“ငါကြားဖူးတာကတော့ ဒီအကြောင်းအရာကို ဟရာမ် (မလုပ်ပိုင်ဘူး) လို့ပြောတယ်။ ငါ့သူငယ်ချင်းသွားနေကြ ဗလီမှာကျတော့ ဒီအကြောင်းအရာကိုပဲ ဟလာလ် (လုပ်ပိုင်တယ်) လို့ပြောနေတယ်။ ဘယ်သူက မှန်တာလဲ”
ဒီလိုအခြေအနေမျိုးကို ကြုံဖူးကြ ကြားဖူးကြလား။![]()
ပညာရှင်ကြီးတွေရဲ့ မတူညီတဲ့အမြင်တွေရှိနေတာက မွတ်စ်လင်မ်အများစုအတွက် စိတ်ပင်ပန်းစရာ အခြေအနေတစ်ခုကို ဖြစ်စေပါတယ်။
ကျွန်မတို့တွေက ဟုတ်တယ်၊ မဟုတ်ဘူး/ ပိုင်တယ်၊ မပိုင်ဘူး ဆိုတဲ့ ရိုးရှင်းတဲ့အဖြေတစ်ခုကိုပဲ ရှင်းရှင်းလင်းလင်း လိုချင်ကြတယ်။
တမန်တော်မြတ်(ﷺ) လက်ထက်တုန်းက မတူညီတဲ့အဖြေ ၂ခုလုံးကို သဘောတူခွင့်ပြုခဲ့ဖူးတယ်…
ထရန့်ချ်စစ်ပွဲအပြီးမှာ တမန်တော်မြတ်ကြီးက သာဝကကြီးတွေကို “အသင်တို့ထဲက မည်သူကမျှ Banu Qurayzah (ဗနူကူရေဇဟ်) နယ်မြေထဲမှလွဲပြီး အဆွရ်နမားဇ်ကို ဝတ်မပြုသင့်ဘူး” လို့ မိန့်တော်မူခဲ့တယ်။
ဒီလိုနဲ့ သာဝကကြီးတွေ ခရီးဆက်လာကြရင်း အဆွရ်နမားဇ်ချိန်ကုန်ဆုံးခါနီးရောက်လာတဲ့အခါ ဒွိဟဖြစ်လာကြတယ်။
ဒါနဲ့ပတ်သက်ပြီး အုပ်စု (က)က “တမန်တော်မြတ်ကြီးဆိုလိုတာက ငါတို့အားလုံးကို မြန်မြန်သွားစေချင်တာ၊ ဒါပေမဲ့ နမားဇ်ကိုတော့ အချိန်နှင့်တပြေးညီဖတ်ရမယ်” လို့ ဆင်ခြင်သုံးသပ်ကြပြီး ရောက်တဲ့နေရာမှာ ရပ်လိုက်ကာ နမားဇ်ဝတ်ပြုခဲ့ကြတယ်။
အုပ်စု (ခ) က ကျတော့ “တမန်တော်မြတ်ကြီးက ငါတို့အားလုံး Banu Qurayzah (ဗနူကူရေဇဟ်) ကို ပြန်မရောက်မချင်း နမားဇ်ဝတ်မပြုဖို့ အသေအချာကို မိန့်သွားခဲ့တယ်။ ငါတို့အားလုံးက တမန်တော်မြတ်ကြီးရဲ့ စကားလုံးမူရင်းအဓိပ္ပာယ်အတိုင်း လိုက်နာရမယ်” လို့ ဆင်ခြင်ကြပြီး ခရီးကို ဆက်သွားခဲ့ကာ အချိန်နောက်ကျမှ နမားဇ်ဝတ်ပြုခဲ့ကြတယ်။
တမန်တော်မြတ်ကြီးက ဒီအုပ်စု ၂ ခုလုံးအကြောင်းကို ကြားခဲ့တဲ့အခါမှာ ၂ ဖွဲ့လုံးရဲ့ ဆင်ခြင်သုံးသပ်မှုကို သဘောတူခွင့်ပြုခဲ့တယ်။
ဒီအကြောင်းကိုပဲ စဉ်းစားကြည့်လိုက်ပါ။
တမန်တော်မြတ်(ﷺ) ကိုယ်တော်တိုင်တောင်မှ တမန်တော်ရဲ့ အမိန့်တော်ကို အနက်အဓိပ္ပာယ်ပြန်ဖွင့်တဲ့ မတူညီတဲ့ အမြင် ၂ ခုလုံးကို သဘောတူခွင့်ပြုပေးခဲ့တာပါ။
တကယ်တော့ ဒါက ပြဿနာတစ်ခုမဟုတ်ပါဘူး။ ဒီဖြစ်ရပ်က အစ္စလာမ့် တရားဥပဒေက မည်သို့မည်ပုံ သက်ရောက်တယ်ဆိုတာကို သင်ကြားပေးချက် တစ်ခုဖြစ်ပါတယ်။
ပညာရည်ပြည့်ဝတဲ့ပညာရှင်ကြီးတွေက ဘာလို့ အမြင်တွေမတူညီနေကြတာလဲ။
သဘာဝကျတဲ့ အကြောင်းအရင်း ၄ ခု ရှိပါတယ်။
သတင်းအချက်အလက်မတူညီခြင်း
၈ ရာစုနှစ်က မဒီနာဟ်မြို့မှာရှိနေတဲ့ ပညာရှင်တစ်ဦးက အဲ့ချိန်က အီရတ်ခ် (Iraq) ကို မပြန့်ပွားသေးတဲ့/မရောက်သေးတဲ့ ဟဒီးဆ်တော်တွေကို သိထားနေနိုင်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီတစ်ချိန်တည်းမှာရှိနေတဲ့ ပညာရှင်ကြီးတွေက အမှန်တကယ်ကို ရိုးဖြောင့်ပြီး ပညာရည်လည်းပြည့်ဝသလို သူတို့လက်ခံရရှိထားတဲ့ သိထားတဲ့ မတူညီတဲ့သတင်းအချက်အလက်တွေကို အခြေခံပြီး သုံးသပ်ကြတာဖြစ်ပါတယ်။
စာသား အနက်/အဓိပ္ပါယ်ပြန်ဆိုချက် မတူညီခြင်း
အာရဗစ်ဘာသာစကားက အမှန်တကယ်ကို ဝေါဟာရတွေ ပေါကြွယ်ဝပါတယ်။ စကားစုလေးတစ်ခုကိုပဲ မတူညီတဲ့နည်းလမ်းပေါင်းများစွာနှင့် နားလည်သဘောပေါက်လို့ရနိုင်ပါတယ်။ ဥပမာ။ ။ ဝူဒူပြုလုပ်တဲ့အခါ “သင့်ဦးခေါင်းနှင့် ခြေထောက်ကို ရေဖြင့်ပွတ်သတ်လိုက်ပြီး…” ဒီစာသားက ခြေထောက်ကိုရေနှင့်ဆေးခိုင်းတာလား ဒါမှမဟုတ် ရေသုတ်ခိုင်းလိုက်တာလား။ ဒီစာသားရဲ့ သဒ္ဒါအရ ဒါက ၂ မျိုးလုံး အဓိပ္ပါယ်ပြန်လို့ရနေပါတယ်။
အခြေခံသဘောတရားများအား နားလည်သဘောပေါက်မှု မတူညီခြင်း
လူတိုင်းက အစ္စလာမ်သာသနာဆိုတာ အရာခပ်သိမ်းကို လွယ်ကူစေဖို့ရည်ရွယ်တယ်ဆိုတာကို သဘောတူ လက်ခံပြီးသားဖြစ်တယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ လွယ်ကူမှုကို ကျင့်သုံးကြမှာလဲ။ ပညာရှင်ကြီးတိုင်းက လွယ်ကူမှုဆိုတာကို အခြားသောအခြေခံသဘောတရားတွေနှင့် ချင့်ချိန်ပြီးသုံးသပ်ကြတာဖြစ်တဲ့အတွက် ဒီလိုချင့်ချိန်တဲ့အခါမှာ မတူညီတာမျိုးဖြစ်လာနိုင်ပါတယ်။
နောက်ခံအခြေအနေ မတူညီခြင်း
အီမာန်ရှာဖီ မှာ အမြင် ၂ ပိုင်း ရှိပါတယ်၊ တစ်ခုက အီရတ်က လာပြီး နောက်တစ်ခုက အီဂျစ်ကလာတာဖြစ်တယ်။ ဒါက အီမာန်ရှာဖီ က အမြင်တစ်သမတ်တည်းမဖြစ်နေတာမျိုး မဟုတ်ခဲ့ပါဘူး၊ မတူညီတဲ့ နောက်ခံအခြေအနေတွေအတွက် တစ်ချို့သော စည်းမျဉ်းတွေက ညှိယူဖို့လိုအပ်တယ်ဆိုတာကို အသိအမှတ်ပြုခဲ့တာပဲ ဖြစ်ပါတယ်။
မတူညီတဲ့လမ်းကြောင်းအတိုင်းသွားနေပေမဲ့ တူညီတဲ့ လားရာတစ်ခုတည်းကိုသာ ဦးတည်နေတဲ့ ကျောင်းတော်ကြီး ၄ ခု
အချိန်တွေကြာလာတဲ့အခါ အဓိကကျောင်းတော်ကြီး ၄ ခု (မဇ်ဟဗ်) ပေါ်ပေါက်လာခဲ့ပါတယ်
- ဟနဖီ (အီမာန် အဗူဟနီဖာ၏ နောက်လိုက်များ) မဇ်ဟဗ် က ဆင်ခြင်တုံတရား (လော့ဂျစ်/ယုတ္တိဗေဒ) နှင့် နှိုင်းယှဉ်ဆင်ခြင်ခြင်းကို ပိုအသားပေးသုံးသပ်ပါတယ်
- မာလီကီ (အီမာန် မာလစ်ခ်၏ နောက်လိုက်များ) မဇ်ဟဗ် က မဒီနာဟ်မှာကျင့်သုံးခဲ့တဲ့နည်းလမ်းတွေကို ပိုအသားပေးသုံးသပ်ပါတယ်
- ရှာဖီ (အီမာန် အလ်ရှာဖီ၏ နောက်လိုက်များ) မဇ်ဟဗ် က စနစ်တကျ စီမံဖွဲ့ဆည်းထားတဲ့ ဥပဒေဆိုင်ရာနည်းနိဿယတွေကို ပိုအသားပေးသုံးသပ်ပါတယ်။
- ဟန်ဗာလီ (အီမာန် အဟ်မတ်ဒ်၏ နောက်လိုက်များ) မဇ်ဟဗ်က တိကျတဲ့ စာသားဖော်ပြချက်ချဉ်းကပ်ခြင်းကို ပိုအသားပေးသုံးသပ်ပါတယ်။
အရေးကြီးတဲ့အချက်ကတော့ ဒီ မဇ်ဟဗ် လေးခုလုံးက ဂိုဏ်းကွဲတွေမဟုတ်ပါဘူး။ မတူညီတဲ့မဇ်ဟဗ်တွေက မွတ်စ်လင်မ်တို့က တူညီတဲ့ ဗလီဝတ်ကျောင်းတော်တွေမှာ အတူတကွ နမားဇ်ဝတ်ပြုကြတယ်၊ ဟဂျ်တူတူပြုလုပ်ကြတယ်၊ မတူညီတဲ့မဇ်ဟဗ်မှ လူတွေ လွတ်လပ်စွာ အိမ်ထောင်ပြုကြပါတယ်။ မတူညီတာကတော့ နည်းနိဿယျတွေသာဖြစ်ပြီး အခြေခံကြတဲ့ယုံကြည်ချက်တွေ မတူညီနေတာ မဟုတ်ပါဘူး။
ပညာရှင်တွေ အမြင်မတူညီကွဲပြားနေတာက သက်ညှာမှုတစ်ခုလား 
လိုက်လျောညီထွေမှုရှိခြင်း – မတူညီတဲ့အခြေအနေတွေက အစ္စလာမ့်တရားဥပဒေနှင့် မကင်းကွာဘဲ သူတို့လိုအပ်ချက်အလိုက် သင့်တော်တဲ့ လမ်းညွှန်မှုကို ရှာတွေ့နိုင်ပါတယ်။
အစွန်းရောက်ခြင်းမှ ကာကွယ်ပေးခြင်း – အကယ်၍ အဖြေမှန်ကသာ တစ်ခုတည်းရှိနေမယ်ဆိုရင် ကျန်တဲ့သူအားလုံးက မှားနေတာဖြစ်ကုန်တော့မှာပါ။ ခိုင်လုံတဲ့အမြင်တွေအများကြီးက နှိမ့်ချတဲ့စိတ်နေသဘောထားကို ဖန်တီးပေးပါတယ်။
ဉာဏ်ရည်ကြွယ်ဝခြင်း – အငြင်းအခုံပြုလုပ်ရခြင်းက ပညာရှင်တွေကို ပိုပြီးလေးနက်စွာ စဉ်းစာတွေးခေါ်ဖို့ အတွေ့အကြုံအများကြီးကိုအခြေခံတဲ့ ဉပဒေပိုင်းဆိုင်ရာ ဆင်ခြင်တုံတရား ထွက်ပေါ်လာစေဖို့ကို တွန်းအားပေးနေပါတယ်။
အသုံးပြုရလွယ်ကူနိုင်ခြင်း – မတူညီတဲ့နည်းလမ်းတွေက မတူညီတဲ့ စိတ်အခြေအနေတွေနှင့် နောက်ခံအခြေအနေတွေအတွက် ကိုက်ညီမှုရှိနေနိုင်တာ/အသုံးဝင်မှုရှိနေနိုင်တာပါပဲ။
ဒါတွေက ကျွန်မတို့အတွက် ဘာကိုဆိုလိုချင်နေတာလဲ 
ကြားရသမျှမတူကွဲပြားမှုတိုင်းအတွက် စိတ်ဖိစီးမှုမဖြစ်ပါနဲ့
ခိုင်လုံတဲ့နည်းလမ်းကို ရှာဖွေရွေးချယ်ပြီး တကယ်ကိုအရည်အချင်းပြည့်ဝတဲ့ ပညာရှင်များရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာပါ
တခြားခိုင်လုံတဲ့အမြင်တွေကိုလည်း လေးစားမှုရှိပေးပါ
ကျွန်မတို့တွေအားလုံးက တူညီသည့်ဖန်ဆင်းရှင် အလ္လာဟ်(سبحانه وتعالى) ၊ တမန်တော်မြတ်ကြီး (ﷺ)နှင့် ကျမ်းမြတ်ကုရ်အာန်ကို ယုံကြည်သက်ဝင်ကြသူများဖြစ်ကြတဲ့အချက်ကပဲ ကျွန်မတို့မွတ်စ်လင်မ်တွေကို တစ်သားတည်းဖြစ်စေတယ်ဆိုတာကို အထူးဂရုပြုပါ။
အမြင်တိုင်းကတော့ သာတူညီမျှမှုရှိချင်မှရှိပါလိမ့်မယ်။ ခိုင်လုံတဲ့မတူညီတဲ့အမြင်တွေကတော့ အောက်ပါ အချက်တွေနှင့် ပြည့်စုံနေတဲ့ အရည်အချင်းပြည့်ဝတဲ့ ပညာရှင်တွေဆီကသာ လာမှာဖြစ်ပါတယ်။
ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နဟ်ကို လေးနက်စွာနားလည်သည့်အသိပညာရှိခြင်း
အာရဗီဘာသာစကားကိုကျွမ်းကျင်ပညာရှင်အဆင့်ထိတတ်မြောက်ခြင်း
တရားဉပဒေဆိုင်ရာ နည်းလမ်းတွေကို နားလည်သဘောထားခြင်း
အလ္လာဟ်(سبحانه وتعالى) ၏ နှစ်သက်မှုကို အရိုးရှင်းဆုံးသောစိတ်ရင်းဖြင့် ရှာဖွေခြင်း
