Skip to content

ပါရာ သုံးဆယ် (Juz Thirty)

အာယဟ်တော်များချပေးရခြင်း အကြောင်းရင်းများ၏ အကျဉ်းချုပ် | ပါရာ သုံးဆယ်

ကျမ်းမြတ်ကုရ်အာန်ထဲမှ ပါရာသုံးဆယ်သည် စာဖတ်ပရိတ်သတ်အများစုနှင့် ရင်းနှီးမှုအများဆုံး ပါရာတစ်ပုဒ် ဖြစ်ပါတယ်။ ပါရာသုံးဆယ်ထဲမှ စူရာဟ်များသည် တိုတောင်းကျစ်လစ်မှုကြောင့် ကျမ်းမြတ်ကုရ်အာန်ထဲတွင် အာဂုံဆောင်မှုအများဆုံးနှင့် ရွတ်ဆိုမှုအများဆုံးထဲမှ လည်း ဖြစ်ပါတယ်။ ပါရာနှစ်ဆယ့်ကိုးကဲ့သိုပင် ပါရာသုံးဆယ်ထဲမှ စူရာဟ်အများစုသည် မက္ကာန်ခေတ်အစောပိုင်းအချိန်တွင် ဝဟီကျလာခဲ့သည့် စူရာဟ်များ ဖြစ်ပါတယ်။ ထိုထဲမှ စူရာဟ်အများစုတွင် ဝဟီချပေးခြင်း၏ တိကျသည့်အကြောင်းရင်းများစွာ ရှိနေကြပြီး စီရာဟ်နှင့် တိုက်ရိုက်ချိတ်ဆက်နေကြပါတယ်။

စူရာဟ် နဗအ် (ကြီးကျယ်သည့်သတင်း ကဏ္ဍ) သည် ကိယာမဟ်နေ့ အယူအဆနှင့် ပတ်သက်၍ ကူရေ့ရှ်တို့၏ မေးခွန်းများကို တုံ့ပြန်သည့်အနေဖြင့် ဝဟီကျလာခဲ့ခြင်းဖြစ်ပါတယ်။ ယခုပါရာထဲမှ စူရာဟ်အများစုသည် ကိယာမဟ်နေ့အကြောင်းကို ကွင်းကွင်းကွက်ကွက် အသေးစိတ်ဖော်ပြထားပါတယ်။ ကိယာမဟ်နေ့နှင့် အာခေရဟ်အကြောင်းအရာသည် မက္ကာဟ်မှ ပေကန်တို့အတွက် ထူးဆန်းတဲ့အယူအဆတစ်ခု ဖြစ်နေခဲ့ပါတယ်။ အာရေဗျကျွန်းဆွယ်မှ ဂျူးတို့နှင့် ခရစ်ယာန်တို့မှ ထိုအယူအဆကို ယုံကြည်ခဲ့ကြသော်လည်း ပေကန်တို့အတွက်ကတော့ ဒါနှင့် ပတ်သက်ပြီး သိပ်မစဉ်းစားမိခဲ့ကြပါဘူး။ ထိုအတွက်ကြောင့် အစောပိုင်း မက္ကာန်ဝဟီများတွင် နောက်ဆုံးအချိန်နှင့် ပတ်သက်၍ အသေးစိတ်ဖွဲ့ဆိုချက်များစွာနှင့် သတိပေးချက်များစွာ ပါဝင်နေပါတယ်။ ပါရာသုံးဆယ်တွင် နောက်ဆုံးအချိန်များနှင့် ပြန်လည်ရှင်သန်ထမြောက်ခြင်း အကြောင်းကို ဖော်ပြထားသည့် စူရာဟ် အနည်းဆုံး ဆယ်ပုဒ် ပါဝင်နေပါတယ်။

စူရာဟ် အဗစ (သူမျက်မှောင်ကြုတ်ခဲ့သည့် ကဏ္ဍ)တွင် ဝဟီကျခြင်းအတွက် အရမ်းကိုထင်ရှားသည့် အကြောင်းအရင်းများထဲမှ တစ်ခုပါဝင်နေပါတယ်။ အစောပိုင်းမက္ကာန်ကာလအတွင်းတွင် လူထုအတွင်းမှ အင်အား၊ ရာထူးအားနည်းသည့်လူများစွာတို့သည် အစ္စလာမ်သာသနာကို လက်ခံခဲ့ကြပါတယ်။ မက္ကာဟ်မှခေါင်းဆောင်တွေသည် ဆင်းရဲနွမ်းပါးပြီး ချို့တဲ့အားနည်းသူတို့ကို အလွန်အထင်အမြင်သေးတတ်ကြပြီး ထိုဖြစ်ရပ်အပေါ် စိတ်မသက်မသာဖြစ်ခဲ့ကြပါတယ်။ တစ်ကြိမ်တွင် တမန်တော်မြတ်(ﷺ) သည် မက္ကာန်မှ အကြီးအကဲတစ်ဦးဖြစ်သူ ဝါလစ်ဒ် အစ်ဗ္ဗနု မူ‌ဂေးရာဟ် အား အစ္စလာမ်သာသနာကို လက်ခံယုံကြည်ရန် ဒါဝဟ်ပြုလုပ်ဖို့ ကြိုးပမ်းနေချိန်တွင် တမန်တော်မြတ်(ﷺ) အား မျက်မမြင်ဆွဟာဗဟ်တစ်ဦးဖြစ်သူ အဗ္ဗဒုလ္လာဟ် အဗ်နု အွမ္မိ မက္ကသူမ် (رضي الله عنه) မှ အာယဟ်တစ်ချို့ အကြောင်းကို အကြံဉာဏ်တောင်းရန် အခြေအနေအချိန်အခါ မသိဘဲ ချဉ်းကပ်လာခဲ့ပါတယ်။

ဝါလစ်ဒ်သည် ထိုမျက်မမြင်လူတစ်ဦးကို မျက်စိရှေ့မြင်ရသည့်အခါ ပစ်ပစ်ခါခါ ငြင်းပယ်ခဲ့သဖြင့် ထိုဖြစ်ရပ်အတွက် တမန်တော်မြတ်(ﷺ) မှာ လွန်စွာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပြီး စိတ်ခံစားချက်ကို ထိန်းချုပ်ကာ မျက်မှောင်ကြုံ့ခဲ့ပါတယ်။ တမန်တော်မြတ်(ﷺ) ထိုသို့ဖြစ်ခဲ့သည့်အတွက် လူအများရဲ့ အမြင်မှာ အင်အားနည်းနေသူဖြစ်နေတယ်ဆိုရင်တောင် အီမာန်ရှင်များကို ကာဖိရ်များထက် ပိုမိုဦးစားပေး ဆက်ဆံဖို့ သတိပေးသည့်အနေဖြင့် စူရာဟ် အဗစ ဝဟီကျလာခဲ့ပါတယ်။ ထိုစူရာဟ်ကို တမန်တော်မြတ်(ﷺ) ၏ တမန်တော်ဘဝ သက်သေတစ်ခုအဖြစ်လည်း မှတ်ယူကြပါတယ်။ အဘယ့်ကြောင့်ဆိုသော် တမန်တော်အတုအယောင်တစ်ယောက်ရဲ့ အပြုအမှုတစ်ခုကို ပြင်ပေးဖို့အတွက် ဝဟီကျလာခြင်းမျိုး မရှိခဲ့လို့ပဲ ဖြစ်ပါတယ်။

နောက်ထပ် ခိုင်လုံသည့်အကြောင်းအရင်းတစ်ခုကြောင့် ဝဟီကျလာခဲ့သည့် စူရာဟ်ကတော့ စူရာဟ် အလ်-အလတ်က် (သွေးခဲကဏ္ဍ) ပဲဖြစ်ပါတယ်။ စူရာဟ် အလတ်က်၏ ပထမဆုံး ၅ အာယဟ်များသည် ပထမဆုံး ဝဟီကျခဲ့သည့် အာယဟ်များဖြစ်ကြောင်းကို တညီတညွတ်တည်း သဘောတူလက်ခံပြီးသားဖြစ်ပါတယ်။ စူရာဟ်၏ ကျန်အာယဟ်များသည် အဗူဂျဟ်လ် ပါဝင်နေသည့် ဖြစ်စဉ်တစ်ခုအပြီး နှစ်အနည်းငယ်အကြာမှသာ ဝဟီကျလာခဲ့ပါတယ်။ စူရာဟ်၏ ပထမ ၅ အာယဟ်သည် သာသနာ၏အခြေခံအုတ်မြစ်အနေဖြင့် အသိပညာ၏ အရေးပါပုံကို ရည်ညွှန်းထားပြီး ကျန်အပိုင်းသည် ခေါင်းမာလွန်းသည့် ကာဖိရ်များအား အပြစ်တင်ထားပါတယ်။ ထိုအာယဟ်များသည် အဗူဂျဟ်လ် ကို တိုက်ရိုက်ဦးတည် ရည်ညွှန်းထားပေမဲ့ နောက်ဆုံးအချိန်ထိ အဗူဂျဟ်လ့်ခြေရာလိုက်နင်းသည့် သူတိုင်းကို ရည်ညွှန်းခြင်းလည်း ဖြစ်ပါတယ်။

ပထမဆုံးဝဟီကျခြင်းသည် တမန်တော်မြတ်(ﷺ)၏ သက်တော် ၄၀ နှစ်အတွင်းတွင် ဟီရာလိုက်ဏ်ဂူထဲ၌ ဖြစ်ပွားခဲ့ပါတယ်။ တမန်တော်မြတ်(ﷺ) သည် ဘဝ၏ရည်ရွယ်ချက်(Purpose of life) အပေါ်မှာ သုံးသပ်ဆင်ခြင်နေခဲ့ချိန်တွင် ကောင်းကန်တမန် ဂျိဗရီးလ်(عليه السلام) မှ ကိုယ်တော့် ရှေ့မှောက် ကိုယ်ထင်ပြပြီး ထွေးပွေ့ကာ ပထမဆုံးအာယဟ်အတိုင်း ရွတ်ဆိုရန် မေးမြန်းခဲ့ပါတယ်။ ကိုယ်တော်မြတ်(ﷺ) က မည်သို့ရွတ်ဆိုရန်မသိကြောင်း တုံ့ပြန်ခဲ့ချိန်တွင် ကောင်းကန်တမန် ဂျိဗရီးလ်(عليه السلام) မှ ရွတ်ဆိုရန် နှစ်ကြိမ်တိုင်တိုင် ထပ်မံမေးမြန်းခဲ့ပြီးနောက် စူရာဟ် အလ်-အလတ်က်၏ ပထမ ၅ အာယဟ်ကို ကိုယ်တော်မြတ်အား ရွတ်ဆိုပြခဲ့ပါတယ်။ ထိုပထမအာယဟ်များသည် ဖန်ဆင်းရှင်၏ ရပိုင်ခွင့်များနှင့် စစ်မှန်သည့် အသိပညာဗဟုသုတကို အခြေခံ၍ ကျွန်မတို့၏ သာသနာအပေါ် သက်ဝင်ယုံကြည်မှုကို ဆောက်တည်ရန် အရေးကြီးကြောင်း ခိုင်မာသည့် သတိပေးချက်အနေဖြင့် ဖော်ဆောင်နေပါတယ်။

အစောပိုင်း မက္ကာန်ကာလများအတွင်းတွင် လ အနည်းငယ်ကြာသည့်တိုင်အောင် ဝဟီမကျလာခဲ့ပါဘူး။ ထိုကဲ့သို့ ဝဟီမရခြင်းအပေါ် အလ္လာဟ်(سبحانه وتعالى) သည် ကိုယ်တော်မြတ်အား တမန်တော်အဖြစ်မှ စွန့်ပစ်ခဲ့ပြီလားဟု စိတ်ပူပင်မှုဖြစ်ခဲ့၍ ကိုယ်တော်မြတ်မှာ အလွန်ပင်ဝမ်းနည်းခဲ့ပါတယ်။ ထိုအကြောင်းကို တုံ့ပြန့်သည့်အနေဖြင့် စူရာဟ် ဿွုဟာ (နေတက်ချိန်ကဏ္ဍ) ကျလာခဲ့သလို ထိုစူရာဟ်နောက်တွင် စူရာဟ် ရှရ်ဟ် (အသိဉာဏ်ပွင့်ခြင်းကဏ္ဍ) ဝဟီကျလာခဲ့ပါတယ်။ ထိုစူရာဟ်နှစ်ပုဒ်လုံးသည် အနာဂတ်နှင့်ပတ်သက်၍ အကောင်းမြင်စိတ်မွေးခြင်း၏ အကြောင်းအရာကို ဖော်ပြထားပါတယ်။ ကျမ်းမြတ်ကုရ်အာန် ၉၃:၅ အာယာဟ်အရ အလ္လာဟ်( سبحانه وتعالى ) သည် တမန်တော်မြတ် အား အနာဂတ်သည် အတိတ်ထက် ပို၍ သာလွန်ကောင်းမည်ဖြစ်ကြောင်းကို ကတိပြုခဲ့သလို ကျမ်းမြတ်ကုရ်အာန် ၉၄:၅-၆ အာယဟ်များအရ အခက်အခဲတိုင်း၏နောက်တွင် လွယ်ကူမှုလိုက်လာမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ထိုစူရာဟ်နှစ်ပုဒ်သည် အချိန်ကြာမြင့်လာသည့်အခါ စကားပုံများ ဖြစ်လာခဲ့ပြီး မွတ်စ်လင်မ်တို့သည် ခက်ခဲချိန်ရောက်ချိန်တိုင်း တစ်ဦးနှင့်တစ်ဦး ထိုအကြောင်းကို သတိပေးကြလေ့ရှိပါတယ်။ လတ်တလောအချိန်များတွင် ထိုစူရာဟ်များသည် စိတ်ကျခြင်းနှင့် စိတ်ဒဏ်ရာများကို ကုစားရာတွင် အခြေခံအစ္စလာမ့်ချဥ်းကပ်မှုနည်းလမ်းလည်း ဖြစ်လာခဲ့ပါတယ်။
ပါရာသုံးဆယ်ထဲမှ စူရာဟ်များစွာသည် အစောပိုင်းမက္ကာန်ခေတ်တွင် တမန်တော်မြတ်(ﷺ) ၏ ဘဝခရီးအကြောင်းကို ပြသနေပါတယ်။ စူရာဟ် အလ်-အလတ်က် သည် ပထမဆုံးဝဟီကျခြင်းနှင့် အဗူဂျဟ်လ်ကဲ့သို့ လူများနှင့် ဆန့်ကျင်ခဲ့ရသည့် ကိုယ်တော်မြတ်၏ အခက်အခဲများကို သတိပေးနေပါတယ်။ စူရာဟ် အဗစ သည် အစ္စလာမ်သာသနာကို လက်ခံခဲ့သည့် လူများ၏ အရည်အချင်းနှင့် အစ္စလာမ်သာသနာကိုငြင်းပယ်သူများ၏ မာန်မာနထောင်လွှာမှုများကို ပြသနေပါတယ်။ စူရာဟ် ကုရိုင်းရှ် (ကုရိုင်းရှ် အမျိုးသားများကဏ္ဍ) နှင့် စူရာဟ် ဖီးလ် (ဆင်ကဏ္ဍ)တို့တွင် အလ္လာဟ်( سبحانه وتعالى ) သည် ကူရေ့ရှ်တို့အား ပိုမိုများပြားသည့်ကောင်းချီးများကို ခံစားခွင့်ပေးခဲ့ပြီး သူတို့တွေရဲ့ အီမာန်အပေါ်သက်ဝင်ယုံကြည်မှုမရှိခြင်းက ပိုပြီးဆိုးရွားလာကြောင်းကိုလည်း သတိပေးချက်များ ပါဝင်နေပါတယ်။ စူရာဟ် သဗ်ဗသ် (ပျက်စီးပါစေကဏ္ဍ) (သို့) စူရာဟ် အလ်-မအ်စအ်ဒ် (စွန်ပလွံလျှော်ကဏ္ဍ) တွင် တမန်တော်မြတ်(ﷺ) ၏ မိသားစုအရင်းအချာများတွင်တောင် အစ္စလာမ်သာသနာကို ပြင်းထန်စွာ ငြင်းပယ်ခဲ့သူများရှိနေခဲ့ကြပြီး ကိုယ်တော်မြတ်၏ ဒေါသကြီးသော ဦးလေးတော် အဗူလဟဗ်ကဲ့သို့ ကိုယ်တော်မြတ်ကို ဝမ်းနည်းပူဆွေးမှုခံစားရစေသူများရှိကြောင်းကို သတိပေးထားပါတယ်။

”ထို့ပြင် မကြာမီ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်ကျေနပ်အောင်ထိအသင့်အား အမှန်ပင် ပေးသနားတော်မူမည် ဖြစ်သည်။

(ကျမ်းမြတ်ကုရ်အာန် ၉၃: ၅)

”ထို့နောက်အမှန်စင်စစ် ခက်ခဲမှုနှင့်အတူလွယ်ကူမှုရှိသည်။”

” အမှန်စင်စစ် ခက်ခဲမှုနှင့်အတူလွယ်ကူမှုရှိသည်။”

(ကျမ်းမြတ်ကုရ်အာန် ၉၄: ၅-၆)

ပါရာသုံးဆယ်၏ အဆုံးသတ်နားတွင် နောက်ဆုံးဝဟီကျခဲ့သည့် စူရာဟ်များထဲမှ တစ်ပုဒ်ဖြစ်သည့် စူရာဟ် နာစ် (လူသားများကဏ္ဍ) ပါဝင်ပါတယ်။ စူရာဟ် နာစ်သည် စီရာဟ်ဖြစ်စဉ်၏ အစအဆုံးကို ဖော်ပြထားပါတယ်။ တမန်တော်မြတ်(ﷺ)၏ တမန်တော်တာဝန်သည် အက္ကရာ (ဖတ်ပါ) နှင့် အစပြုထားခဲ့ပြီး အစပိုင်းတွင် ကြီးကျယ်သည့် ဆန့်ကျင်မှုများကို ရင်ဆိုင်ခဲ့ရကာ အဆုံးသတ်တွင် လူပေါင်းမြောက်များစွာ အစ္စလာမ်သာသနာသို့ ဝင်ရောက်လာခဲ့ကြပါတယ်။

”ထို့ပြင် အသင်(တမန်တော်)သည်လူများအား အလ္လာဟ်အရှင် မြတ်၏ဒီန်သာသနာတော်တွင် အသင်းလိုက်အဖွဲ့လိုက်ဝင်ရောက်နေသည်ကိုတွေ့မြင်သည့်အခါ”

(ကျမ်းမြတ်ကုရ်အာန် ၁၁၀:၂)

တမန်တော်ဘဝ၏ အနှစ်နှစ်ဆယ်စာ ပန်းတိုင်အတွင်း အစ္စလာမ်သာသနာ လျင်မြန်စွာကြီးထွားလာခြင်းသည် အလွန်ပင် အံ့အားသင့်စရာကောင်းလှပါတယ်။ ထိုထက်ပို အံ့အားသင့်ဖွယ်ကတော့ ကြီးထွားမှု (အင်အားများပြားလာမှု)က တမန်တော်မြတ်(ﷺ) ဆုံးပါးသွားခဲ့ပေမယ့် မရပ်တန့်သွားခဲ့ပါဘူး။ တဖြည်းဖြည်း ဆက်လက်တိုးပွားကြီးထွားခဲ့သလို နှစ်ပေါင်းထောင်စုကျော်ကြာသည့်တိုင်အောင် ယနေ့အထိ ဆက်လက်တိုးပွားနေခဲ့ပြီး ကမ္ဘာ့လူဦးရေ လေးပုံတစ်ပုံသည် မွတ်စ်လင်မ်များဖြစ်ကြပြီး နေ့တိုင်း အစ္စလာမ်သာသနာကို လူများစွာက လက်ခံလာနေကြပါတယ်။

တမန်တော်မြတ်(ﷺ) ကဲ့သို့ နောက်လိုက်များစွာရှိခြင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်အတွင်း မည်သည့် တမန်တော်တွင်မျှ မရှိခဲ့ဖူးတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ကောင်းချိန်ရော ဆိုးချိန်များတွင်ပါ အစ္စလာမ်သာသနာလျင်မြန်စွာတိုးပွားလာနေခြင်းနှင့် မွတ်စ်လင်မ်တို့သည် နိုင်ငံရေးအရ အင်အားနည်းပါးသည့် အခြေအနေတစ်ခုတွင်တောင် ဆက်လက်တိုးပွားလာနေခြင်းသည် တမန်တော်မြတ်(ﷺ) မိန့်ကြားချက်များ မှန်ကန်ခြင်း၏ နောက်ထပ် သက်သေတစ်ခုလည်း ဖြစ်ပါတယ်။

တမန်တော်မြတ်(ﷺ) မှ ကြိုတင်‌‌ဟောကိန်းထုတ်ခဲ့ပါတယ်။ “နေ့နှင့်ည ကူးပြောင်းလာသည်နှင့်အမျှ အစ္စလာမ်သာသနာသည် နေရာလပ်မကျန် သေချာပေါက် ကျရောက်လိမ့်မည်။ အလ္လာဟ်( سبحانه وتعالى ) သည် အစ္စလာမ်သာသနာကို အိမ်ကြိုအိမ်ကြားမကျန် နေရာတိုင်းကို ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ဂုဏ်သိက္ခာရှိသူများသည် ဂုဏ်ပြုအရိုအသေအပေးခံရမည်ဖြစ်ပြီး ရှက်ဖွယ်ကောင်းသည့် ဆိုးရွားသူများသည် အရှက်တကွဲဖြစ်လာပါလိမ့်မည်။”
(Musnad Ahmad, no. 16957)

တမန်တော်မြတ်(ﷺ) မှ အထက်ပါအကြောင်းကို သာသနာများသည် သီးသန့်မြေနေရာများတွင်သာအများစု လိုက်နာနေခဲ့ကြပြီး မည်သည့်သာသနာကိုမျှ ကမ္ဘာနှင့်အဝှမ်း မလိုက်နာကြသေးချိန်က မိန့်တော်မူခဲ့ခြင်းဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ အစ္စလာမ်သာသနာကို ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံတိုင်းတွင် တွေ့နိုင်သည့်အတွက် ထိုဟောကိန်းသည် Globalization (ကမ္ဘာအနှံ့ဖြစ်စဉ်) မှတစ်ဆင့် မှန်ကန်ကြောင်း ကျွန်မတို့သိရှိနိုင်ပါတယ်။

ပါရာသုံးဆယ်သည် အကာအကွယ်ပေးသည့်စူရာဟ်နှစ်ခုဖြစ်သည့် စူရာဟ် ဖလတ်က် (အရုဏ်တက်ချိန်ကဏ္ဍ) နှင့် စူရာဟ် နာစ် (လူသားများကဏ္ဍ)တို့ဖြင့် အဆုံးသတ်ထားပါတယ်။ ပါရာသုံးဆယ်သည် အလ္လာဟ်( سبحانه وتعالى ) ထံမှ လမ်းညွှန်မှုကိုနေ့စဉ်တောင်းခံရန် သတိပေးချက်ဖြင့် အစပြုထားပြီး လမ်းမှားရောက်ခြင်းနှင့် မကောင်းဆိုးဝါး (ရှိုင်တွာန်) တို့၏ သွေးဆောင်ဖြားယောင်းမှုရန်မှ ကာကွယ်မှုပေးရန်တောင်းခံဖို့ သတိပေးချက်ဖြင့် အဆုံးသတ်ထားပါတယ်။ ထိုစူရာဟ်များသည် သတိပေးချက်အနေနဲ့ အရေးကြီးရုံသာမက ကျွန်မတို့နေ့စဉ်ရွတ်ဆိုသင့်သည့် အားကောင်းသည့် ဒုအာအ်များလည်း ဖြစ်ကြပါတယ်။ ကျမ်းမြန်ကုရ်အာန်မှ သတင်းစကားများ (အာယဟ်များ) သည် အစနှင့် အဆုံး ဒုအာအ်များဖြင့် အကြောင်းအရာပြည့်စုံစွာ ပါဝင်နေပါတယ်။ ကျွန်မတို့အားလုံးအား မှန်ကန်သည့်လမ်းကြောင်းပေါ်တွင် မြဲမြံစွာရပ်တည်နိုင်ရန်နှင့် လူသားများနှင့် ဂျင်န်များအကြား မကောင်းဆိုးဝါး၏ တီးတိုးလှုံ့ဆော်သံများမှ ကာကွယ်မှုပေးရန် အလ္လာဟ်( سبحانه وتعالى ) ထံတော်တွင် အကူအညီတောင်းခံအပ်ပါတယ်။ အာမီန်း။ 

Qur'an Reflection (Asbab ul-Nuzul)

ပါရာ နှစ်ဆယ့်ကိုး (Juz Twenty Nine)

Leave a Reply

Your email address will not be published. Required fields are marked *