Skip to content

အပိုင်း (၆) မတူညီတဲ့လမ်းကြောင်းအတိုင်းသွားနေပေမဲ့ တူညီတဲ့ လားရာတစ်ခုတည်းကိုသာ ဦးတည်နေတဲ့ ကျောင်းတော်ကြီး ၄ ခု

“အသင်က ဟနဖီလား၊ မာလီကီလား၊ ရှာဖီလား ဒါမှမဟုတ် ဟန်ဗာလီလား”

ကျောင်းတော်ကြီး ၄ ခုက ဘယ်လိုပေါ်‌ပေါက်လာခဲ့သလဲ။

အပိုင်း (၃) မှာ ပြောခဲ့တဲ့အတိုင်း ၈ ရာစုနှစ်ရောက်လာတဲ့အခါ အစ္စလာမ်သာသနာသည် စပိန်မှ တရုတ်ပြည်ကို ပြန့်ပွားလာခဲ့တယ်။ နေရာတိုင်းမှာ ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နဟ်က တူတူပဲဆိုပေမဲ့ နေရာစုံမှာရှိနေတဲ့ မွတ်စ်လင်မ်တွေက မတူညီတဲ့ မေးခွန်းပေါင်းများစွာကိုရင်ဆိုင်ခဲ့ရတယ်။ ဒီလိုမေးခွန်းတွေကိုဖြေဆိုနိုင်ဖို့အတွက် ပညာအရာမှာတစ်ဖက်ကမ်းခပ်သာလွန်တဲ့ ပညာရှင်ကြီး ၄ ပါးက နည်းစနစ်ကျတဲ့ ဖြေရှင်းနည်းပုံစံစနစ်တစ်ခုစီကို တည်ဆောက်လာခဲ့ကြတယ်။

အီမာန် အဗူဟနီဖာ သည် ကုန်သွယ်ရေးလမ်းဆုံတစ်ခုဖြစ်တဲ့ လူမျိုးပေါင်းစုံရှိတဲ့ အီရတ်မှာ အလုပ်လုပ်ခဲ့ပါတယ်။ သူသည် ဆင်ခြင်တုံတရား (လော့ဂျစ်) ကို အလေးထားပြီး ဒေသခံအခြေအနေတွေနှင့် လိုက်လျောညီထွေဖြစ်အောင် ဆင်ခြင်သုံးသပ်ခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ အီမာန် အဗူဟနီဖာရဲ့ ကျောင်းတော်ကြီးကျင့်စဉ် ကို တူရကီ၊ အလယ်အာရှ နှင့် တောင်အာရှတို့မှာ ကျင့်သုံးနေပါတယ်။

အီမာန်မာလစ်ခ်သည် တမန်တော်ကြီး၏ မြို့တော်ဖြစ်သည့် မဒီနာဟ်မှာ နေထိုင်ခဲ့ပါတယ်။ သူသည် တမန်တော်မြတ်ကြီး၏ သာဝကကြီးများ အမှန်တကယ် ကျင့်သုံးနေထိုင်ခဲ့သည့်ပုံစံအတိုင်း ထိန်းသိမ်းထားရန် ပို အလေးပေးခဲ့ပါတယ်။ အီမာန်မာလစ်ခ်၏ ကျောင်းတော်ကြီးကျင့်စဉ်သည် မြောက်နှင့်အနောက် အာဖရိကကိုဖြတ်ပြီး ပြန့်နှံ့လာခဲ့ပါတယ်။

အီမာန် အလ်ရှာဖီ သည်မွတ်စ်လင်မ်တို့နေထိုင်ရာကမ္ဘာကြီးတစ်ခုလုံးသို့ ခရီးနှင်ခဲ့ပြီး ဦးစွာ ကျမ်းမြတ်ကုရ်အာန်၊ ထို့နောက် စွန္နဟ်၊ ထို့နောက် အများဆန္ဒ၊ ထို့နောက်မှသာ နှိုင်းယှဉ်ဆင်ခြင်ခြင်း ဆိုသည့် တိကျသည့်အဆင့်အလိုက်အတိုင်း စနစ်အကျဆုံးသော နည်းနိဿယျကို တည်ဆောက်ခဲ့ပါတယ်။ အီမာန် အလ်ရှာဖီ၏ ကျောင်းတော်ကြီးကျင့်စဉ်ကို ကျွန်မတို့နေထိုင်ရာအရပ်အပါအဝင် အရှေ့တောင်အာရှတစ်လျောက်မှာ ကျင့်သုံးနေပါတယ်။

အီမာန် အဟ်မတ်ဒ်အဗ္ဗနုဟန်ဗာလ် သည် ဘာသာရေးဆိုင်ရာဝေဖန်ငြင်းခုံမှုတွေ စိတ်လှုပ်ရှားမှုပြင်းထန်စွာမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်ပေါ်နေချိန် ဘဂ္ဂဟ်ဒဒ် မှာ အလုပ်လုပ်ခဲ့ပါတယ်။ သူသည် လွန်ကဲသော လူသားတို့၏ဆင်ခြင်တုံတရားကို အယုံအကြည်ကင်းမဲ့ခဲ့ပြီး စာသားဖော်ပြချက်တွေအတိုင်းတိကျစွာ လိုက်နာဖို့ကို ခိုင်ခိုင်မာမာပြောဆိုခဲ့ပါတယ်။ အီမာန်အဟ်မတ်ဒ်၏ ကျောင်းတော်ကြီးကျင့်စဉ်ကို အာရေဗျကျွန်းဆွယ်တွေမှာ လိုက်နာကျင့်သုံးခဲ့ပါတယ်။

ကောက်ချက်ချတာတွေက ဘာလို့မတူကွဲပြားနေကြတာလဲ။

တူညီတဲ့ရင်းမြစ်တွေကိုသုံးပြီး မတူညီတဲ့အဖြေတွေရနေတာ ဘယ်လိုမျိုးကြောင့်လဲ။

မတူညီတဲ့နေရာဒေသမှာရောက်ရှိနေတဲ့ ရှေးပညာရှင်ကြီးတွေက တစ်ခါတစ်လေမှာ မတူညီတဲ့ ဟဒီးဆ်တော်တွေကို တစ်ချိန်တည်း လက်ခံရရှိခဲ့ကြတယ်။ ဒါ့အပြင်သူတို့တွေက ဟဒီးဆ်တော်တွေရဲ့ ရင်းမြစ်ခိုင်လုံမှုကို မတူညီတဲ့ နည်းစနစ်တွေသုံးပြီး အကဲဖြတ်ခဲ့ကြသလို မတူညီတဲ့ အနက်အဓိပ္ပါယ်ပြန်ဆိုခြင်းသဘောတရားတွေကို အသုံးပြုခဲ့ကြတယ်။

မြင်သာတဲ့ဥပမာအနေနဲ့ ဝူဒူအကြောင်းကိုပဲ စဉ်းစားကြည့်ရအောင်။ အမျိုးသမီးတစ်ဦးကို ထိလိုက်ခြင်းက ဝူဒူကို ပျက်ပြယ်စေပါသလား။

ဟနဖီတို့က ဝူဒူမပျက်ဘူးလို့ပြောပါတယ်။

ရှာဖီတို့ကကျ ထိလိုက်ခြင်းမှာ စိတ်ဆန္ဒတွေပါနေရင် ဝူဒူပျက်တယ်လို့ပြောပါတယ်။

ဒီလိုပဲ မာလီကီနှင့် ဟန်ဗာလီတို့မှာလည်း သူတို့ရဲ့ ကိုယ်ပိုင်အမြင်တွေရှိကြပါတယ်။

မဇ်ဟဗ် ၄ ခုလုံးက တူညီတဲ့အကြောင်းအရာတစ်ခုကိုပဲ မတူညီတဲ့နည်းနိဿယျအမြင်တွေသုံးပြီး ချင့်ချိန်ကြပါတယ်။

ကျောင်းတော်ကြီး ၄ ခုလုံးက မွတ်စ်လင်မ်တို့တွေသည် တူညီတဲ့ ဗလီမှာပဲ နမားဇ်ဝတ်ပြုကြသလို အခြေခံယုံကြည်ချက်တွေမှာလည်း သဘောထားတူညီမှုရှိပါတယ်။ ပြောရမယ်ဆိုရင် ပြဿနာအားလုံးရဲ့ ၇၅-၈၀ ရာခိုင်နှုန်းလောက်ကို အကြမ်းဖျင်းသဘောထားတူညီကြပါတယ်။

“ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နဟ်သာ” ဆိုတာကရော။

တစ်ချို့တွေကပြောကြတယ် “ငါကတော့ ဘယ်ကျောင်းတော်ရဲ့လမ်းစဉ်ကိုမှ မလိုက်နာဘူး၊ ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နဟ်ကိုပဲလိုက်နာတယ်”

ဒီလိုအတွေးက ဘာသာတရားကိုင်းရှိုင်းမှုမြင့်မားတယ်လို့ ထင်ရပေမဲ့ များသောအားဖြင့် ပြဿနာလည်းဖြစ်နိုင်ပါတယ်။

ကျောင်းတော်ကြီး ၄ ခုလုံးက ရာစုနှစ်ပေါင်းများစွာ အသေးစိတ်မွမ်းမံ လာခဲ့တဲ့ ခေတ်မီဆန်းသစ်သည့်နည်းလမ်းများနှင့်အတူ ကျမ်းမြတ်ကုရ်အာန်နှင့် စွန္နဟ်ကိုသာ လိုက်နာကျင့်သုံးနေတာဖြစ်ပါတယ်။

ဒီလို နှစ်ပေါင်း ထောင်ချီအောင် ပညာရှင်ကြီးတွေရဲ့ ကြိုးပမ်းချက်တွေကို ကျော်ပြစ်လိုက်မယ်/မျက်ကွယ်ပြုလိုက်မယ်ဆိုရင် ဒါကပုံမှန်အားဖြင့် မာန်မာနထောင်လွှားတာ (ကြီးကျယ်ခမ်းနားတဲ့ ပညာရှင်ကြီးတွေထက် မိမိကိုယ်ကို ပိုပြီးတော်တယ် တတ်တယ် ထင်မြင်နေတာ) ဒါမှမဟုတ်ရင် မသိကျေးကျွန်ပြုတာ (အနက်အဓိပ္ပာယ်ပြန်ဆိုခြင်းရဲ့ ရှုပ်ထွေးနက်နဲမှုကို နားလည်သဘောမပေါက်နိုင်တာ) ကို ပေါ်လွင်စေပါတယ်။

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၄) အစ္စလာမ်သာသနာမှ ကာကွယ်ပေးထားသည့် အကြောင်းအရာ ၅ ခု အပိုင်း (၇) အစ္စလာမ့်စည်းမျဉ်းဥပဒေတွေက ဘယ်ကနေဖြစ်ပေါ်လာတာလဲ။

Leave a Reply

Your email address will not be published. Required fields are marked *