Skip to content

ပါရာ တစ်ဆယ့်ရှစ် (Juz Eighteen)

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ တစ်ဆယ့်ရှစ်

 ပါရာတစ်ဆယ့်ရှစ်တွင်ပါဝင်နေသည့် စူရာဟ် ၃ ပုဒ်လုံးသည် စစ်မှန်စွာအီမာန်သက်ဝင်ယုံကြည်သူများ၏ အရည်အသွေးကို အဓိက အကြောင်းအရာအဖြစ် အသေးစိတ်ဖော်ပြထားသည်ကို တွေ့နိုင်ပါတယ်။ စူရာဟ် အလ်-မုအ်အိနူးန် (ယုံကြည်သူများကဏ္ဍ)၏ အဖွင့်အာယဟ်များသည် စစ်မှန်စွာအီမာန်သက်ဝင်ယုံကြည်သူများ၏ အရေးအကြီးဆုံးသော အရည်အသွေးများထဲကမှ အချို့ကို ဖော်ပြထားပါတယ်။

 တမန်တော်မြတ်(ﷺ) သည် ထိုအာယဟ်များနှင့် ပတ်သက်၍ မိန့်ကြားခဲ့ဖူးပါတယ် “အာယဟ် ၁၀ ခုကို ကိုယ်တော်မြတ်ထံသို့ ချပေးခဲ့ပြီး မည်သူမဆို ထိုအာယဟ်များအတိုင်း လိုက်နာကျင့်သုံးနေထိုင်ခဲ့မည်ဆိုပါက ဂျန္နဟ်သုခဘုံသို့ ဝင်ရောက်ခွင့်ရပါလိမ့်မည်။”
(Tafsir al-Qurtubi (Beirut: Dar al-Kitab al-Arabi, 2013), 12:95, grade: sahih.)

 စူရာဟ် အလ်-မုအ်အိနူးန်တွင် ကျွန်မတို့အား အကျိုးမရှိသည့်စကားများကို ပြောဆိုခြင်းနှင့် အကျင့်စာရိတ္တပျက်ပြားခြင်းအား ရှောင်ကြဉ်ရန်၊ ကျွန်မတို့ကတိပြုထားသမျှကို ဖြည့်ဆည်းပေးရန် တိုက်တွန်းထားပါတယ်။ စူရာဟ် နူးရ် (ရောင်ခြည်တော်ကဏ္ဍ)တွင် အကျင့်စာရိတ္တပျက်ပြားခြင်း၊ အသရေဖျက်ခြင်းနှင့် ကတိဖျက်ခြင်းတို့၏ အကျိုးဆက်များကို ပြသထားပါတယ်။

 စူရာဟ်နူးရ်၏ အာယဟ်အများစုကို အာအိရှာဟ်(رضي الله عنها) ၏ အသရေဖျက်ခံရမှုဟု သိကြသည့် အဖြစ်အပျက်တစ်ခုကြောင့် ချပေးခဲ့ခြင်းဖြစ်ပါတယ်။ ထိုအကြောင်းနှင့် ပတ်သက်၍ အာအိရှာဟ်(رضي الله عنها) သခင်မ သည် ဖြစ်ပျက်ကြောင်းကုန်စဉ်ကို အသေးစိတ် ဇာတ်ကြောင်းပြန်ထားခဲ့ပြီး အကြောင်းအရာမှာ ရှည်လျားသဖြင့် ယခု အပိုင်းတွင်တော့ အသေးစိတ်ပြန်လည် မဖော်ပြတော့ဘဲ ချန်လှပ်ထားခဲ့လိုက်ပါမည်။ ထိုအဖြစ်အပျက်နှင့် ပတ်သက်သည့်အသေးစိတ်အကြောင်းအရာများသည် ဖတ်ရှုသင့်သည့်အတွက် Sahih al-Bukhari, no. 4141 တွင် ဖတ်ရှုလေ့လာရန်တိုက်တွန်းအပ်ပါသည်။

 ထိုဇာတ်ကြောင်းပြန်ပြောပြချက်သည် မဒီနာဟ်ရှိ အယောင်ဆောင်များမှ စတင်ခဲ့သည့် အသရေဖျက်မှုအား ရည်ညွှန်းထားခြင်းဖြစ်ပါတယ်။ တမန်တော်မြတ်(ﷺ) သည် ခရီးတစ်ခုမှပြန်လာခဲ့ချိန်တွင် အာအိရှာဟ်(رضي الله عنها) သခင်မသည် လမ်းပျောက်၍ နောက်တွင် ကျန်နေခဲ့ပါတယ်။ သူမသည် ထိုနေရာတွင်ပင် ထိုင်နေခဲ့ကာ တစ်စုံတစ်ယောက်မှ လာရှာသည်ကို စောင့်နေခဲ့ပါတယ်။ ငယ်ရွယ်သည့် ဆွဟာရ်ဘာ တစ်ဦးမှ သူမကို ရှာတွေ့ခဲ့သဖြင့် တမန်တော်မြတ်(ﷺ) ရှိရာ သူမအိမ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။ အယောင်ဆောင်များသည် သူမ တစ်စိမ်းတစ်ဦးနှင့် မြို့ထဲသို့ပြန်ဝင်လာခဲ့သည့်ကို မြင်တွေ့ခဲ့ရသည့်အခါ အသရေဖျက်သည့် ကောလဟာလတစ်ခုကို စတင်ပြောဆိုခဲ့ကြပါတယ်။

 ထိုအသရေဖျက်မှုသည် မဒီနာဟ်မြို့ကို ရိုက်ခတ်စေခဲ့ပြီး လူအများစုက ထိုအကြောင်းကို ယုံကြည်ခဲ့ကြပါတယ်။ ပထမအစတွင် အာအိရှာဟ်(رضي الله عنها) သခင်မသည် နေထိုင်မကောင်းဖြစ်နေခဲ့ပြီး သူမအိမ်မှ အချိန်တစ်လကြာ အပြင်သို့ မထွက်ဖြစ်ခဲ့တဲ့အတွက် ထိုအကြောင်းကို သတိမမူမိခဲ့ပါဘူး။ နောက်ဆုံးတွင် ထိုအသေရေဖျက်မှုကို သူမကြားသိသည့်အခါ သူမအရမ်းကို ထိတ်လန့်သွားခဲ့ပါတယ်။ သူမသည် သူမ မိဘအိမ်သို့ ပြန်သွားခဲ့ပြီး အလ္လာဟ်(سبحانه وتعالى) မှ သူမနာမည်ကို ပြန်လည်ဖြေရှင်းပေးနိုင်မည်ဟုသည့် မျှော်လင့်ချက်ဖြင့် ထိုအိမ်တွင်ပင် နေထိုင်ခဲ့ပါတယ်။ ထိုအချိန်တွင် တမန်တော်မြတ်(ﷺ) သည် ထိုအရေးကိစ္စကို တရားမျှတမှုရှိစွာ အသေးစိတ်လေ့လာစုံစမ်းနေခဲ့ပါတယ်၊။

 နောက်ဆုံးတွင် စူရာဟ်နူးရ် ၏ အာယဟ်အပိုဒ်များ ကျလာခဲ့ပြီး သူမ၏ ရိုးသားမှုကို ဖော်ပြခဲ့သလို သူမကိုအသရေဖျက်သူများနှင့် ထိုအကြောင်းကို ယုံကြည်ခဲ့ကြသူများအား ပြစ်တင်ဝေဖန်ထားခဲ့ပါတယ်။ ကျွန်မတို့ ယနေ့ခေတ်တိုင်အောင် ရွတ်ဆိုနေကြသည့် ထိုအာယဟ်များသည် အာအိရှာဟ်(رضي الله عنها) ကာကွယ်ချေပခြင်းတွင် သူမ၏ သန့်ရှင်းစင်ကြယ်မှုအတွက် ဝဟီကျလာခြင်းဖြင့် ဂုဏ်ပြုခံခဲ့ရခြင်းလည်း ဖြစ်ပါတယ်။

 “အမှန်စင်စစ်မုသားစွပ်စွဲချက်ကိုဖြန့်ချီခဲ့သည့်သူများသည် အသင်တို့ထဲမှ အုပ်စုတစ်စုပင်ဖြစ်သည်။ အသင်တို့သည် အသင်တို့နှင့် ပတ်သက်၍ ထိုလိမ်လည်စွပ်စွဲချက်ကို ဆိုးရွားသည်ဟု မယူဆကြနှင့်။ အမှန်စင်စစ် ထိုလိမ်လည်စွပ်စွဲချက်သည် အသင်တို့နှင့် ပတ်သက်၍ကောင်းသည်။ ထိုအုပ်စုထဲမှ လူတိုင်းအတွက် သူရှာဖွေဆည်းပူးခဲ့သော ပြစ်မှုရှိသည်။ ထို့ပြင် ထိုလိမ်လည်စွပ်စွဲမှု (အများဆုံး ဖြန့်ချိသော) သူမှာ အလွန်ကြီးလေးသော ပြစ်ဒဏ်ရှိသည်။”

 “ထိုလိမ်လည်စွပ်စွဲမှုကို အသင်တို့ ကြားစဉ်က အီမာန်ရှင်ယောက်ျား၊ မိန်းမများသည် သူတို့ အချင်းချင်းနှင့် ပတ်သက်၍ အဘယ့်ကြောင့် ကောင်းမွန်သော ထင်မြင်ချက်ကို မထင်မြင်ခဲ့ကြသနည်း။ ထို့ပြင် ထို အီမာန်ရှင်ယောက်ျား၊ မိန်းမများက ဤသည် ထင်ရှားသော လိမ်လည်စွပ်စွဲမှုပင်ဖြစ်သည်ဟု အဘယ့်ကြောင့် မပြောဆိုခဲ့ကြသနည်း။”

 “ထိုလူတစ်စုသည် အဘယ့်ကြောင့် ထိုစွပ်စွဲမှုနှင့် ပတ်သက်၍ သက်သေလေးယောက်ကို မတင်ပြခဲ့ကြသနည်း။ ထို့ပြင် သူတို့သည် သက်သေမတင်ပြခဲ့ကြသည့်အတွက် သူတို့ပင် အလ္လာဟ်အရှင်မြတ်ထံတော်တွင် လိမ်လည်သူများဖြစ်ကြသည်။”

 “ထို့ပြင် အကယ်၍သာ အသင်တို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့် အရှင်မြတ်၏အသနားတော်သည် ဤဘဝနှင့်တမလွန်ဘဝတွင်မရှိခဲ့လျှင် အသင်တို့နစ်မွန်းနေခဲ့ကြသောကိစ္စနှင့်ပတ်သက်၍ အသင်တို့တွင်အလွန် ကြီးလေးသည့်အပြစ်ဒဏ်သည် အမှန်ပင် ကျရောက်ခဲ့ပြီး ဖြစ်သည်။”

 “တစ်ခါက အသင်တို့သည် ထိုကိစ္စကို အသင်တို့၏ နှုတ်လျှာများနှင့် လက်ခံပြောဆိုနေခဲ့ကြသည်။ ထို့ပြင် အသင်တို့ မသိသည့်အကြောင်းကို အသင်တို့ နှုတ်များနှင့် ပြောဆိုနေခဲ့ကြသည်။ ထို့ပြင် ထိုကိစ္စသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အလွန်ကြီးလေးသော ကိစ္စဖြစ်ပါလျက် အသင်တို့သည် ထိုကိစ္စကိုပေါ့ဆစွာ သာမန်ကိစ္စဟုထင်မှတ်နေကြသည်။”

 “ထို့ပြင် အသင်တို့သည် ထိုလိမ်လည်စွပ်စွဲမှုကို ကြားခဲ့ကြသည့်အခါ “အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်တော်မူပါသည်။ ကျွန်ုပ်တို့သည် ဤသည်ကို ပြောဆိုကြရန် မသင့်ပါ။ ဤသည် ကြီးကျယ်သော မတရားပြောဆိုချက်ပင် ဖြစ်ပါသည်” ဟု အဘယ့်ကြောင့် မပြောဆိုခဲ့ကြသနည်း။”

 “အကယ်၍ အသင်တို့သည် အီမာန်ယုံကြည်သူများဖြစ်ကြလျှင် အသင်တို့သည် ထိုသို့ အပြစ်မျိုးကို နောက်ထပ်မည်သည့်အခါမှ မပြုကြရန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ဆုံးမတော်မူသည်။”
(ကျမ်းမြတ်ကုရ်အာန် ၂၄:၁၁-၁၇)

 ထိုအဖြစ်အပျက်ကနေပြီးတော့ သင်ခန်းစာယူစရာများစွာ ရှိနေပါတယ်။ မကြာခဏဆိုသလိုပင် ကျွန်မတို့တွေသည် အပြစ်ကင်းသည့် မွတ်စ်လင်မ်တို့အား ဆန့်ကျင်အသရေဖျက်ခြင်းမျိုးကို လျင်မြန်စွာ ယုံကြည်လိုက်တတ်ကြပြီး အပြစ်ကင်းစင်ကြောင်း သက်သေမပြနိုင်မချင်း အပြစ်ရှိသူလိုခံစားသွားရအောင် ဆက်ဆံတတ်ကြပါတယ်။ ဆိုရှယ်လ်မီဒီယာခေတ်ကြီးတွင် အသရေဖျက်ခြင်းသည် အရင်ကထက် ပိုမိုပြန့်နှံ့လွယ်လာသလို ရသွားနိုင်ခဲ့တဲ့ နာကျင်ခံစားမှုတွေကလည်း ဘာမှမဖြစ်ခဲ့သလို မေ့ပျောက်လိုက်ဖို့ မဖြစ်နိုင်ပါဘူး။ အင်တာနက်ပေါ်မှာ အသ‌ရေဖျက်မှုတစ်ခု ထွက်လာပြီဆိုတာနဲ့ အဲ့အကြောင်းကို အလုံးစုံ ပြန်ဖျက်လိုက်ဖို့ ခက်ခဲလာခဲ့ပါတယ်။

 အီမာန်သက်ဝင်ယုံကြည်သူများအနေဖြင့် စူရာဟ်နူးရ်တွင်ပါဝင်နေသည့် အခြေခံသဘောတရားများကို မြဲမြံစွာဆုပ်ကိုင်ထားသင့်ပြီး လူတိုင်းကို တရားမျှတမှုရှိစွာ ပြောဆိုဆက်ဆံသင့်ပါတယ်။ လူတစ်ယောက်သည် အပြစ်ရှိသည်ဟု သက်သေမပြနိုင်မချင်း အပြစ်ကင်းနေသလို အမှန်တရားက ပြတ်သားစွာ မပေါ်ပေါက်လာခင်အထိ ကောလဟာလများကို ယုံကြည်ခြင်း၊ ပြန့်ပွားစေခြင်းမှလည်း ရှောင်ရှားသင့်ပါတယ်။ 

Qur'an Reflection (Asbab ul-Nuzul)

ပါရာ တစ်ဆယ့်ခုနှစ် (Juz Seventeen) ပါရာ တစ်ဆယ့်ကိုး (Juz Nineteen)

Leave a Reply

Your email address will not be published. Required fields are marked *