြင်းဖြစ်ပါတယ်။ တမန်တော်မြတ်(ﷺ) သည် ကိုယ်တော်မြတ်၏ အနီးကပ်ဆုံးသော အားပေးထောက်ခံသူဖြစ်သည့် ချစ်ဇနီးသည် ခဒီဂျာဟ်(رضي الله عنها) နှင့် ပြင်ပအန္တရာယ်များမှ ကာကွယ်ပေးသူ လူမျိုးစုခေါင်းဆောင်ဖြစ်သည့် ဦးလေးတော် အဗူသာလစ်ဘ် တို့အား လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ နှစ်ဦးလုံးဟာ တစ်နှစ်တည်းအတွင်းမှာပင် လအနည်းငယ်သာခြားပြီး တိမ်းပါးသွားခဲ့ကြတယ်။

 ဦးလေးတော်၏ ကာကွယ်မှုမရှိတော့သည့်အခါ တမန်တော်မြတ်(ﷺ) သည် မက္ကာဟ်တွင် ညှဥ်းပန်းနှိပ်စက်မှုပုံစံအသစ်တစ်မျိုးဖြင့် ရင်ဆိုင်ခဲ့ရသည့်အတွက် အရပ်ပေါင်းစုံမှ အကူအညီကို အပူတပြင်းတောင်းခံခဲ့ပါတယ်။ တမန်တော်မြတ်(ﷺ) သည် တာအိဖ်သို့ သွားရောက်ပြီး သူတို့ရဲ့ ကာကွယ်ပေးမှုကို တောင်းခံခဲ့ပါတယ်။ သို့သော်လည်း ထိုသူတို့ရဲ့ တုံ့ပြန်မှုတို့က ရက်စက်ကြမ်းတမ်းလှပြီး စိတ်ဒဏ်ရာကိုပါရစေခဲ့ပါတယ်။ ထိုကဲ့သို့ အရာအားလုံးဟာ စိတ်ပျက်အားငယ်စရာကောင်းလှတဲ့ ခက်ခဲကြမ်းတမ်းလှတဲ့နှစ်မှာပဲ စူရာဟ်ယူစွဖ်ကို ချပေးခဲ့တာ ဖြစ်ပါတယ်။ စူရာဟ်ယူစွဖ်သည် တမန်တော်ယူစွဖ်(عليه السلام)၏ ဘဝဇာတ်ကြောင်းတစ်ခုလုံးပါဝင်နေတဲ့ အားကောင်းတဲ့ စူရာဟ်တစ်ပုဒ်လည်း ဖြစ်ပါတယ်။

 ဒီဇာတ်ကြောင်းနှင့် အလားတူဖြစ်ရပ်မျိုးကိုရင်ဆိုင်နေရတဲ့ တမန်တော်မြတ်(ﷺ) အား အနာဂတ်အတွက် မျှော်လင့်ချက်ကို သယ်ဆောင်လာပေးခဲ့ပါတယ်။ တမန်တော်မြတ်(ﷺ) သည် ကိုယ်တော်မြတ်၏ ဆွေမျိုးရင်း (ဦးလေးတော် အဗူလာဟဗ်) ထံမှ ညှင်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ကြုံတွေ့နေရသလိုပဲ တမန်တော်ယူစွဖ်(عليه السلام) သည် သူ၏အကိုရင်းချာတို့ထံမှ ညှင်းပန်းနှိပ်စက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

 တမန်တော်မြတ်(ﷺ) သည် များမကြာမီကာလအတွင်း မက္ကာဟ်မြို့မှ အတင်းအကြပ်ဖိအားပေးခံရကာ စွန့်ခွါရဖို့ဖြစ်လာခဲ့ပြီး နယ်မြေအသစ်သို့ပြောင်းရွှေ့ကာ နောက်ဆုံးတွင် ထိုနယ်မြေ၏ ခေါင်းဆောင်ဖြစ်လာသကဲ့သို့ တမန်တော်ယူစွဖ်(عليه السلام) သည်လည်း အီဂျစ်သို့ ထွက်ပြေးရန် အတင်းအကြပ်ဖိအားပေးခံခဲ့ရပြီး နောက်ဆုံးတွင် အီဂျစ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။

 ဝဟီကရှင်းလင်းလှပါတယ်၊ တမန်တော်တို့အပေါ် စမ်းသပ်မှုတိုင်းသည် ပိုပြီးကောင်းမွန်တဲ့အရာတွေဖြစ်လာဖို့ ပြင်ဆင်ပေးနေခဲ့တယ်ဆိုတာပါပဲ။ တမန်တော်ယူစွဖ်(عليه السلام) ကဲ့သို့ပင် တမန်တော်မြတ်(ﷺ) သည် ဘဝရဲ့ အခက်အခဲ၊ စိန်ခေါ်မှုတိုင်းကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပြီး နောက်ဆုံးတွင် အစ္စလာမ်သာသနာသည် နယ်မြေတစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့ပါသည်။

 တမန်တော်မြတ်(ﷺ) သည် တမန်တော်ယူစွဖ်(عليه السلام)၏ ဇာတ်ကြောင်းနှင့် လွန်စွာမှ ချိတ်ဆက်နေပြီး မက္ကာဟ်အား အောင်နိုင်ခြင်းသည် တမန်တော်ယူစွဖ် အာဏာရှိလာခဲ့ချိန်တွင် သူ့အကိုတော်တို့နှင့် ထိပ်တိုက်ရင်ဆိုင်နေခြင်းကို ထင်ဟပ်စေပါတယ်။ တမန်တော်ယူစွဖ်(عليه السلام) မှ သူ့အကို‌တော်တို့အား ပြောခဲ့ဖူးသည့် လှပသည့်စကားတို့အတိုင်း တမန်တော်မြတ်(ﷺ) သည် မက္ကာန်တို့အား အောက်ပါအတိုင်း မိန့်ကြားခဲ့ဖူးပါသည်။

 ““၎င်းကယနေ့အသင်တို့အပေါ်တွင်လုံးဝအပြစ်တင်မှုမရှိပေ။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အားအပြစ် မှ ချမ်းသာပေးသနားတော်မူပါစေ။ ၎င်းနောက် အရှင်မြတ်သည် သနားကြင်နာသူများအားလုံးထက် အသနား အကြင်နာဆုံးဖြစ်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါသည်။”
(ကျမ်းမြတ်ကုရ်အာန် ၁၂:၉၂)

 ထိုစူရာဟ်ယူစွဖ်တွင် ပါဝင်နေသည့် သင်ခန်းစာတို့မှာ အချိန်ကာလအကန့်အသတ်မဲ့ ဖြစ်ပါတယ်။ မျိုးဆက်တိုင်းက စူရာဟ်ယူစွဖ်ထဲမှ မျှော်လင့်ချက်နှင့် အကောင်းမြင်ဝါဒတို့ပါဝင်နေတဲ့ သတင်းစကားတိုင်းသည် သူတို့နှင့်သက်ဆိုင်နေတဲ့ သီးသန့်အဖြစ်အပျက်တွေနှင့် ဆက်စပ်သင့်လျော်မှုရှိနေသည်ကို တွေ့ရှိရလေ့ရှိပါတယ်။ စူရာဟ်ယူစွဖ်သည် ကျမ်းမြတ်ကုရ်အာန်ထဲတွင် နှစ်သက်မြတ်နိုးမှုအများဆုံးနှင့် မကြာခဏလေ့လာလေ့ရှိကြသည့် စူရာဟ်တစ်ပုဒ်အဖြစ် ယနေ့တိုင်အောင် ဆက်လက်တည်ရှိနေပါတယ်။ ထိုစူရာဟ်ထဲမှ မိသားစုအကြောင်း၊ မျှော်လင့်ချက်၊ စစ်မှန်တဲ့အိပ်မက်များ၊ ခေါင်းဆောင်မှု၊ ကတိသစ္စာစောင့်တည်ခြင်း၊ သွေးဆောင်ဖြားယောင်းမှုအား တောင့်ခံခြင်းနှင့် စမ်းသပ်မှုများစွာကို အောင်မြင်စွာကျော်ဖြတ်နိုင်ခြင်းတို့က အီမာန်သက်ဝင်ယုံကြည်သူတိုင်းနှင့် ဆက်စပ်နေပါတယ်။

 စူရာဟ်ယူစွဖ်သည် ကျွန်မတို့ရဲ့ နှလုံးသားနှင့် အနီးကပ်ဆုံးမှာ ရှိနေသလို အကောင်းဆုံးသော ဇာတ်ကြောင်းပုံပြင်တစ်ပုဒ်လည်း ဖြစ်ပါတယ်။ အကယ်၍ ဘဝကြီးက ကျွန်မတို့ထင်မှတ်ထားသလို မဖြစ်လာခဲ့ရင်တောင် အလ္လာဟ်(سبحانه وتعالى)၏ အစီအစဉ်ကို ယုံကြည်ပြီး အကောင်းမြင်စိတ်ရှိဖို့ သတိပေးချက်တစ်ခုအနေနဲ့လည်း ရှိနေပါတယ်။ စူရာဟ်ယူစွဖ်သည် ဝဟီကျလာရခြင်း၏ ရည်ရွယ်ချက်ကိုလည်း လှပတဲ့သတိပေးချက်တစ်ခုအနေဖြင့် အဆုံးသတ်ထားပါတယ်။

 “အမှန်စင်စစ် သူတို့၏ အကြောင်းများတွင် စဉ်းစားသိမြင်နားလည်သူများအတွက် သင်ခန်းစာရှိသည်။ (ဤ ကုရ်အာန် ကျမ်းတော်မြတ်သည်) လုပ်ကြံဖန်တီးထားသော ကျမ်းမဟုတ်ပေ၊ သို့ရာတွင် (ထိုကျမ်းသည်) ၎င်း၏ မတိုင်မီရှိနေသောကျမ်းများကို အတည်ပြု ထောက်ခံသောကျမ်း၊ အရာရာ၏အသေးစိတ် ရှင်းလင်းချက်၊ ယုံကြည်သူများအတွက်လမ်းမှန်ညွှန်ကြားပြသချက်နှင့် ကရုဏာဖြစ်သည်။”
(ကျမ်းမြတ်ကုရ်အာန် ၁၂:၁၁၁) 

Qur'an Reflection (Asbab ul-Nuzul)

ပါရာ တစ်ဆယ့်တစ် (Juz Eleven) ပါရာ တစ်ဆယ့်သုံး (Juz Thirteen)

Leave a Reply

Your email address will not be published. Required fields are marked *