အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ တစ်ဆယ့်ခြောက်
ပါရာဆယ့်ခြောက်တွင် ပါဝင်နေသည့်စူရာဟ်နှစ်ပုဒ် (စူရာဟ်မရ်ယမ် နှင့် စူရာဟ်သွာဟာ) သည် အစ္စလာမ့်ခေတ်ဦးသမိုင်းတွင် အရေးကြီးသည့် အစ္စလာမ်သာသနာသို့ ကူးပြောင်းခြင်း ဇာတ်ကြောင်းဖြစ်စဥ်တစ်ခုစီနှင့် ဆက်စပ်နေပါတယ်။ စူရာဟ်နှစ်ပုဒ်လုံးသည် တမန်တော်များ၏ ဘဝဇာတ်ကြောင်းဖြစ်စဉ်များကို အဓိကထားဖော်ပြထားသည့် မက္ကာန်ခေတ်ဦးပိုင်းစူရာဟ်များ ဖြစ်ပါတယ်။ ထိုစူရာဟ်များ၏ အားကောင်းသည့် ဟန်ချက်ညီမှု၊ လှပသည့် နိမိတ်ပုံနှင့် နှလုံးသားကို နူးညံ့ပျော့ပြောင်းစေသည့် အမိန့်သတင်းစကားများသည် အစောပိုင်း မွတ်စ်လင်မ့်သမိုင်းတွင် အရေးအကြီးဆုံး အစ္စလာမ်သာသနာသို့ ကူးပြောင်းခြင်း ဖြစ်စဉ် ၂ ခုအတွက် တာဝန်ခံနေခဲ့ပါတယ်။
စူရာဟ်မရ်ယမ်သည် တမန်တော်တို့နှင့် သူတို့၏မိသားစုဝင်များ၏ ဘဝဖြစ်စဉ်တွေမှတစ်ဆင့် အလ္လာဟ်(سبحانه وتعالى)၏ ရဟ်မသ် (ကရုဏာတရား) အကြောင်း ကျွန်မတို့ကို သင်ကြားပေးနေပါတယ်။ ထိုစူရာဟ်၏ အဓိက အရေးပါသည့်အစိတ်အပိုင်းမှာ မရ်ယမ်(عليه السلام) ၏ ဘဝဇာတ်ကြောင်းနှင့် တမန်တော်အီစာ(عليه السلام)၏ ဖွားမြင်ပုံတို့ပဲဖြစ်ပါတယ်။ ဂျာဖရ် (رضي الله عنه) <Jafar (رضي الله عنه)> သည် စူရာဟ်မရ်ယမ်၏ အစိတ်အပိုင်းတို့ကို အဗ္ဗစီးနီးယား (ယခုခေတ် အီသီယိုးပီးယား) ၏ ဘုရင် နဂျာရှီ (King Najashi) ၏ တရားရုံးတွင် ရွတ်ဆိုခဲ့ဖူးပါတယ်။ Najashi သည် အစ္စလာမ်သာသနာကို လက်ခံခဲ့သည့် ပထဆုံး ဘုရင်တစ်ပါးဖြစ်ခဲ့ပြီး မွတ်စ်လင်မ့်သမိုင်းတွင် အရေးကြီး အခိုက်အတန့်တစ်ခုအနေဖြင့် အမှတ်အသားပြုနေပါတယ်။
မက္ကာန်တို့၏လက်ထက်တွင် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ဆွဟာဘာအချို့သည် တရားမျှတမှုရှိသည့် ခရစ်ယာန်ဘုရင် Najashi ထံမှ ခိုလှုံခွင့်တောင်းခံရန် အဗ္ဗစီးနီးယားသို့ ရွှေ့ပြောင်းလာခဲ့ကြပါတယ်။ မက္ကာန်တို့ကလည်း မွတ်စ်လင်မ်တို့ကို ပြန်လွှတ်ပေးရန် ဘုရင့်ထံနားချဖို့ Amr Ibn al-Aas အား စေလွှတ်ခဲ့ပါတယ်။ ထိုအခါ ဘုရင် Najashi သည် နှစ်ဖက်လုံးမှ ဖြစ်စဉ်တွေကိုနားထောင်တော်မူခဲ့ပြီး နောက်ဆုံးတွင် မွတ်စ်လင်မ်တို့ဘက် ရပ်တည်ခဲ့ကာ အစ္စလာမ်သာသနာသို့ လျို့ဝှက်စွာ ကူးပြောင်းခဲ့ပါတယ်။
ထိုသို့အစ္စလာမ်သာသနာသို့ကူးပြောင်းခြင်းသို့ ဦးတည်စေသည့် အဓိက အကြောင်းအရင်း နှစ်ချက်ရှိခဲ့ပါတယ်။ ပထမ တစ်ချက်ကတော့ အောက်တွင်ဖော်ပြထားသည့် Jafar (رضي الله عنه) မှ Najashi သို့ ပို့ချခဲ့သည့် အစ္စလာမ်သနာကို ရှင်းလင်းဖွင့်ဆိုချက် ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ စူရာဟ်မရ်ယမ်၏ အာယဟ်များကို ရွတ်ဆိုပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။
Jafar (رضي الله عنه) ၏ ပို့ချချက်သည် အထင်ကရဖြစ်ပြီး အစ္စလာမ်သာသနာ၏ အထင်ရှားဆုံးသော လက္ခဏာများကို ဖော်ပြထားပါတယ်။
Jafar (رضي الله عنه) မှ Najashi သို့ ရှင်းပြခဲ့ပါတယ်။
“အို၊ ဘုရင်မင်းမြတ်။ ကျွန်ုပ်တို့တွေသည် မသိနားမလည်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုတွင် နစ်မြုပ်နေခဲ့ကြပြီး၊ ရုပ်တုများကို ကိုးကွယ်ခဲ့ကြသလို ကာမေသုမိစ္ဆာစာရ (unchaste) ကို ကျူးလွန်သူများဖြစ်ကြသကဲ့သို့ အသေသားများကို စားသုံးခဲ့ကြပြီး အောက်တန်းကျသည့် စကားများကိုပြောဆိုခဲ့ကြသူများဖြစ်သည်။ ကျွန်ုပ်တို့သည် လူသားဆန်သည့်သဘာဝ၏ ခံစားချက်တိုင်းကို အလေးမပေးခဲ့ကြဘဲ ယဉ်ကျေးပျူငှါတတ်ခြင်းနှင့် အိမ်နီးချင်းကောင်း၏စရိုက်များကို လျစ်လျူရှုခဲ့ကြသည်။
ကျွန်ုပ်တို့သည် မည်သည့်ဥပဒေကိုမှ သိကျွမ်းချင်းမရှိခဲ့ကြပေ။ သို့သော် အလ္လာဟ်(سبحانه وتعالى) သည် ကျွန်ုပ်တို့အတွင်းမှ အမျိုးသားတစ်ယောက်ကို မြှင့်တင်ပေးခဲ့ချိန်တွင်၊ ထိုသူ၏ မျိုးရိုး၊ ယုံကြည်ခံထိုက်မှု၊ ရိုးသားဖြောင့်မတ်မှုနှင့် စင်ကြယ်မှုတို့က ကျွန်ုပ်တို့ သတိပြုမိစေခဲ့ပြီး ထိုသူသည် ဖန်ဆင်းရှင်တစ်ပါးတည်းသာ ခဝပ်ကိုးကွယ်ရန် နှိုးဆော်ခဲ့ပြီး အလ္လာဟ်(سبحانه وتعالى) မှတစ်ပါး အခြားတုပကိုးကွယ်စရာမရှိကြောင်းကိုလည်း သင်ကြားပေးခဲ့ပါသည်။
ထိုသူ (တမန်တော်မြတ်(ﷺ)) သည် ကျွန်ုပ်တို့အား ရုပ်ထုများကိုးကွယ်ခြင်းမှ တားမြစ်ခဲ့ပြီး အမှန်ကိုသာပြောရန်၊ ကျွန်ုပ်တို့၏ သက်ဝင်ယုံကြည်မှုတွင် သစ္စာစောင့်သိရန်၊ ကရုဏာတရားကြီးမားရန်နှင့် အိမ်နီးချင်းများ၊ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများ၏ ရပိုင်ခွင့်ကို ထည့်သွင်းစဉ်းစားတတ်ရန် တိုက်တွန်းခဲ့ပါတယ်။ ထိုသူသည် ကျွန်ုပ်တို့အား အမျိုးသမီးများနှင့်ပတ်သက်၍ မကောင်းပြောခြင်းနှင့် မိဘမဲ့ကလေးများ၏ ရပိုင်ခွင့်တို့ကို စားသုံးခြင်းမှ တားမြစ်ထားခဲ့ပါတယ်။ ထိုသူသည် ကျွန်ုပ်တို့အား ဒုစရိုက်အပေါင်းမှ ရှောင်တိမ်းရန်၊ မကောင်းမှုများမှ ရှောင်ကြဉ်ရန်၊ နမာဇ်ဝတ်ပြုရန်၊ နွမ်းပါးသူများကို ပေးကမ်းစွန့်ကြဲရန်နှင့် ရိုဇာစောင့်ထိန်းရန်တို့ကိုလည်း အမိန့်ပေးညွှန်ကြားထားခဲ့ပါတယ်။
ကျွန်ုပ်တို့သည် ကိုယ်တော်မြတ်အား ယုံကြည်ကြပြီး အလ္လာဟ်(سبحانه وتعالى) အား ခဝပ်ကိုးကွယ်ရန်နှင့် အလ္လာဟ်(سبحانه وتعالى) မှ တစ်ပါး အခြားအရာများကို တုပကိုးကွယ်ခြင်းမျိုး မပြုလုပ်ရန် ကိုယ်တော်မြတ်၏အဆုံးအမများနှင့် တားမြစ်ထားသည့်အမိန့်များကို လက်ခံခဲ့ကြပါသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ခွင့်ပြုသမျှကို ခွင့်ပြုခဲ့ကြပြီး ကိုယ်တော်တားမြစ်ထားသမျှကို တားမြစ်ခဲ့ကြပါသည်။
ထိုအကြောင်းကြောင့်ပင် ကျွန်ုပ်တို့၏လူများ (မက္ကာဟ်မှလူများ) သည် ကျွန်ုပ်တို့အား ဆန့်ကျင်ခဲ့ကြပြီး ကျွန်ုပ်တို့သည် အလ္လာဟ်(سبحانه وتعالى) အား ခဝပ်ကိုးကွယ်ခြင်းကို စွန့်ပစ်ရန်နှင့် ရုပ်တုများနှင့် အခြားသော စက်ဆုပ်ရွံရှာဖွယ်ရာများကို ပြန်လည်ခဝပ်ကိုးကွယ်ရန် ညှဥ်းပန်းနှိပ်စက်ခဲ့ကြပါသည်။
ထိုသူတို့ (မက္ကာဟ်မှလူများ) သည် ကျွန်ုပ်တို့အား ညှဥ်းပန်းနှိပ်စက်၍ အနာတရဖြစ်စေခဲ့ကြပြီး ထိုသူတို့ထံတွင် ဘဝလုံခြုံမှု ရှာမတွေ့နိုင်တော့သည့်အတွက် ကျွန်ုပ်တို့အား ဖိနှိပ်သူများထံမှ အသင်ကာကွယ်ပေးနိုင်မည်ဟု ယုံကြည်ချက်ဖြင့် ကျွန်ုပ်တို့သည် အသင်၏ နိုင်ငံသို့ ရောက်ရှိလာခဲ့ကြပါသည်”
(Al-Dhahabi, Siyar al-alam an-nubala <Beirut: Dar al-Risala al-Alimiyyah, 2014>, 1:215)
စူရာဟ်သွာဟာသည် Umar Ibn al-Khattab (رضي الله عنه) ၏ အစ္စလာမ်သာသနာသို့ကူးပြောင်းခြင်းနှင့် ဆက်စပ်နေပါတယ်။ Umar (رضي الله عنه) ၏ သာသနာကူးပြောင်းခြင်းသည် လူသိများထင်ရှားသည့် ဇာတ်ကြောင်းဖြစ်စဉ် တစ်ခုလည်း ဖြစ်ပါတယ်။ Umar (رضي الله عنه) သည် သူ၏နှမ အစ္စလာမ်သာသနာသို့ ကူးပြောင်းခဲ့သည့် သတင်းကို ကြားသိရသည့်အခါမှာ တမန်တော်မြတ်(ﷺ) အား တိုက်ခိုက်ရန် ရောက်လာခဲ့ပါတယ်။ သူသည် သူ၏နှမအိမ်သို့ သွားရောက်ခဲ့ပြီး ကူးပြောင်းရခြင်းကို ဖြေရှင်းချက်ပေးဖို တောင်းဆိုခဲ့ပါတယ်။ စိတ်အနည်းငယ်တည်ငြိမ်မှုရလာတဲ့အခါမှာ သူ၏နှမတို့တွေ ရွတ်ဖတ်နေသည့်အကြောင်းကို သူလည်း ဖတ်ကြည့်ခွင့်ရဖို့ မေးခဲ့ပါတယ်။ Umar (رضي الله عنه) သည် စူရာဟ်သွာဟာ၏ အဖွင့်အာယဟ်များကို ရွတ်ဖတ်ကြည့်ပြီးသည့်အခါမှာ အစ္စလာမ်သာသနာကို လက်ခံဖို့ သူ့အတွက် လုံလောက်သည့် စိတ်ကျေနပ်မှုရရှိခဲ့ပါတယ်။
ထိုဇာတ်ကြောင်းဖြစ်စဉ်နှစ်ခုကနေပြီးတော့ ကျမ်းမြတ်ကုရ်အာန်၏ အားကောင်းပြီး လူတစ်ယောက်ကို အသွင်ပြောင်းစေနိုင်မည့် အကျိုးသက်ရောက်မှုကို ကျွန်မတို့အား ပြသနေပါတယ်။ ကျမ်းမြတ်ကုရ်အာန်ထဲက အာယဟ်တွေ သတင်းစကားတွေက ရိုးသားစစ်မှန်သည့် နှလုံးသားတစ်ခုကို ရောက်ရှိလိုက်ပြီဆိုတာနဲ့ ထိုလူသားကို ထာဝရ ပြောင်းလဲစေနိုင်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် ရိုသားဖြောင့်မတ်သည့် နှလုံးသားက ကျမ်းမြတ်ကုရ်အာန်ထဲမှ အာယဟ်များသည် ဖန်ဆင်းရှင်ထံမှ ဝဟီကျလာခြင်းဖြစ်သည်ဆိုသည့်အချက်ကို လျစ်လျူမရှုနိုင်သည့်အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
