Skip to content

အပိုင်း (၁) Fiqh (ဖိက်ဟ်) ဆိုတာဘာလဲ။

Fiqh (ဖိက်ဟ်) ရဲ့ မူလအဓိပ္ပာယ်က “စစ်မှန်တဲ့ နားလည်သဘောပေါက်ခြင်း” ဖြစ်ပါတယ်။ တမန်တော်မြတ် ﷺ သက်ရှိထင်ရှားခဲ့စဉ်အခါတုန်းက အရာအားလုံးက လွယ်ကူရိုးရှင်းခဲ့တယ်။ အကြောင်းအရာတစ်ခုခုနှင့် ပတ်သက်ပြီး လူတွေက သိချင်လာခဲ့ကြရင် “ဒီအရာက ဟလာလ် (လုပ်ပိုင်တဲ့အကြောင်းအရာ)လား” လို့မေးကြတဲ့အခါ တမန်တော်မြတ်ကြီးက ဖြေကြားပေးပါလိမ့်မယ်။ ဒီမှာတင် အဖြေကရှင်းသွားခဲ့ပါပြီ။

ဒါပေမဲ့ တမန်တော်မြတ် ﷺ အလ္လာဟ့်အမိန့်တော်ခံခဲ့ပြီးနောက်မှာတော့ အစ္စလာမ် သာသနာဟာ အာရေဗျကနေ ပါရှား၊ ပါရှားကနေ စပိန်သို့ ပြန့်ပွားလာခဲ့တယ်။ အဲ့နောက်မှာတော့ အရင်တုန်းက လုံးဝမရှိခဲ့တဲ့အကြောင်းအရာတွေ၊ အခြေအနေအသစ်တွေ အများကြီးပေါ်ပေါက်လာခဲ့ပါတယ်။

မွတ်စ်လင်မ်မဟုတ်တဲ့ အခြားလူမျိုးတွေနှင့် ကျွန်မတို့တွေ ဘယ်လိုအရောင်းအဝယ်လုပ်ကြမလဲ။

သဲကန္တာရကိုဖြတ်ပြီး ခရီးသွားနေစဉ်မှာ နမားဇ်ချိန်လွတ်တော့မယ်ဆိုရင် ဘာဖြစ်ကြမလဲ။

တမန်တော်မြတ် ﷺ ထံတော်မှ တိုက်ရိုက်လေ့လာသင်ယူခွင့်ရခဲ့တဲ့ သာဝကကြီးတွေက ကိစ္စတိုင်းကို လေးနက်သေချာစွာ ဆန်းစစ်ခဲ့ကြတယ်။ တမန်တော်မြတ်ကြီး၏အဆုံးအမတွေထဲက သူတို့မှတ်မိနေသေးတဲ့အကြောင်းအရာတွေ၊ ကျမ်းမြတ်ကုရ်အာန်ထဲက မိန့်ကြားချက်တွေကို အခြေခံပြီး ပေါ်ပေါက်လာခဲ့တဲ့ ပြဿနာအသစ်အသစ်တွေကို ဖြေရှင်းခဲ့ကြတယ်။

ဒါက ဖိက်ဟ် ဖြစ်လာတာပါ။ ဖိက်ဟ်ဆိုတာဟာ ဘဝရဲ့ အမြဲတမ်းပြောင်းလဲနေတဲ့ အခြေအနေတွေအများကြီးထဲမှာ အစ္စလာမ်သာသနာရဲ့ အဆုံးမရှိတဲ့ ထာဝစဉ်မှန်ကန်တဲ့ နိယာမတွေ၊ အခြေခံသ‌ဘောတရားတွေကို ဘယ်ပုံဘယ်နည်းနဲ့ ကျင့်သုံးရမလဲဆိုတာကို နားလည်သဘောပေါက်တဲ့ သိပ္ပံပညာတစ်ရပ် ဖြစ်ပါတယ်။

ဖိက်ဟ် ဟာ စည်းမျဉ်းစည်းကမ်းပါ ဆိုတာထက် ပိုပါတယ်။

ဖိက်ဟ်ရဲ့ အဓိကကျတဲ့ အချက်ကတော့ “ဒါတွေကိုလုပ်၊ ဒါတွေကိုရှောင်” ဆိုတဲ့ အချက်တွေစုထားတဲ့ စာရင်းတစ်ခုထက် သာလွန်နေတာပါပဲ။

အစ္စလာမ့်ပညာရှင်တွေက အမြဲမေးလေ့ရှိပါတယ်။ “ဒီအချက်ကိုလိုက်နာဖို့ အလ္လာဟ်(سبحانه وتعالى) မှ ဘာကြောင့် မိန့်တော်မူခဲ့တာလဲ”၊ “ဒီတားမြစ်ချက်ရဲ့နောက်ကွယ်မှာ ဘယ်လိုအသိဉာဏ်ရှိတဲ့ဆုံးဖြတ်ချက်တွေပါဝင်နေတာလဲ” စသဖြင့်ပေါ့။

သူတို့တွေက စည်းမျဉ်းတွေကို သိရုံနဲ့တင် မကျေနပ်ခဲ့ကြပါဘူး။ ဒီစည်းမျဉ်းတွေရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ချင်ခဲ့ကြပါတယ်။

ဒီလိုလေး ပိုနားလည်အောင် စဉ်းစားကြည့်ကြရအောင်…

  • Shari’ah (ရှရီယာဟ်) တရားတော်သည် အလ္လာဟ်(سبحانه وتعالى) မှ ချမှတ်ထားသည့် ဥပဒေတစ်ရပ်ဖြစ်ပြီး အမြဲတမ်းပြီးပြည့်စုံပြီး ပြောင်းလဲခြင်းမရှိသည့် တရားတော် ဖြစ်ပါသည်။
  • ဖိက်ဟ်သည် ထိုကဲ့သို့ ရှရီယာဟ်တရားတော်/ဥပဒေကို လူသားအနေဖြင့်နားလည်သဘောပေါက်ခြင်း တနည်းအားဖြင့် ပညာရှင်များရဲ့ အဓိပ္ပါယ်ရှင်းလင်းပြန်ဆိုချက်များပဲဖြစ်ပါတယ်။
  • ဖိက်ဟ်က လူသားတွေရဲ့ နားလည်နိုင်စွမ်းနဲ့ အဓိပ္ပါယ်ရှင်းလင်းပြန်ဆိုချက်ဖြစ်သည့်အတွက် ပညာရှင်တစ်ဦးနှင့်တစ်ဦးကြားသဘောထားကွဲလွဲတာမျိုး ရှိနေနိုင်ပါတယ်။ (ဒါကလည်း ဖြစ်နိုင်တဲ့အချက်တစ်ခုဖြစ်ပါတယ်)
ကျွန်မတို့လို ပညာရှင်မဟုတ်တဲ့ သာမာန်လူသားတွေအနေနဲ့ကရော ဖိက်ဟ်ကို ဘာလို့နားလည်ဖို့ သိဖို့ အ‌ရေးကြီးတာလဲ။

“ဒီအလုပ်ကို ငါယူလိုက်သင့်လား”၊ “ ဒီလုပ်ငန်းက မျှတမှုရှိတဲ့ လုပ်ငန်းဟုတ်ရဲ့လား”၊ “ငါရဲ့ မိသားစုအတွင်းက အငြင်းပွားမှုတွေကို ဘယ်လိုရှင်းရမလဲ” အစရှိသဖြင့် ကျွန်မတို့ အမြဲ ရင်ဆိုင်နေရတဲ့၊ ချမှတ်နေရတဲ့ ဆုံးဖြတ်ချက်တိုင်းက ကျွန်မတို့ သတိပြုမိသည်ဖြစ်စေ၊ သတိမပြုမိသည်ဖြစ်စေ အမှန်တကယ်မှာတော့ ဖိက်ဟ်နှင့် ဆက်စပ်ပြီး ချမှတ်နေရတာပဲဖြစ်ပါတယ်။

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၂) အစောဆုံးကာလမှ မွတ်စ်လင်မ်များ

Leave a Reply

Your email address will not be published. Required fields are marked *