Skip to content

ပါရာ နှစ်ဆယ် (Juz Twenty)

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ နှစ်ဆယ်

 စူရာဟ်ကစွစွ် (အဖြစ်အပျက်အကြောင်းအရာများ ကဏ္ဍ) နှင့် စူရာဟ်အန်ကဗူးသ် (ပင့်ကူကောင်ကဏ္ဍ)သည် မက္ကာန်ခေတ်နှောင်းပိုင်းအချိန်က အခြေခံပြဿနာတစ်ချို့ကို ဦးတည်ထားသည့် မက္ကာန်ခေတ်နှောင်းပိုင်း စူရာဟ်များ ဖြစ်ကြပါတယ်။ စူရာဟ်ကစွစွ်၏ အဓိကအကြောင်းအရာသည် တမန်တော်မူစာ(عليه السلام) ၏ ဘဝဇာတ်ကြောင်းနှင့် မိသားစု၏ အရေးပါပုံအကြောင်းဖြစ်ပါတယ်။ ထို့ပြင် လမ်းညွှန်မှုသည် အလ္လာဟ်( سبحانه وتعالى ) ထံမှသာ ရနိုင်မည်ဖြစ်ကြောင်း သတိပေးချက်တစ်ခုပါဝင်နေသလို ကျွန်မတို့ရဲ့ မိသားစုတွေကို အမှန်တရားသို့ လမ်းပြပေးဖို့ဆိုတာကလည်း အမြဲတမ်းတော့မဖြစ်နိုင်ပါဘူး။

 ထိုအာယဟ်များသည် တမန်တော်မြတ်(ﷺ)၏ ဦးလေးတော် အဗူသာလစ်ဘ် ဆုံးပါးသွားချိန်တွင် ဝဟီကျလာခဲ့ခြင်းဖြစ်ပါတယ်။ အဗူသာလစ်ဘ် သည် ဘိုးဘေးဘီဘင်တို့၏ သာသနာဖြစ်သည့် အစ္စလာမ်သာသနာတွင် တမန်တော်မြတ် (ﷺ) မြဲမြံစွာရပ်တည်နိုင်ရန် ထောက်ခံအားပေးခဲ့သည့် အကြီးမားဆုံးသော ထောက်တိုင်များထဲမှ တစ်ဦး ဖြစ်ခဲ့ပါတယ်။ အဗူသာလစ်ဘ် ဆုံးပါးခါနီးတွင် တမန်တော်မြတ်(ﷺ) သည် အစ္စလာမ်သာသနာကို လက်ခံရန် ဦးရီးတော်အား အသနားခံခဲ့သော်လည်း လက်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။ အဗူသာလစ်ဘ် ဆုံးပါးချိန်တွင် အောက်ပါအာယဟ် ဝဟီကျလာခဲ့ပါတယ်။

 “အမှန်ပင် အသင်သည် အသင်နှစ်သက်သည့်သူကို တရား လမ်းမှန်သို့ ပို့ဆောင်မပေးနိုင်ပေ။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်သည် အရှင်မြတ်အလိုရှိသည့်သူကို တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ သည်။ ထို့ပြင် အရှင်မြတ်သည် တရားလမ်းမှန်ရရှိမည့်သူများကို အသိဆုံးအရှင်ဖြစ်တော်မူသည်။”

(ကျမ်းမြတ်ကုရ်အာန် ၂၈:၅၆)

 အဗူသာလစ်ဘ် ဆုံးပါးမှုသည် အလွန်ဝမ်းနည်းစရာကောင်းပြီး ကျွန်မအားလုံးတို့အတွက် နက်နဲတဲ့ သင်ခန်းစာတစ်ခုဖြစ်သည့် ကျွန်မတို့တွေဟာ လူတိုင်းကို လမ်းညွှန်မှုမပေးနိုင်ဘူးဆိုတာကိုပါ သိစေခဲ့ပါတယ်။ လမ်းညွှန်မှုဆိုတာ အမှန်တရားကို ရိုးဖြောင့်စွာစိတ်ရင်းဖြင့် ရှာဖွေသူတို့အတွက် အလ္လာဟ်( سبحانه وتعالى ) မှ ချီးမြှင့်ပေးတဲ့ လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့တွေဟာ တစ်စုံတစ်ယောက်ကို ဘယ်လောက်ပဲ ချစ်မြတ်နိုးပါစေ၊ ထိုသူတွေဟာ မာန်မာနထောင်လွှားမှုတွေ၊ မျက်ကန်းနောက်လိုက် လုပ်ခြင်းတွေ (စဉ်းစားဆင်ခြင်တွေးခေါ်မှုမရှိဘဲ သူများပြောသမျှကို ယုံကြည်ခြင်း)၊ ဒါမှမဟုတ် ဒွန္နယာဟ်မှာ လိုချင်တပ်မက်စိတ်များမှုတွေကြောင့် သူတို့ရဲ့ စိတ်နှလုံးသားကို ဖွင့်ဟမပေးဘူးဆိုရင် သူတို့နှလုံးသားကို ပြောင်းလဲသွားအောင် ကျွန်မတို့ ဘာမှလုပ်လို့မရနိုင်ပါဘူး။ ကျွန်မတို့လုပ်နိုင်တာကတော့ သက်ရှိထင်ရှားရှိနေသူတွေကို လမ်းညွှန်မှုရဖို့ ဒုအာအ်တောင်းခံပေးခြင်းနှင့် သူတို့တွေကို နူးနူးညံ့ညံ့ နှင့် အမြော်အမြင်ရှိရှိ ဟောပြောပြီး လမ်းမှန်သို့ရောက်အောင် တိုက်တွန်းနှိုးဆော်ခြင်းပဲ ဖြစ်ပါတယ်။

 စူရာဟ်အန်ကဗူးသ်တွင် အီမာန်သက်ဝင်ယုံကြည်သူတို့အတွက် စမ်းသပ်မှုတွေက ရှိနေမှာပဲဆိုတဲ့ ပြင်းထန်တဲ့ သတိပေးချက်တစ်ခုနှင့် အစပြုထားပါတယ်။

 “လူများသည် သူတို့က“ကျွန်ုပ်တို့သည် အီမာန်ယုံကြည်ခဲ့ကြပြီဖြစ်ပါသည်”ဟု ပြောကြသည့်အတွက် သူတို့သည် စမ်းသပ်ခြင်းမခံကြရဘဲလျက် လွှတ်ထားခြင်း ခံကြရမည်ဟု ထင်မှတ်ကြသလော။”

 “ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် သူတို့မတိုင်မီက သူများကိုလည်း စမ်းသပ်တော်မူခဲ့သည်။ သို့ဖြစ်ရာ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မှန်ကန်စွာ ပြောဆိုကြသောသူများကို ပေါ်လွင်ထင်ရှား သိသာစေနိုင်အောင် ပြုလုပ်တော်မူမည်ဖြစ်သည်။ ထို့ပြင်အမှန်ပင် ထိုအရှင်မြတ်သည် မုသားလိမ်လည်သူများကိုလည်း ခွဲခြားသိမြင်နိုင်အောင် ပြုလုပ်တော်မူမည်ဖြစ်သည်။”

(ကျမ်းမြတ်ကုရ်အာန် ၂၉:၂-၃)

 ထို့နောက်မှာတော့ ဘဝဆိုတာ စမ်းသပ်မှုတစ်ခုဖြစ်ပြီး အစ္စလာမ်ကိုလက်ခံလိုက်ခြင်းသည် ဤဒွန္နယာဟ်လောကမှာ ကျွန်မတို့ရဲ့ စိတ်ကူးအိပ်မက်တွေက အလိုအလျောက် အကောင်အထည်ဖော်လာနိုင်မယ်လို့ ဆိုလိုထားခြင်းမဟုတ်ကြောင်း သင်ခန်းစာတွေ ဆက်လက်ပါရှိနေပါတယ်။ မွတ်စ်လင်မ်များ၏ ပထမမျိုးဆက်သည် အစ္စလာမ်သာသနာကို လက်ခံလိုက်ခြင်းအပေါ် မယုံကြည်နိုင်လောက်စရာ အခက်အခဲများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ အီမာန်သက်ဝင်ယုံကြည်သူများအနေဖြင့် ကျွန်မတို့မျှော်လင့်ထားသင့်တာကတော့ အလ္လာဟ်( سبحانه وتعالى )သည် ကျွန်မတို့အား စမ်းသပ်မှာဖြစ်ပြီး ကျွန်မတို့တွေက ဘဝဆိုတာ အခက်အခဲကြုံရချိန်နှင့် သောကကင်းဝေးချိန် အပိုင်းအခြားနှစ်ခုအား တစ်လှည့်စီကျော်ဖြတ်ရမယ်ဆိုတာကို မျှော်လင့်ထားသင့်ပါတယ်။ ဤကမ္ဘာမြေကြီးပေါ်တွင် အောင်မြင်ကြီးပွားချမ်းသာခြင်းတစ်ခုကိုသာမျှော်လင့်ထားခြင်းသည် ထင်ယောင်ထင်မှားဖြစ်နေတဲ့ ယုံကြည်ချက်တစ်ခုသာဖြစ်ပြီး ကျွန်မတို့အတွက် ရှုံးနိမ့်မှုတွေနှင့် စိတ်ပျက်အားငယ်မှုတွေကိုသာ ဖြစ်ပေါ်လာစေပါတယ်။

 အထက်ပါအာယာဟ်သည် ဟီဂျ်ရာဟ်မပြုလုပ်ခင် မက္ကာန်ခေတ်၏ နောက်ဆုံးနှစ်များတွင် ကျလာခဲ့ခြင်းဖြစ်ပါတယ်။ ထိုအာယာဟ်က အီမာန်သက်ဝင်ယုံကြည်သူများအတွက် သိပ်မကြာခင်ဖြစ်လာမဲ့ အရာများအတွက် ကြိုတင်ပြင်ဆင်စေခဲ့ပါတယ်။ မဒီနာဟ်သို့ ရွှေ့ပြောင်းခြင်းသည် အသစ်တစ်ခု အစပြုခြင်းကို ကိုယ်စားပြုနေခဲ့ပေမဲ့လည်း မလွယ်ကူနေခဲ့ပါဘူး။ ပြဿနာအဟောင်းတွေက ပြဿနာအ‌သစ်တွေနှင့် အစားထိုးလာခဲ့ပါလိမ့်မယ်။ ကောင်းချီးအသစ်တစ်ခုချင်းစီတိုင်းက စိန်ခေါ်မှုအသစ်များနှင့် အစပြုနေခဲ့ပါတယ်။

 ဟီဂျ်ရာဟ်ပြလုပ်ခြင်းနှင့် ရာသီဥတုအသစ်၊ ယဥ်ကျေးမှုဓလေ့ထုံးတမ်းအသစ်တွေနှင့် လိုက်လျောညီထွေဖြစ်အောင်ကြိုးစားနေထိုင်ခြင်းကိုက သူတို့တွေအတွက် စမ်းသပ်မှုဖြစ်လာခဲ့ပါတယ်။ ထိုသို့ လိုက်လျောညီထွေဖြစ်အောင်ကြိုးစားနေရတဲ့ အချိန်အပိုင်းခြားတုန်းက ကြုံခဲ့ရတဲ့ ခက်ခဲမှုတွေကြားထဲက အချို့ကို နောက်မှာ ဖော်ပြထားတဲ့ အာအိရှာဟ် (رضي الله عنها) သခင်မနှင့် ဆက်စပ်နေတဲ့ ဇာတ်ကြောင်းဖြစ်စဉ်က သရုပ်ဖော်နေခဲ့ပါတယ်။

 အာအိရှာဟ်( رضي الله عنها) သခင်မမှ ဆင့်ပြန်ခဲ့ပါတယ်။

“အလ္လာဟ်( سبحانه وتعالى ) ၏တမန်တော် ( ﷺ ) မှ မဒီနာဟ်သို့ လာခဲ့ချိန်တွင် Abu Bakr( رضي الله عنه ) နှင့် Bilal ( رضي الله عنه ) သည် အဖျားရောဂါဝင်လာခဲ့ပြီးနောက် ကျွန်ုပ်မှ သူတို့နှစ်ဦးထံသို့သွားရောက်၍ “အို ကျွန်တော်မျိုးမ၏ ဖခင်၊ အသင်အဘယ်ကဲ့သို့ ခံစားနေရပါသလဲ။ အို Bilal ( رضي الله عنه ) ၊ အသင်အဘယ်ကဲ့သို့ ခံစားနေရပါသလဲ။” ဟု မေးမြန်းခဲ့ပါတယ်။
Abu Bakr (رضي الله عنه) ၏ အဖျားဆိုးရွားလာချိန်တိုင်းတွင် သူက ထိုသို့ပြောပါလိမ့်မည် “လူတိုင်းဟာ တစ်နေ့မှာတော့ သေခြင်းတရားနှင့် ရင်ဆိုင်ကြုံတွေ့ရမှာပါပဲ။ သူ့ခြေထောက်နှင့် သူ့လည်သာ ဖိနပ်ချည်ထားသည့် ကြိုးတို့ နီးကပ်မှုရှိသည်ထက် သူ့အတွက် သေခြင်းတရားသည် ပို၍ပို၍ နီးကပ်လာနေပါပြီ”
ထို့အတူ Bilal ( رضي الله عنه ) အဖျားကျသွားတိုင်း သူက အသံကျယ်ကျယ်နှင့် ပြောပါလိမ့်မည် “မက္ကာဟ် မှ တောင်ကြားထဲက Jalil (မြက်ပင်တစ်မျိုး) တို့အနားကနေ ဇိကိရ်စိတ်ရင်း တစ်ညလောက် နေထိုင်နိုင်ခွင့်ရှိဦးမလား၊ Mijannah မှ ရေကို တစ်နေ့လောက် သောက်သုံးနိုင်ခွင့် ရရှိနိုင်မလား၊ Shamah နှင့် Tafil တောင်ကုန်းတို့ကို နောက်တစ်ကြိမ်ပြန်လည်မြင်တွေ့နိုင်ခွင့် ပြန်လည်ရရှိနိုင်မလား”
ထို့နောက်မှာတော့ ကျွန်ုပ်သည် တမန်တော်မြတ်( ﷺ ) ထံသို့ သွားခဲ့ပြီး ထိုအကြောင်းအရာတွေကို ပြောပြခဲ့ပါတယ်။ တမန်တော်မြတ်( ﷺ ) မှ တောင်းဆုဒုအာအ်ပြုခဲ့ပါတယ် “အို အလ္လာဟ်အရှင်မြတ်၊ ကျွန်ုပ်တို့အား မက္ကာဟ်ကို ချစ်မြတ်နိုးတာထက် မဒီနာဟ်ကို ချစ်မြတ်နိုးအောင် ပြုလုပ်ပေးသနားတော်မူပါ။ အို အလ္လာဟ်အရှင်မြတ်၊ ထိုသူတို့အား ကျန်းမာအောင်ပြုလုပ်ပေးသနားတော်မူပြီး ကောင်းချီးမြောက်များစွာ ပေးသနားတော်မူပါ၊ ထိုသူတို့၏ အဖျားကိုလည်း Al-Juhfa သို့ သယ်ဆောင်ပေးသွားတော်မူပါ””
(Sahih al-Bukhari, no. 3926)

 ဒီပါရာ နှစ်ဆယ်မှ အာယဟ်များစွာတို့က ဘဝဆိုတာ စမ်းသပ်မှုတစ်ခုဖြစ်တယ် ဆိုတဲ့အချက်ကို ထပ်ခါထပ်ခါ ပုံဖော်ထားပါတယ်။ အီမာန်သက်ဝင်ယုံကြည်သူတို့သည် ဤဒွန္နယာဟ်မှာ ဆက်တိုက် အပူပင်ကင်းမဲ့ခြင်းမျိုးရှိနေတဲ့ ဘဝတစ်ခု ကို မျှော်လင့်ထားလို့ မရပါဘူး။ ဒါက ကျွန်မတို့ ဂျန္နဟ်မှာပဲ မျှော်လင့်လို့ရတာဖြစ်ပါတယ်။ ဤဒွန္နယာဟ်လောကဆိုတာက စမ်းသပ်မှုနှင့် လွယ်ကူမှု၊ ခက်ခဲမှုနှင့် စိတ်သက်သာရာရမှု၊ ကောင်းသောအချိန်နှင့် ဆိုးသောအချိန်တွေ ရောယှက်နေတာပဲ ဖြစ်ပါတယ်။ 

Qur'an Reflection (Asbab ul-Nuzul)

ပါရာ တစ်ဆယ့်ကိုး (Juz Nineteen) ပါရာ နှစ်ဆယ့်တစ် (Juz Twenty one)

Leave a Reply

Your email address will not be published. Required fields are marked *