Skip to content

အပိုင်း (၂) အစောဆုံးကာလမှ မွတ်စ်လင်မ်များ

သင့်မျက်လုံးကို ခဏ‌လောက်မှိတ်ပြီး မြင်ယောင်ကြည့်ပါ။

လူတစ်ယောက် ရေးကြီးသုတ်ပြာနှင့် မဒီနာမြို့တော်ထဲက ဗလီဝတ်ကျောင်းတော်တစ်ခုကို ဝင်ရောက်လာခဲ့ပြီး တမန်တော်မြတ်(ﷺ) ထံတော်သို့ ချဉ်းကပ်ကာ အောက်ပါအတိုင်း မေးခဲ့ပါတယ်။

“အို ဖန်ဆင်းရှင်၏တမန်တော်၊ အကျွန်ုပ်တော့ ပြဿနာတက်ပါပြီ။ လမြတ်ရမဿွါန်ထဲက နေ့လည်တစ်ခုမှာ ရိုဇာ(ဆွီယာမ်)စောင့်ထိန်းရင်း ဇနီးသည်နှင့် ကိုယ်လက်နှီးနောမိခဲ့ပါတယ်” ❗️

ဒီလိုအမေးရှိလာတာကို ပြန်ဖြေခဲ့တဲ့ တမန်တော်မြတ်(ﷺ) ရဲ့ တုံ့ပြန်ချက် အဖြေက ကေယာမဟ်နေ့မရောက်ခင်အထိ မွတ်စ်လင်မ်အားလုံးအတွက် သင်ကြားပေးချက်တစ်ခုဖြစ်လာခဲ့ပါတယ်။

ဒါက အစောဆုံးကာလမှ မွတ်စ်လင်မ်များရဲ့ တကယ့်ကြုံနေရတဲ့အခြေအနေတွေ၊ မေးခွန်းတွေ၊ လမ်းညွှန်မှုတွေကနေတစ်ဆင့် လေ့လာခဲ့ကြပုံပဲဖြစ်ပါတယ်။

🔹သက်ရှိစာအုပ်🔹

သာဝကကြီးတွေက ကျွန်မတို့ဘယ်တော့မှ မရနိုင်တဲ့ အရာကို ရရှိခဲ့ကြပါတယ်၊ ဖန်ဆင်းရှင်ရဲ့ လမ်းညွှန်ချက်တွေကို တိုက်ရိုက်လေ့လာသင်ယူနိုင်ခွင့်ပါ။

သာဝကကြီးတွေတစ်ခုခုကို နားလည်ရခက်လာကြတဲ့အခါ တမန်တော်မြတ်ကြီးကို တိုက်ရိုက်မေးခွင့်ရှိခဲ့ကြပါတယ်။

သာဝကကြီးတွေ အမှားလုပ်မိကြတဲ့အခါမှာလည်း တမန်တော်မြတ် (ﷺ) မှ ညင်သာစွာနှင့် လမ်းမှန်ကို ပြပေးပါလိမ့်မယ်။

တမန်တော်မြတ်(ﷺ) က မမြင်နိုင်တဲ့ သီအိုရီတွေကိုသင်ကြားပေးခဲ့တာမဟုတ်ပါဘူး။

တမန်တော်မြတ်ကြီးက

  • အချိန်တိုင်း စက္ကန့်တိုင်းမှာ ဘယ်လိုဝတ်ပြုရတယ်၊
  • စီးပွားရေးဘယ်လိုလုပ်ရတယ်၊
  • အိမ်နီးချင်းတွေကို ဘယ်လိုပုံစံဆက်ဆံရတယ်၊
  • အငြင်းပွားမှုတွေကို ဘယ်လိုဖြေရှင်းပေးရတယ်၊
  • ဘယ်လိုအိမ်ထောင်ဖက်ကောင်းတစ်ဦးဖြစ်သင့်တယ်၊
  • ဘယ်လိုမိဘကောင်းတစ်ဦးဖြစ်သင့်တယ် အစရှိတဲ့ အစ္စလာမ်တစ်ဦးအနေနဲ့ နေထိုင်နည်းကို လက်တွေ့ပြသခဲ့တာပဲဖြစ်ပါတယ်။

တမန်တော်မြတ်(ﷺ) နှင့်ပတ်သက်ပြီး “တမန်တော်မြတ်ကြီးရဲ့ အကျင့်စာရိတ္တသည် ကျမ်းမြတ်ကုရ်အာန်ရဲ့ သင်ကြားပေးမှုအတိုင်းပါပဲ” ဆိုပြီး အာအေရှာဟ်သခင်မ (رضي الله عنها) မှ လှပစွာ ဖော်ပြခဲ့ဖူးပါတယ်။ တမန်တော်မြတ်ကြီးသည် အစ္စလာမ့်အဆုံးအမများ၏ သက်ရှိပုံဆောင် (ပြယုဂ်) တစ်ခုဖြစ်ခဲ့ပါတယ်။ ❤

🔹 ဘဝရဲ့အတွေ့အကြုံတွေကပဲ စာသင်ခန်းတစ်ခုလိုဖြစ်နေခဲ့ပါတယ် 🔹

✔️ အမျိုးသားတစ်ဦးက ခရီးသွားနေရတဲ့အတွက် ရိုဇာမထားနိုင်ခဲ့ဘူး။ ဒါနဲ့ပတ်သက်ပြီး ခရီးသွားများအတွက် လျော့ပေါ့သည့် စည်းမျဉ်းပေါ်လာခဲ့ပါတယ်။

✔️ အမျိုးတစ်ဦးမှ ရာသီဓမ္မတာလာခြင်းနှင့် နမားဇ်ဝတ်ပြုခြင်းအကြောင်းအမေးရှိခဲ့တဲ့အတွက် အကြင်နာတရားအပြည့်နှင့် တိကျရှင်းလင်းတဲ့ ရှင်းပြချက်ပေါ်ပေါက်လာပါတယ်။

✔️ စျေးထဲမှာ အငြင်းပွားမှုတစ်ခုအတွက် မျှတစွာဖြေရှင်းနည်းကို လက်တွေ့သရုပ်ပြနိုင်ခဲ့ပါတယ်။

✔️အမွေဆက်ခံခြင်းနှင့် ပတ်သက်တဲ့အမေးတစ်ခုအတွက် တိကျတဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်ချက် ကျလာခဲ့ပါတယ်။

🔹 ပထမဦးဆုံးတရားသူကြီးကိုလေ့ကျင့်ပေးခြင်း 🔹

တမန်တော်မြတ်(ﷺ)၏ ဘဝသက်တမ်းတစ်လျောက်လုံးမှာ သာဝကကြီးများက ပညာရှင်များကဲ့သို့ပဲ တွေးခေါ်စဉ်းစားဖို့ သင်ယူခဲ့ကြရပါတယ်။

Mu’adh ibn Jabal ကို ယီမင်နိုင်ငံသို့ တရားသူကြီးတစ်ဦးအနေနဲ့ မစေလွှတ်မီ တမန်တော်မြတ်ကြီးက အောက်ပါအတိုင်း မေးခဲ့ပါတယ်။

💬“ပြဿနာတစ်ခု အသင့်စီရောက်လာတဲ့အခါ အသင်မည်ကဲ့သို့ ဆုံးဖြတ်ပေးမှာလဲ”

🗨“အလ္လာဟ်(سبحانه وتعالى) ရဲ့ စာအုပ်ထဲမှ မိန့်ကြားချက်အားဖြင့်”

💬“အကယ်၍ ကျမ်းမြတ်ကုရ်အာန်ထဲမှာ ရှာမတွေ့ခဲ့ရင်ရော”

🗨“ဒါဆိုရင် ဖန်ဆင်းရှင်ရဲ့ တမန်တော်၏ စွန္နသ် (လမ်းစဉ်)အတိုင်း”

💬“အကယ်၍ ကျမ်းမြတ်ကုရ်အာန် သို့မဟုတ် စွန္နသ် (လမ်းစဉ်) ထဲမှ ရှာမတွေ့နေခဲ့ရင်‌ရော”

🗨“မချွင်းမချန် ကြိုးစားအားထုတ်ပြီး အကျွန်ုပ်ရဲ့ ကိုယ်ပိုင်ဆင်ခြင်သုံးသပ်နိုင်စွမ်း (အဂျ်သီဟဒ်) နှင့် ချင့်ချိန်သုံးသပ်ပါမယ်”

တမန်တော်မြတ်ကြီးက အလွန်တရာနှစ်သက်တော်မူခဲ့ပြီးနောက် “ဖန်ဆင်းရှင်ရဲ့ တမန်တော်၏ ကိုယ်စားလှယ်ကို လမ်းညွှန်ပြသမှုပေးတော်မူသည့် အရှင်၊ အလ္လာဟ်(سبحانه وتعالى) အား အလုံးစုံ ချီးမွမ်း ဂုဏ်ပြုပါသည်”ဟု မိန့်တော်မူခဲ့ပါတယ်။

ဟိုးရှေးအစမှာတင် အစ္စလာမ်သာသနာသည် မွတ်စ်လင်များကို တွေးခေါ်ဖို့၊ ဆင်ခြင်တတ်ဖို့၊ ဖြစ်ပေါ်လာတဲ့ အခြေအနေအသစ်တွေမှာ အခြေခံသဘောတရားတွေကို ကျင့်သုံးနိုင်ဖို့ မျှော်မှန်းထားခဲ့ပြီးသားဖြစ်ပါတယ်။

တမန်တော်မြတ်(ﷺ) အလ္လာဟ့်အမိန်တော် ခံယူသွားပြီးနောက်၊ တကယ့်စမ်းသပ်မှုကာလ

တမန်တော်မြတ်(ﷺ) အလ္လာဟ့်အမိန်တော် ခံယူသွားတဲ့အခါ မည်သည့်ဝဟီအသစ်မှ ကျရောက်လာခြင်းမျိုးမရှိခဲ့တော့ပါဘူး။ ဒါပေမဲ့ ဘဝများစွာကတော့ ‌မရပ်တန့်ခဲ့ပါဘူး။ နေရာအသစ်တွေမှာ မေးခွန်းအသစ်အသစ်တွေ ဆက်တိုက်ထွက်ပေါ်လာနေပါတယ်။

အဲ့နောက်မှာ သာဝကကြီး ၄ ပါးက အဓိကလမ်းညွှန်ချက်တွေဖြစ်လာခဲ့ကြပါတယ်။ အခြေအနေအသစ်တွေ ကြုံလာရတိုင်း သာဝကကြီးတို့က…

1️⃣ ဒီလိုအလားတူဖြစ်ရပ်မျိုး တမန်တော်မြတ်ကြီးဖြေရှင်းခဲ့ဖူးသလားဆိုတာ သူတို့ပြန်စဉ်းစားသုံးသပ်ကြပါတယ်၊

2️⃣ တခြားအသိပညာကြွယ်ဝတဲ့ သာဝကကြီးများနှင့် တိုင်ပင်ဆွေးနွေးကြပါတယ်။

3️⃣ ရှင်းလင်းပြတ်သားတဲ့ ဖြေရှင်းနည်းတစ်ခုမှ မရှိနေခဲ့ဘူးဆိုရင် သူတို့ရဲ့ ဆင်ခြင်တုံတရားကို အသုံးပြုခဲ့ကြပါတယ်။

ဥပမာအားဖြင့် တမန်တော်မြတ်(ﷺ) အလ္လာဟ့်အမိန်တော် ခံယူသွားပြီးနောက်မှာ ဇကားသ်ပေးဖို့ကို တစ်ချို့မျိုးနွယ်စုတွေက ငြင်းဆန်ခဲ့ကြပါတယ်။ ထိုသူတို့က ဝတ်ပြုဆုတောင်းမှုပြုလုပ်ပေးနိုင်ပေမဲ့ ဇကားသ်တော့ မပေးနိုင်ဘူးဟု ဖွင့်ဟခဲ့ကြပါတယ်။ အဗူဘကာရ်(رضي الله عنه) က ဇကားသ်ဆိုတာဟာ အစ္စလာမ့်မဏ္ဏိုင်ကြီးတွေထဲက တစ်ခုဖြစ်ပြီး မလုပ်လည်းရတဲ့ အလှူအတန်းတစ်ခုမဟုတ်ကြောင်း ကောင်းစွာနားလည်သဘောပေါက်ထားပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် အဗူဘကာရ်(رضي الله عنه) က “အလ္လာဟ်(سبحانه وتعالى)၏ နာမတော်ဖြင့် ကျိန်ဆိုပါသည်။ ထိုသူတို့သည့် အလ္လာဟ့်(سبحانه وتعالى) ၏ ရစူလ် တမန်တော်မြတ် (ﷺ) ထံ ပေးအပ်ခဲ့လေ့ရှိသည့် ကုလားအုတ်ကိုချည်ဖို့အသုံးပြုသည့် ကြိုးတစ်မျှင်ကိုတောင် မပေးအပ်တော့ဘူးဆိုလျှင်ပင် ထိုအရာအတွက် အဆုံးထိ ရင်ဆိုင်တိုက်ခိုက်သွားမည်” ဟု ကြေငြာချက်ထုတ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်က ဖိက်ဟ်ကို လက်တွေ့လုပ်ဆောင်တာ၊ မမျှော်လင့်ထားတဲ့အခြေအနေတွေမှာ အခြေခံကျတဲ့ သ‌ဘောတရားကို ကျင့်သုံးခြင်းပဲ ဖြစ်ပါတယ်။

ဒါက ကျွန်မတို့အတွက် ဘာအဓိပ္ပါယ်သက်ရောက်နေတာလဲ။ ❓

အစောပိုင်းကာလမှ ရှေးမွတ်စ်လင်မ်တို့က ကျွန်မတို့ကို သင်ကြားပြသခဲ့ပါတယ်…

▪ အစ္စလာမ်သာသနာသည် လေ့လာရုံသတ်သတ်မဟုတ်ဘဲ အမှန်တကယ်လက်တွေ့နေထိုင်ကျင့်သုံးရတဲ့ သာသနာတစ်ခုဖြစ်ပါတယ်

▪ ဟိုးအစကတည်းက အစ္စလာမ်သာသနာသည် ဖန်ဆင်းရှင်၏ လမ်းညွှန်ချက်များအတွင်း လူသားသဘာဝနှင့် ဆင်ခြင်နိုင်စွမ်းကို အားပေးခဲ့ပါတယ်

▪ စိတ်ရင်းနှင့် ပြုလုပ်ထားခဲ့တဲ့ သဘောပေါက်နားလည်မှုတွေကြား မတူကွဲပြားမှုတွေကလည်း အစ္စလာမ့်ရဲ့ သဘာဝအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်

▪ အစ္စလာမ်သာသနာကိုလေ့လာခြင်းသည် စည်းမျဉ်းတွေကို အလွတ်ကျက်မှတ်ခြင်းပဲမဟုတ်နေပါဘူး။ ဒီစည်းမျဉ်းတွေကို ဉာဏ်ပညာအပြည့်ဖြင့် အသုံးပြုနိုင်ဖို့ အခြေခံ သဘောတရားများအပေါ် နက်ရှိုင်းတဲ့နားလည်သဘောပေါက်နိုင်စွမ်းပဲ ဖြစ်ပါတယ်။

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၁) Fiqh (ဖိက်ဟ်) ဆိုတာဘာလဲ။ အပိုင်း (၃) ပညာရှင်ကြီးများ တစ်ဦးနှင့်တစ်ဦးအမြင်တွေမတူကြတဲ့အခါ … ဘာလို့ဒီအခြေအနေက တကယ်တမ်းမှာ သက်ညှာမှုတစ်ခုဖြစ်နေရတာလဲ။

Leave a Reply

Your email address will not be published. Required fields are marked *