Skip to content

ပါရာ တစ်ဆယ့်သုံး (Juz Thirteen)

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ တစ်ဆယ့်သုံး

 စူရာဟ်ရအဒ် (မိုးခြိမ်းသံကဏ္ဍ) နှင့် စူရာဟ် အိဗ်ရာဟီမ် (တမန်တော်အိဗ်ရာဟီမ်ကဏ္ဍ) တို့သည် တမန်တော်မြတ်(ﷺ) မဒီနာဟ်သို့ မရွှေ့ပြောင်းမီ မက္ကာန်ခေတ်၏ အဆုံးသတ်ပိုင်းနားတွင် ဝဟီကျလာခဲ့ခြင်း ဖြစ်ပါတယ်။ ထိုစူရာဟ်နှစ်ပုဒ်သည် ကူရေ့ရှ်တို့အတွက် တမန်တော်မြတ်(ﷺ)အား နာခံရန် နှင့် ထို့သို့မနာခံခဲ့ကြပါက အလ္လာဟ်(سبحانه وتعالى) သည် အစ္စလာမ်သာသနာ၏ အမွေအနှစ်များအား တခြားလူမျိုးအသိုင်းအဝိုင်းသို့ အပ်နှင်းလိုက်မည်ဖြစ်ကြောင်း နောက်ဆုံးသတိပေးချက်တစ်ခုအနေနဲ့ ဖြစ်ခဲ့ပါတယ်။

 မက္ကာန်လူမျိုးအများစုက အမိန့်သတင်းစကားကို ငြင်းပယ်ခဲ့ကြချိန်တွင် အစ္စလာမ်သာသနာသည် မဒီနာဟ်မြို့ရှိ လူမျိုးတိုင်းတွင် လျင်မြန်စွာ ပြန့်ပွားနေခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုပြန်ပွားမှုသည် မဒီနာဟ်ရှိလူများအား အစ္စလာမ်သာသနာကို သင်ကြားပေးနိုင်ရန် တမန်တော်မြတ်(ﷺ) မှ စေလွှတ်ပေးခဲ့သည့် Mus’ab Ibn Umair (رضي الله عنه) ၏ ဒါဝဟ်ပြုလုပ်နိုင်မှုကြောင့် အဓိကဖြစ်ပါတယ်။

 ဒီအကြောင်းအရာသည် အစ္စလာမ်သာသနာအတွက် ကောင်းမွန်တဲ့အပြောင်းအလဲတစ်ခုအဖြစ် အမှတ်အသားပြုနိုင်ခဲ့ပါတယ်။ မဒီနာဟ်တွင် မွတ်စ်လင်မ်တို့သည် လူအင်အားအများစုအဖြစ် ကြီးထွားလာခဲ့ပြီး မွတ်စ်လင်မ်တို့၏ နေအိမ်အသစ်များကို တည်ဆောက်နိုင်ခဲ့ကာ နောက်ဆုံးတွင် ကမ္ဘာတစ်ခုလုံး ပြန့်ပွားသွားသည်အထိ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ ထိုစူရာဟ်နှစ်ပုဒ်ကို ထိုကဲ့သို့ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စဉ်များ စတင်ဖြစ်ပေါ်လာချိန်တွင် ချပေးခဲ့ခြင်းဖြစ်ပါတယ်။

 အမှန်တရားကို ရှင်းလင်းမြင်သာစွာ သိမြင်နေသည့်တိုင်အောင် အစ္စလာမ်ကို ဆက်တိုက်ငြင်းပယ်နေသူတို့ကို ရည်ညွှန်းထားတဲ့အတွက် စူရာဟ်ရအဒ်က ခက်ထန်တဲ့အသွင်ကိုဆောင်နေပါတယ်။ မက္ကာန်တွေဟာ တမန်တော်မြတ်(ﷺ)၏ ဘဝဇာတ်ကြောင်းတစ်ခုလုံးကို ကောင်းစွာသိနားလည်ခဲ့ကြသလို ကိုယ်တော်မြတ်၏ ရိုးသားမှုနှင့် ယုံကြည်အားကိုးထိုက်မှုတို့ကိုလည်း ကောင်းစွာသက်သေပြုနိုင်ခဲ့ပြီး ကျမ်းမြတ်ကုရ်အာန်၏ အံ့ချီးဖွယ်ဖြစ်ရပ်အပါအဝင် ကိုယ်တော်မြတ် တည်ရှိနေမှုအတွင်း ဖြစ်ပေါ်လာတဲ့ အံ့ဖွယ်ဖြစ်ရပ်ဆန်းတိုင်းကိုလည်း မျက်မြင်ကိုယ်တွေ့သိမြင်ခဲ့ပါတယ်။

 ဒီလိုသိရှိနေတာတောင်မှ မက္ကာန်တွေသည် အမှန်တရားကို ဆက်လက်ငြင်းပယ်နေခဲ့ကြပြီး အမိန့်စကားကိုလည်း လှောင်ပြောင်ကဲ့ရဲ့ကာ တမန်တော်မြတ်(ﷺ) ကို ပြစ်တင်ဝေဖန်ခဲ့ကြသလို အံ့ဖွယ်ဖြစ်ရပ်တွေကိုလည်း အဓိပ္ပာယ်မရှိသည့်တောင်းဆိုချက်များစွာ ပြုလုပ်ခဲ့ကြပါတယ်။ စူရာဟ်ရအဒ်သည် ထိုကဲ့သို့ အပြုအမှု၊ သဘောထားများကို ခက်ထန်တင်းမာသည့် သတိပေးချက်အချို့ဖြင့် ဦးတည်ဖြေရှင်းထားပါတယ်။

 “ထို့ပြင် ငြင်းပယ်သူများက၎င်း(တမန်တော်)အပေါ်တွင် ၎င်း(တမန်တော်)အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံတော်မှ တန်ခိုးတော် တစ်စုံတစ်ခု အဘယ့်ကြောင့် ချပေးခြင်းမခံရသနည်းဟု ပြောဆိုကြသည်။ (အို-တမန်တော်) အသင်ပြောလိုက်ပါ – အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိသောသူကို လမ်းမှား၌ပင်ထားတော်မူသည်။ ၎င်းနောက် အရှင်မြတ်သည် အရှင်မြတ်ဘက်သို့ ပြန်လှည့်သူများကို တရားလမ်းမှန် ပြသပေးတော်မူသည်။”
(ကျမ်းမြတ်ကုရ်အာန် ၁၃:၂၇)

 “ထို့ပြင် အကယ်၍ ကုရ်အာန်ကျမ်းတစ်စောင်သည် ရှိခဲ့မည်။ ၎င်းနောက် ထိုကုရ်အာန်ဖြင့် တောင်များသည် ရွှေ့ပြောင်းခြင်းကို ခံကြရသည်ဖြစ်စေ၊ သို့မဟုတ် ထိုကုရ်အာန်ဖြင့် ပထဝီမြေသည် အက်ကွဲစေခြင်းကိုခံရသည် ဖြစ်စေ၊ သို့မဟုတ် ထိုကုရ်အာန် ဖြင့် သေသူများအား စကားပြောဆိုစေခြင်းကို ခံကြရသည်ဖြစ်စေ၊ (ထိုသို့ ပြုလုပ်ပေးသော ကုရ်အာန်သည် ဤကုရ်အာန်ဖြစ်လျှင်လည်း သူတို့သည် ဤကုရ်အာန်ကို အီမာန် ယုံကြည်ကြမည်မဟုတ်ပေ)။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် အမိန့်အာဏာ အားလုံးသည် အလ္လာဟ်အရှင်မြတ်ထံတော်၌ပင် ရှိသည်။ သို့ဖြစ်ပါလျက် ယုံကြည်သူများသည် “အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူလျှင် အမှန်စင်စစ် အရှင်မြတ်သည် လူအားလုံးကို လမ်းမှန် ညွန်ကြားပြသတော်မူခဲ့ပြီး ဖြစ်မည်ကို မသိခဲ့ကြလေသလော။ ထို့ပြင် ငြင်းပယ်သူများတွင် သူတို့၏ အပြုအမူများကြောင့် ဒုက္ခတစ်စုံတစ်ခုသည် ကျရောက်မြဲ ကျရောက်လျက်ပင် ရှိသည်၊ သို့မဟုတ် သူတို့၏ မြို့ရွာအနီး၌ အမြဲမပြတ် သက်ရောက်နေသည်။ နောက်ဆုံးတွင်အလ္လာဟ်အရှင်မြတ်ချိန်းဆိုထားသော အပြစ်ဒဏ်သည် ရောက်ရှိလာမည်ဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ် အရှင်မြတ်သည် အရှင်မြတ်၏ ကတိကို ဖောက်ဖျက်တော်မူသော အရှင်မဟုတ်ပေ။”

 “ထို့ပြင် အမှန်စင်စစ် အသင်၏မတိုင်မီ၌လည်း တမန်တော်များသည် ပြောင်လှောင်ခြင်းကို ခံခဲ့ကြရသည်။ သို့ဖြစ်ပါလျက် ငါအရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သောသူများအား ရွှေ့ဆိုင်းခွင့် ပေးတော်မူခဲ့သည်။ ထို့နောက် ငါအရှင်မြတ်သည် သူတို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့သည်။ သို့ဖြစ်ရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် မည်သို့ရှိခဲ့သနည်း။”
(ကျမ်းမြတ်ကုရ်အာန် ၁၃:၃၁-၃၂)

 “ထို့ပြင်အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်၏မတိုင်မီ တမန်တော်များအား စေလွှတ်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုတမန်တော်များအတွက် ဇနီးကြင်ရာများနှင့် သားသမီးများကို ပြုလုပ်ဖန်တီးပေးတော်မူခဲ့သည်။ – ထို့ပြင် မည်သည့်တမန်တော်မှ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲ အာယသ်တော် (သက်သေလက္ခဏာတန်ခိုးတော်) တစ်စုံတစ်ရာကိုယူဆောင်လာရန်အခွင့်အာဏာမရှိပေ။ ခေတ်ကာလတိုင်းအတွက်ကျမ်းတစ်ကျမ်းရှိသည်။”
(ကျမ်းမြတ်ကုရ်အာန် ၁၃:၃၈)

 စူရာဟ် အိဗ်ရာဟီမ်သည် ကူရေ့ရှ်တို့အား သူတို့၏မြို့တော်(မက္ကာမြို့) ကို ဖန်ဆင်းရှင်တစ်ပါးတည်းသာ ခဝပ်ကိုးကွယ်သည့် ဝါဒ (Monotheism) ၏ အခြေစိုက်ရာအရပ်တစ်ခုအဖြစ် တမန်တော် အိဗ်ရာဟီမ်(عليه السلام) မှ စတင်အခြေပြုတည်ဆောက်ခဲ့ကြောင်းကို သတိပေးနေပါတယ်။ တကယ်တော့ တမန်တော် အိဗ်ရာဟီမ်(عليه السلام) သည် မက္ကာဟ်မြို့အတွက် ဆုတောင်းမှုပြုခဲ့ပြီး သူ၏ ဆုတောင်းကို တုံ့ပြန့်သည့်အနေဖြင့် နောက်ဆုံးတွင် ထိုမြို့သည် ဖန်ဆင်းရှင်တစ်ပါးတည်းသာ ခဝပ်ကိုးကွယ်သည့် ဝါဒ၏ ဗဟို၊ အချက်အချာ ဖြစ်လာခဲ့ပါတယ်။ အမှန်အားဖြင့် ဤနေရာတွင်ဖော်ပြထားသည့် ဆုတောင်းဒုအာအ်သည် နောက်ဆုံးတွင် အစ္စလာမ်သည် မက္ကာဟ်၏ သာသနာတစ်ခုဖြစ်လာမည် ဆိုသည့် ဟောကိန်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

 ထိုဒုအာအ်သည် ကူရေ့ရှ်တို့ ပြန်လည်သုံးသပ်နိုင်ရန် စူရာဟ် အိဗ်ရာဟီမ်တွင် အရှည်ဆင့်ပြန်ထားခဲ့ပါတယ်။ ထိုတောင်းဆုဒုအာအ်မှာပါဝင်နေတဲ့ စကားလုံးတို့ကနေ ကျွန်မတို့ သင်ခန်းစာများစွာ ရယူနိုင်ပါတယ်။

 “ထို့ပြင် တစ်ခါက (တမန်တော်) အိဗ်ရာဟီမ်သည် ပြောဆိုလျှောက်ထားခဲ့သည်။ အို – ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ဤမြို့အား ငြိမ်းချမ်းသာယာသောမြို့အဖြစ် ပြုလုပ်ပေးသနားတော် မူပါ။ ၎င်းနောက် အရှင်မြတ်သည် ကျွန်ုပ်နှင့် ကျွန်ုပ်၏သား(မြေး)များကို ကျွန်ုပ်တို့သည် ရုပ်တုများအား မကိုးကွယ်မိကြရန် ဝေးစွာဖယ်ရှားထား ပေးတော်မူပါ။”

 “အို- ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အမှန်စင်စစ် ထိုရုပ်တုများသည် လူအများအား လမ်းလွဲစေခဲ့ကြပါသည်။ သို့ဖြစ်ရာ မည်သူမဆို ကျွန်ုပ်၏နောက်သို့လိုက်ပြီး(စကားကို နာခံခဲ့လျှင်) အမှန်စင်စစ် ထိုသူသည် ကျွန်ုပ်၏အုပ်စုထဲမှပင် ဖြစ်ပါသည်။ ၎င်းနောက် မည်သူမဆို ကျွန်ုပ်၏စကားကို ဖီဆန်ခဲ့လျှင် အမှန်စင်စစ် အရှင်မြတ်သည် အလွန်ချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသော အရှင်ဖြစ်တော်မူပါသည်။”

 “အို – ကျွန်ုပ်တို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အမှန်စင်စစ်ကျွန်ုပ်သည်ကျွန်ုပ်၏သားသမီးအချို့အား အရှင်မြတ်၏မြင့်မြတ်သောအိမ်တော်အနီးတွင် လယ်ယာကိုင်းကျွန်းမရှိသော တောင်ကြားဒေသတစ်ခု၌ နေရာချထားခဲ့ပါသည်။ အို – ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ သူတို့သည် စွလာသ်ဝတ်ပြုမှုကို ဆောက်တည်ကြရန်အတွက် (နေရာချပေးထားခဲ့ခြင်းဖြစ်ပါသည်)။ သို့ဖြစ်ရာ အရှင်မြတ်သည် လူများ၏စိတ်နှလုံးများကို သူတို့ဘက်သို့ ယိမ်းညွတ်စေရန်ပြုလုပ်ပေးတော်မူပါ။ ထို့ပြင် သူတို့သည် ကျေးဇူးတော်ကို သိကြရန် အတွက် အရှင်မြတ်သည် သူတို့အား သစ်သီးဝလံများကို စားနပ်ရိက္ခာအဖြစ်ပေးသနားတော်မူပါ။”

 “အို – ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အမှန်စင်စစ် အရှင်မြတ်သည် ကျွန်ုပ်တို့ လျှို့ဝှက်ကြသောအရာနှင့် ထင်ပေါ်စေကြသောအရာကို သိရှိတော်မူပါသည်။ ထို့ပြင် မြေပထဝီနှင့် မိုးကောင်းကင်တွင် မည်သည့်တစ်စုံတစ်ရာမျှ အလ္လာဟ်အရှင်မြတ်အပေါ်တွင် ဖုံးကွယ်နေသည်မရှိပေ။”
(ကျမ်းမြတ်ကုရ်အာန် ၁၄:၃၅-၃၈)

 စူရာဟ် အိဗ်ရာဟီမ်သည် နိုင်လိုမင်းထက်ပြုမူသူသည် အလ္လာဟ်(سبحانه وتعالى)၏ ပြစ်ဒဏ်ခတ်ခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ကြောင်းကို ခိုင်မာသည့် သတိပေးချက်တစ်ခုနှင့် အဆုံးသတ်ထားပါတယ်။ ဒါက မက္ကာန်တို့အား သူတို့၏အပြစ်ကို ဝန်ချတောင်းပန်ရန်နှင့် မွတ်စ်လင်မ်တို့ကို ဖိနှိပ်နေခြင်းမှ ရပ်တန့်ရန် သတိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ထိုအာယာဟ်သည် ယနေ့ခေတ်တိုင်အောင် အာဏာရှင် မင်းဆိုးမင်းညစ်တိုင်းအတွက် သတိပေးချက်တစ်ခုအနေဖြင့် ဆက်လက်ရှိနေပါတော့တယ်။

 “ထို့ပြင် အမှန်ပင် အသင်သည် အလ္လာဟ်အရှင်မြတ်အား မတရားသူများ ပြုလုပ်ကြသော လုပ်ရပ်များမှ မေ့လျော့နေသော အရှင်ဟု လုံးဝမထင်မှတ်လေနှင့်။ အရှင်မြတ်သည် သူတို့အား အကြင်နေ့ထိ ဆိုင်းငံ့ပေးထားခြင်း သာဖြစ်သည်။ ထိုနေ့တွင် မျက်စိများသည် ပြူး(ကျယ်ပြီး လန့်ဖြန့်ငေးမော)နေကြလိမ့်မည်။”
(ကျမ်းမြတ်ကုရ်အာန် ၁၄:၄၂) 

Qur'an Reflection (Asbab ul-Nuzul)

ပါရာ တစ်ဆယ့်နှစ် (Juz Twelve) ပါရာ တစ်ဆယ့်လေး (Juz Fourteen)

Leave a Reply

Your email address will not be published. Required fields are marked *