အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ တစ်ဆယ့်ကိုး
ပါရာတစ်ဆယ့်ကိုးတွင် အီမာန်သက်ဝင်ယုံကြည်သူများ၏ အရည်အသွေးအကြောင်းကို ဆက်လက်ဖော်ပြထားပါတယ်။ ထိုစူရာ ၃ပုဒ်မှာ စူရာဟ် အလ်-ဖုရ်ကာန် (အမှားအမှန်ခွဲခြားပေးသည့်ကဏ္ဍ)၊ စူရာဟ် အလ်-ရှုအရားအ် (ကဗျာဆရာများကဏ္ဍ) နှင့် စူရာဟ် နမ်လ် (ပုရွက်ဆိတ်ကဏ္ဍ) တို့ဖြစ်ကြပြီး မက္ကာန်တွင် ဝဟီချပေးခဲ့ကာ စစ်မှန်စွာ အီမာန်သက်ဝင်ယုံကြည်သူများ၏ အဓိကအရည်အသွေးများကို ဖော်ပြထားပါတယ်။
စူရာဟ် အလ်-ဖုရ်ကာန်၏ အဖွင့်အာယဟ်များကို မက္ကာဟ်မှ ကူရေ့ရှ်တို့ကို တုံ့ပြန့်သည့်အနေဖြင့် ချပေးခဲ့ခြင်း ဖြစ်ပါတယ်။ ကူရေ့ရှ်တို့သည် ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်(ﷺ) အား ဆန့်ကျင်သည့် ငြင်းခုံမှုများစွာကို ပြုလုပ်ခဲ့ကြပါတယ်။ သူတို့တွေက ကျမ်းမြတ်ကုရ်အာန်သည် ရှေးဦးလူသားများ၏ ပုံပြင်များသာ ဖြစ်ကြပြီး တမန်တော်မြတ်(ﷺ) တွင် သာမာန်လူသားလိုအပ်ချက်များရှိသည့်အတွက် တမန်တော်တစ်ပါးမဖြစ်နိုင်ဘူးဟု ငြင်းခုံခဲ့ကြပါတယ်။ စူရာဟ် အလ်-ဖုရ်ကာန်၏ အဖွင့်အာယဟ်များသည် သူတို့၏ သံသယများကို တိုက်ရိုက်ဦးတည်ဖြေရှင်းထားခဲ့ပါတယ်။
“အကြင်အရှင်မြတ်သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူပါသည်။ ထိုအရှင်မြတ်သည် အရှင်မြတ်၏ကျွန် အပေါ်တွင် ထိုကျွန်အနေနှင့် စကြဝဠာအပေါင်းတို့အား သတိပေးနှိုးဆော်သူဖြစ်ရန်အတွက် အမှားအမှန်ခွဲခြားပေးသော (ကျမ်းဂန် ကုရ်အာန်) ကို ချပေးတော်မူခဲ့သည်။”
“ထိုအရှင်မြတ်သည် အရှင်မြတ်၏ ပိုင်ဆိုင်မှုထဲတွင် မိုးကောင်းကင်များနှင့်မြေပထဝီ၏စိုးမိုးအုပ်ချုပ်မှု ရှိသည်။ ထို့ပြင် အရှင်မြတ်သည်မည်သူ့ကိုမျှ သားအဖြစ်ပြုလုပ်တော်မူခဲ့သည်မဟုတ်ပေ။ ထို့ပြင် အရှင်မြတ်အတွက် စိုးမိုးအုပ်ချုပ်မှုတွင်တွဲဖက်လည်း မည်သူမျှမရှိပေ။ထို့ပြင်အရှင်မြတ်သည် အရာအားလုံးကိုဖန်ဆင်းတော်မူ၍ ထိုအရာများကိုတိုင်းဆထားခဲ့သည်။”
“ထို့ပြင် ထို(မှန်ရိုက်)များသည် အရှင်မြတ်အပြင် အခြားကိုးကွယ်ရာများကို ပြုလုပ်ကိုးကွယ်ခဲ့ကြသည်။ ထိုကိုးကွယ်ရာများသည် မည်သည့်အရာကိုမျှ မဖန်ဆင်းနိုင်ကြသည့်အပြင် သူတို့ကိုယ်တိုင်ပင် ပြုလုပ်ဖန်ဆင်းခံထားကြရသည်။ ထို့ပြင် သူတို့သည် သူတို့ကိုယ်တိုင်နှင့်ပတ်သက်၍ပင် မည်သည့် ဆိုးကျိုးကောင်းကျိုးမှ ပိုင်ဆိုင်ကြသည်မဟုတ်ပေ။ ထို့ပြင်(မည်သူ့ကိုမျှ)အသက်သေစေခြင်း၊ ရှင်စေခြင်း၊ ပြန်ရှင်ထစေခြင်းတို့အား ပိုင်ဆိုင်ကြသည်လည်းမဟုတ်ပေ။”
“ထို့ပြင် ကာဖိရ်ငြင်းပယ်သူများက ဤကုရ်အာန်ကျမ်းတော်မြတ်သည် ဤသူ(တမန်တော်)လုပ်ကြံဖန်တီး ထားသော မုသားပင် ဖြစ်သည်။ ထို့ပြင် ဤကိစ္စတွင် ၎င်းအား အခြားလူမျိုးများကလည်း ကူညီခဲ့ကြသည်ဟု ပြောဆိုကြသည်။ ထိုသို့ (ပြောဆိုမှု ကြောင့်) အမှန်ပင် ထိုကာဖိရ်များသည် မတရားမှုနှင့် မုသားလိမ်လည်မှုကို ယူဆောင်လာခဲ့ကြခြင်းဖြစ်သည်။”
“ထို့ပြင် ထိုကာဖိရ်များက” (ဤ ကုရ်အာန်ကျမ်းတော်မြတ်သည်) ၎င်း (တမန်တော်မုဟမ္မဒ် ) ရေးခိုင်းထားသော ရှေးယခင်ကလူများ၏အခြေအမြစ်မရှိသည့် ပုံပြင်များပင် ဖြစ်သည်။ ထို့ပြင် ထိုအခြေအမြစ်မရှိသည့် ပုံပြင်များကို၎င်း၏ရှေ့၌ နံနက်နှင့် ညနေတွင် ဖတ်ကြားခံရသည်”ဟုပြောဆိုကြသည်။”
“(အို-တမန်တော်) အသင် ပြောလိုက်ပါ – “ဤ(ကုရ်အာန်ကျမ်းတော်မြတ်)အား မိုးကောင်းကင်များနှင့်မြေပထဝီတွင်ရှိသော လျှို့ဝှက်ချက်ကို သိတော်မူသောအရှင်မြတ်က ချ ပေးတော်မူခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူ သောအရှင်မြတ်ပင် ဖြစ်တော်မူသည်။””
“ထို့ပြင် ထိုကာဖိရ်များကပြောဆိုကြသည်- ဤတမန်တော်သည် မည်သို့ တမန်တော်နည်း။ ၎င်းသည် အစားအစာကိုစားသည်။ ထို့ပြင် ဈေးများတွင် သွားလာသည်။ ၎င်း၏ထံသို့ ကောင်းကင်တမန်တစ်ပါးပါး အဘယ့်ကြောင့် စေလွှတ်ခြင်း မခံရသနည်း။ သို့ဖြစ်လျှင် ထိုကောင်းကင်တမန်သည်လည်း ၎င်းနှင့်အတူ ကူညီသတိပေးနှိုးဆော်သူဖြစ်မည်။”
“သို့မဟုတ် ၎င်း၏ထံသို့ ဘဏ္ဍာတိုက်တစ်ခု အဘယ့်ကြောင့် ချပေးခြင်းမခံရသနည်း။ သို့မဟုတ် ၎င်းတွင် ဥယျာဉ်တစ်ခုအဘယ့်ကြောင့် မရှိရသနည်း။ ထိုသို့ရှိခဲ့လျှင်၎င်းသည် ထိုဥယျာဉ်မှ (သစ်သီးဝလံများကို) စားသုံးနိုင်မည်။ ထို့ပြင် ထိုမတရားသည့်သူများက “အသင်တို့သည် စုန်းပြုစားခြင်းခံရသော ယောက်ျားတစ်ဦး၏ နောက်ကို လိုက်နေကြခြင်းပင် ဖြစ်သည်” ဟုပြောဆိုကြသည်။”
“သူတို့သည်အသင်(တမန်တော်)နှင့်ပတ်သက်၍မည်သို့ ပုံပမာများခိုင်းနှိုင်းခဲ့ကြသည် ကို အသင်ကြည့်လိုက်ပါ။ သို့ဖြစ်ရာ သူတို့သည် လမ်းလွဲခဲ့ကြပြီဖြစ်သည်။ ထို့နောက်သူတို့သည် မည်သည့်(ထွက်)လမ်းကိုမှ တွေ့ရှိနိုင်တော့မည် မဟုတ်ပေ။”
(ကျမ်းမြတ်ကုရ်အာန် ၂၅:၁-၉)
စူရာဟ် ၃ ပုဒ်ထဲတွင် အားကောင်းသည့် အာယဟ်များစွာပါဝင်နေပြီး မက္ကာန်လူမျိုးတို့အား ဒါဝဟ်ပြုလုပ်ခြင်းအကြောင်းကို ပုံဖော်ပြသထားပါတယ်။ စူရာဟ် အလ်-ရှုအရားအ်သည် လွန်လေပြီးခဲ့သည့် လူမျိုးများနှင့် သူတို့၏တမန်တော်များအကြောင်းကို အာကောင်းပြီး ဟန်ချက်ညီသည့် ပုံစံဖြင့် ဇာတ်ကြောင်းပြန်ထားသလို ကျမ်းမြတ်ကုရ်အာန်သည် ကဗျာလင်္ကာတွေထက် သာလွန်ပြောင်မြောက်ပြီး လျစ်လျူရှုလို့မရနိုင်သည့် အံ့ဖွယ်တစ်ခုဖြစ်ကြောင်းကို မက္ကာန်လူမျိုးတို့အား သတိပေးထားပါတယ်။
ထို စူရာဟ် အလ်-ရှုအရားအ်တွင် မက္ကာဟ်မှလူများအား အစ္စလာမ်နှင့် ပတ်သက်၍ ပွင့်လင်းစွာ သတိပေးနေသည့် ပထမဆုံးတိုက်တွန်းနှိုးဆော်ချက် ပါဝင်နေပါတယ်။
“ထို့ပြင် အသင်သည် အသင်၏နီးစပ်သောဆွေမျိုးသားချင်းများကို သတိပေးနှိုးဆော်ပါ”
(ကျမ်းမြတ်ကုရ်အာန် ၂၆:၂၁၄)
ထိုအာယာဟ်ကို ချပေးခဲ့ပြီးသည့်နောက် တမန်တော်မြတ်(ﷺ) သည် အစ္စလာမ်သာသနာ၏ သတင်းစကားများကို ကိုယ်တော်မြတ်၏ နီးစပ်သောဆွေမျိုးသားချင်းများကို သတိပေးနှိုးဆော်ခဲ့ပြီး တစ်ချို့မှာ အစ္စလာမ်ကို လက်ခံခဲ့ကြသလို တစ်ချို့တွေကတော့ ငြင်းဆန်နေခဲ့ကြပါတယ်။
စူရာဟ် အလ်-ရှုအရားအ်တွင် ကဗျာလင်္ကာတိုင်းက အဆိုးတွေချည့်မဟုတ်ကြောင်း သတိပေးချက်အနေဖြင့် အဆုံးသတ်ထားပါတယ်။ ကူရေ့ရှ်တို့ဟာ ကဗျာလင်္ကာများကို လူသားတို့ရဲ့ အပြစ်ကျူးလွန်မိချင်သည့် စိတ်ဆန္ဒများကို မီးလောင်ရာလေပင့်လုပ်ခြင်းနှင့် အစ္စလာမ်ကို ဆန့်ကျင်သည့် ဝါဒဖြန့်ဝေခြင်းများ ပြုလုပ်ရန် အသုံးပြုခဲ့ကြပါတယ်။ ထိုအရာကို တုံ့ပြန်ချက်အနေဖြင့် Abdullah Ibn Rawaha နှင့် Hassan Ibn Thabit တို့လို ကဗျာလင်္ကာစာပေနယ်ပယ်တွင် အထုံပါရမီပါကြသည့် ဆွဟာရ်ဘာတစ်ချို့က အစ္စလာမ်သာသနာနှင့် တမန်တော်မြတ်(ﷺ) တို့ဘက်မှ ခုခံချေပသည့် ကဗျာစာပေများကို ရေးသားဖွဲ့ဆိုခဲ့ကြပါတယ်။ ထိုကဲ့သို့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းက မွတ်စ်လင်မ်ယဉ်ကျေးမှုတိုင်းတွင် ယနေ့ခေတ်တိုင်အောင် အာကောင်းစွာ ဆက်လက်တည်မြဲနေပါတယ်။ ထိုစူရာဟ်၏ အပိတ်အာယဟ်များသည် ထိုကဲ့သို့သော ကဗျာဆရာများကို ချီးမြှောက်ထားပြီး အခြားသော ကဗျာဆရာများအား ရှုံ့ချပြစ်တင်ထားပါတယ်။
“ထို့ပြင် ကဗျာဆရာများမှာ မူ သူတို့နောက်သို့ လမ်းလွဲသူများသာ လိုက်ကြသည်။”
“အမှန်စင်စစ် သူတို့သည်(စိတ်ကူးယဉ်) လျှိုမြောင် ချောင်းရိုးတိုင်း၌ ခြေဦးလှည့် ရာ(စိတ်ကူးတည့်ရာ) သွားလာနေကြသည်ကို အသင်မမြင်လေသလော။”
“ထို့ပြင် သူတို့သည် သူတို့ မပြုလုပ်သည့်ကိစ္စကို (ပြုလုပ်ကြသည် ဟု) ပြောဆိုလေ့ရှိကြသည်။”
“သို့ရာတွင် (ကဗျာဆရာများထဲမှ) အကြင်သူများသည် ခြွင်းချက်ဖြစ်သည်၊ ထိုသူများသည် အီမာန်ယုံကြည်ခဲ့ ကြပြီး ကောင်းမြတ်သော အကျင့်သီလများကိုလည်း ဆောက်တည်ခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်အားလည်း များစွာ သတိရခဲ့ကြသည်။ ထို့ပြင် သူတို့သည် သူတို့ မတရားနှိပ်စက်မှု ခံခဲ့ကြရပြီးနောက် လက်စားချေခဲ့ကြသည်။ ထို့ပြင် မတရားနှိပ်စက်ကြသည့်သူများသည် သူတို့ မည် သည့်နေရာ ပြန်လှည့်ကြမည်ကိုမကြာမီ သိရှိကြလိမ့်မည်။”
(ကျမ်းမြတ်ကုရ်အာန် ၂၆:၂၂၄-၂၂၇)
စူရာဟ် အလ်-ဖုရ်ကာန်တွင်လည်း စစ်မှန်သည့် အီမာန်သက်ဝင်ယုံကြည်သူများ၏ အရည်အသွေးများကို ဖော်ပြပေးထားသည့် အားကောင်းသည့် အာယဟ်များနှင့် အဆုံးသတ်ထားပါတယ်။ စူရာဟ် အလ်-မုအ်အိနူးန် သည် ထို စစ်မှန်သည့် အီမာန်သက်ဝင်ယုံကြည်သူများ၏ အရည်အသွေးများအား အသေးစိတ်ဖော်ပြချက်နှင့် အစပြုထားခဲ့ပြီး စူရာဟ် အလ်-ဖုရ်ကာန်သည် အလားတူအရည်အသွေးများ၏ ပိုပြီးနက်နဲသည့် အသေးစိတ်ဖော်ပြချက်များနှင့် အဆုံးသတ်ထားပါတယ်။ ကျွန်မတို့သည် ထိုအာယဟ်များအား အပြန်ပြန်အလှန်လှန် လေ့လာ သုံးသပ်သင့်ပါတယ်။ ထိုမှသာ ကျွန်မတို့တွေဟာ ထိုပြောင်မြောက်ဖွယ်အရည်အသွေးများထဲမှ အချို့ကို အတုယူပြီး နေ့စဉ်ဘဝတွေမှာ ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။
“ထို့ပြင် ရဟ်မာန်အနန္တ ကရုဏာတော်ရှင်၏ ကျွန် များသည် အကြင်သူများပင်။ ထိုသူတို့သည်မြေပထဝီတွင် ညင်သာစွာ သိက္ခာရှိရှိဖြင့် လမ်းလျှောက်ကြသည်။ ထို့ပြင် ပညာမဲ့များသည် သူတို့ကို စကားပြောဆိုကြသည့်အခါ သူတို့သည် ငြိမ်းချမ်းသည့်စကား(စလာမ်မေတ္တာကို)ဆိုကြသည်။”
“ထို့ပြင် ထိုသူများသည် သူတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ရှေ့မှောက်တွင် စဂျီဒဟ်ဦးချလျက်နှင့် ကိယာမ်မတ်တတ်ရပ်လျက် ညကို ကုန်လွန်စေကြသည်။”
“ထို့ပြင် ထိုသူများသည် (ဤသို့)ပြောဆို လျှောက်ထားကြသည်- အို- ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ဂျဟန္နမ်ငရဲမီး ၏အပြစ်ဒဏ်ကိုကျွန်ုပ်တို့ထံမှ ဖယ်ရှားတော်မူပါ။ အမှန်စင်စစ် ထိုငရဲမီး၏အပြစ်ဒဏ်သည် ပျက်စီးမှု၊ ပြင်းထန်သည့်ဒုက္ခ၊ အဆက်မပြတ်ကျရောက် မည့်အပြစ်ဒဏ်ပင် ဖြစ်ပါသည်။”
”အမှန်စင်စစ် ထိုအရာသည် စခန်းချရာနေရာအဖြစ်သာမက နေထိုင်ရာနေရာအဖြစ်လည်း အလွန်ဆိုးဝါး လှပါသည်။”
“ထို့ပြင် ထိုသူများသည် သုံးစွဲကြသည့်အခါ မဖြုန်းတီးကြပေ၊ ထို့ပြင် မတွန့်တိုကြပေ။ ထို့ပြင် ထို(ဖြုန်းတီးမှုနှင့်တွန့်တိုမှု)ကြား တွင် အလယ်အလတ်ပင် ဖြစ်ကြသည်။
“ထို့ပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ပြီး အခြားကိုးကွယ်ရာများကို (လုံးဝ) ဟစ်ခေါ် ကိုးကွယ်မှုမပြုကြပေ။ ထို့ပြင် ထိုသူများသည် အလ္လာဟ် အရှင်မြတ်က ဟရာမ် ဟု တားမြစ်ထားသော အသက်ကိုလည်း တရား သဖြင့်မှလွဲ၍ (မတရားသဖြင့်)မသတ်ဖြတ်ကြပေ။ ထို့ပြင် သူတို့သည် တရားမဝင် ကာမလည်း မကျူးလွန်ကြပေ။ ထို့ပြင် မည်သူမဆို ထိုအပြစ်များကို ကျူးလွန်လျှင် ထိုသူသည် ပြစ်ဒဏ်နှင့်တွေ့ရမည်ဖြစ်သည်။”
“ကိယာမသ်ရှင်ပြန်ထမည့်နေ့တွင် ထို(အပြစ်များကျူးလွန်သည့်) သူအတွက် ပြစ်ဒဏ်သည် တိုးခံရမည့်အပြင် ထိုသူသည် ထိုပြစ်ဒဏ်ထဲတွင်ပင် အမြဲသေးသိမ်စွာနှင့် ခံစားနေရမည်ဖြစ်သည်။”
“သို့ရာတွင် အကြင်သူသည် (ကုဖ်ရ်ရှိရိုက်မှ) ဝန်ချတောင်းပန်ကာ အီမာန်ယုံကြည်၍ ကောင်းမြတ်သော လုပ်ရပ်ကို ပြုလုပ်ခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ မကောင်းမှုများအစား ကောင်းမှုနှင့် လဲလှယ်ပေးတော်မူမည် ဖြစ်သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသော အရှင်ဖြစ်တော်မူသည်။”
“ထို့ပြင် မည်သူမဆို (အပြစ်မှ)ဝန်ချတောင်းပန်ပြီးကောင်းမြတ်သောလုပ်ရပ်ကိုပြုလုပ်ခဲ့လျှင် အမှန်စင်စစ်ထိုသူသည် အလ္လာဟ် အရှင်မြတ်ဘက်သို့ အမှန်စင်စစ် လှည့်သည့်သူပင် ဖြစ်သည်။”
“ထို့ပြင် ထိုသူ(ရဟ်မာန်၏ကျွန်) များသည်မုသားလိမ်လည်ပြီး သက်သေ မထွက်ဆိုကြပေ။ (မုသားလိမ်ပြီး သက်သေမခံကြပေ)။ ထို့ပြင် သူတို့သည် အကျိုးမဲ့လုပ်ရပ်၏အနီးမှ ဖြတ်သန်းသွားကြသည့် အခါ၊ (မျက်လွှာချပြီး) သိက္ခာရှိရှိ ဖြတ်သန်းသွားကြသည်။”
“ထို့ပြင် ထိုသူများသည် သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ အာယသ်တော်များနှင့် ဆုံးမခြင်းခံကြရသည့်အခါ သူတို့သည် ထို အာယသ်များအပေါ်တွင် နားပင်းသူများ၊ မျက်စိကန်းသူများကဲ့သို့ကျလာကြသည်မဟုတ်ပေ။”
“ထို့ပြင် ထိုသူများသည် (အရှင်မြတ်ထံတော်တွင်)ပြောဆိုလျှောက်ထားကြသည်-“အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင် မြတ်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ဇနီးကြင်ရာများနှင့် ကျွန်ုပ်တို့၏ သားမြေးများထံမှ မျက်စိအေးမြကြည်လင်မှုကို ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်ုပ်တို့အား မှသ်သကီကြောက်ရွံ့အပြစ်ရှောင်ကောင်းကျိုးဆောင်သူများ၏ အိမာမ်ရှေ့ဆောင်အဖြစ် ပြုလုပ်တော်မူပါ။””
“ထိုသူများသည် သူတို့၏ သည်းခံကြံ့ခိုင်မှုကြောင့် (ဂျန္နသ်သုခဘုံ၏မြင့်မြတ်သည့်)အဆောင်ကို အစားပေးခြင်းခံကြရမည်ဖြစ်သည်။ ထို့ပြင်သူတို့ သည်ထိုအဆောင်များတွင် (ကောင်းကင်တမန်များ၏) လှိုက်လှဲစွာကြိုဆိုမှုနှင့် စလာမ်မေတ္တာပို့သနှုတ်ခွန်းဆက်သမှုတို့ကို ခံကြရမည်ဖြစ်သည်။”
(ကျမ်းမြတ်ကုရ်အာန် ၂၅:၆၃-၇၅)
