Skip to content

အပိုင်း(၁၁) စာသားဖော်ပြချက်တွေမှာမပါဝင်တဲ့အကြောင်းအရာများ – ပညာရှင်များ၏ အကူကိရိယာ/လက်စွဲဆင်ခြင်နည်းလမ်းများ

အစ္စလာမ့်ဥပဒေရဲ့ ပထမရင်းမြစ်တွေဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန် 📖၊ စွန္နဟ် 🕊️၊ အစ်ဂျ်မာအ် 🤝 နှင့် ကီယက်စ် ⚖️ အကြောင်းကို အပိုင်း (၇) မှာတုန်းက အကျဉ်းလေးမိတ်ဆက်ခဲ့ပါတယ်။ နောက်ထပ်ရှိလာတဲ့မေးခွန်းက အကယ်၍ ဒီပထမရင်းမြစ်တွေထဲကနေ တိုက်ရိုက်အဖြေထုတ်မရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ ❓

ခေတ်တွေက တစ်ခေတ်ပြီးတစ်ခေတ်ပြောင်းနေတာ ⏳၊ အခြေအနေအသစ်တွေ 🆕၊ အစားအစာအသစ်တွေ 🍽️၊ စာချုပ်စာတမ်းအသစ်တွေ 📄၊ ခေတ်မီဆေးကုသနည်းတွေနှင့် 💊 လူမှုပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေ အလေ့အထအသစ်တွေအများကြီး 👥 အချိန်နှင့် တပြေးညီ ပေါ်ထွက်လာနေပါတယ်။ ကျမ်းမြတ်ကုရ်အာန်က ကေယာမဟ်နေ့မရောက်ခင်အတွင်းဖြစ်လာနိုင်သမျှ ဖြစ်ရပ်တစ်ခုချင်းစီတိုင်းအတွက်ကို အသေးစိတ်အတိအကျဖော်ပြ‌ပေးထားတဲ့ ဥပဒေစည်းမျဉ်းစာအုပ်ကြီးအနေနဲ့ ဝဟီချပေးခဲ့တာမဟုတ်ပါဘူး။ ဒါဆိုရင် ကွာဟလာတဲ့အကြောင်းအရာလေးတွေကို ပညာရှင်ကြီးတွေက ဘယ်လိုဖြေရှင်းကြသလဲ 🤔

စည်းမျဉ်းတစ်ခုထုတ်တဲ့အခါ ⚖️၊ အဖြေတစ်ခုရှာကြတဲ့အခါ 🔎 ပညာရှင်ကြီးတွေက ကိုယ်ပိုင်အမြင်နှင့် ခန့်မှန်းပြောဆိုတာ မဟုတ်ပါဘူး။ သူတို့မှာ လက်စွဲကိရိယာရှိပါတယ် 🧰၊ ပထမရင်းမြစ်တွေလိုပဲ စည်းမျဉ်းနှင့် သတ်မှတ်ထားတဲ့ တစ်ဆင့်ခံရင်းမြစ်တွေနှင့် ဆင်ခြင်သုံးသပ်နည်းလမ်းတွေဖြစ်ပါတယ်။

💠 အစ္စသိဟ်စါန် (استحسان- Istihsan) ⚖️ – ခိုင်မာတဲ့သဘောတရားကို ရွေးချယ်ခြင်း ✅

တစ်ခါတစ်လေမှာ တိကျတဲ့ နှိုင်းယှဉ်ဆင်ခြင်မှုများသည် ခိုင်မာတဲ့ ဥပ‌ဒေရေးရာသဘောတရားတစ်ခုနှင့် ဆန့်ကျင်တဲ့ ဒါမှမဟုတ် မလိုလားအပ်ဘဲ ခက်ခဲမှုတွေကိုဖြစ်ပေါ်စေတတ်တဲ့ စည်းမျဉ်းတစ်ခုကို ထုတ်ပေးပါတယ်။ အစ္စသိဟ်စါန်သည် ပညာရှင်ကြီးတွေကို ကျမ်းဂန်တွေအားဖြင့် 📖 ဒါမှမဟုတ် လိုအပ်ချက်အားဖြင့် ထောက်ပံ့ပေးထားတဲ့ ပိုကောင်းတဲ့ စည်းမျဉ်းတစ်ခုကိုထုတ်နိုင်ဖို့အတွက် ထင်ရှားတဲ့ နှိုင်းယှဉ်ဆင်ခြင်ချက်ကို ဘေးဖယ်ထားဖို့ ခွင့်ပြုပေးပါတယ် ↔️

အဗူဟနီဖာ ရဲ့ လမြတ်ရမဿွါန် 🌙 မှာ ရိုဇာစောင့်နေစဉ်အတွင်း မေ့လျော့မှုကြောင့် စားမိလိုက်ခြင်း 🍽️ နှင့် ပတ်သက်ပြီးထုတ်ထားတဲ့ ဥပဒေက အစ္စသိဟ်စါန် ကို ပုံဖော်ပြသပေးနေပါတယ်။ တိကျတဲ့နှိုင်းယှဉ်ဆင်ခြင်ချက်အားဖြင့် ကြည့်မယ်ဆိုရင် စားလိုက်မိပြီဆိုမှ‌တော့ ရိုဇာက ပျက်သွားပြီ ❌။ ဒါပေမဲ့ တမန်တော်မြတ်(ﷺ) 🕊️ မှ မေ့လျော့ခြင်း၊ အမှားလုပ်မိခြင်းနှင့် အတင်းအကြပ်ခိုင်းစေခံရခြင်းတို့အတွက် အွမ္မဟ်တွေအားလုံးကို စည်းမျဉ်းတွေကနေ ဖြေလျော့ပေးတယ်ဆိုတဲ့ ဖော်ပြချက်တစ်ခုလည်းရှိနေပါတယ်။ ဒီဖော်ပြချက်က နှိုင်းယှဉ်ဆင်ခြင်ခြင်းထက် ပိုအားကောင်း ခိုင်မာပါတယ် 💪။ ဒါကြောင့် ဒီနေရာမှာ အစ္စသိဟ်စါန်ကို ကျင့်သုံးပြီး မေ့လျော့ပြီးစားသုံးခြင်းအတွက် ရိုဇာက မပြတ်ဘဲ ဆက်ရှိနေမှာဖြစ်ပါတယ် ✔️

💠 အစ္စသိဆွဟာဘ် (استصحاب- Istishab ) 🔄 – ရှိလက်စအခြေအနေတစ်ခုကိုဆက်ရှိမြဲရှိနေသည်ဟု မှတ်ယူခြင်း

အစ္စသိဆွဟာဘ် သည် သက်သေအထောက်အထားလက်ဆုပ်လက်ကိုင်မရှိမခြင်း စထားပြီးသား အခြေအနေတစ်ခုက ဆက်လက်တည်ရှိနေသည်ဆိုတဲ့ သဘောတရားဖြစ်ပါတယ် 📌။ ဥပမာအားဖြင့် လူတစ်ယောက်က ဝူဒူပြုလုပ်လိုက်ပြီး 🚿 ခဏအကြာ ဝူဒူပျက်သွားပြီလားမသိဘူးဆိုပြီး သံသယဝင်လာခဲ့ရင် 🤷 ဒီနေရာမှာ ဝူဒူက ရှိနေပြီးသားအခြေအနေတစ်ခုအတွက် ပျက်ရတဲ့အထောက်အထားလည်း အတိအကျမရှိနေတာမို့ ဝူဒူကမပျက်ဘဲ ဆက်ရှိနေတယ်ဆိုတဲ့ မှတ်ယူချက်ဖြစ်ပါတယ် ✔️။ သံသယတစ်ခုတည်းက သေချာတယ်ဆိုတဲ့အချက်ကို မကျော်နိုင်ပါဘူး 🚫

ဒီသဘောတရားရဲ့ နောက်ကွယ်မှာ ကျယ်ပြန့်တဲ့ စည်းမျဉ်းတစ်ခု ရှိပါတယ် 📚၊ ရှရီအအ်မှာသာ တိကျပြတ်သားစွာ တားမြစ်ထားချက်မဟုတ်နေရင် မိမိအတွက် အကျိူးစီးပွားဖြစ်ထွန်းစေနိုင်တဲ့ မူလစည်းမျဉ်းတိုင်းက တရားဝင်ခွင့်ပြုချက်ဖြစ်ပါတယ် ✅။ ပညာရှင်ကြီးတွေအနေဖြင့် တစ်ချို့အရာတွေက ခွင့်ပြုထားလားဆိုတာကို တိကျတဲ့သက်သေအထောက်အထားရှာနေစရာမလိုဘဲ တားမြစ်ထားချက်အတွက်ကိုသာ အထောက်အထားရှာဖွေဖို့လိုတာပါ 🔍

💠 မဆ်ွလဟဟ် မုရ်စလဟ် (مصلحة مرسلة – Maslahah Mursalah) 🌍 – အများပြည်သူသဘောဆန္ဒ

တမန်တော်မြတ်(ﷺ) 🕊️ အလ္လာဟ်အမိန့်ခံယူပြီးနောက် သာဝကကြီးတွေက ကျမ်းမြတ်ကုရ်အာန်ကို 📖 စာအုပ်တစ်အုပ်တည်းအဖြစ်ပေါင်းလိုက်ကြတဲ့အခါ ဒီလိုပေါင်းလိုက်ဖို့ဆိုပြီး ကျမ်းဂန်တွေထဲမှာ အတိအကျ အမိန့်ပေးထားခြင်းမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ သာသနာကို ထိန်းသိမ်းကာကွယ်ဖို့ဆိုတဲ့ 🛡️ တိကျပြတ်သားတဲ့ အငြင်းပွားစရာမဟုတ်တဲ့ ရည်ရွယ်ချက်တစ်ခုအတွက် လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါက မဆ်ွလဟဟ် မုရ်စလဟ် (مصلحة مرسلة) ဖြစ်ပြီး ကျမ်းဂန်တွေထဲမှာ အတိအကျသက်သေအထောက်အထားမရှိဘဲနဲ့တောင် အစ္စလာမ့်ဥပဒေရဲ့ ရည်ရွယ်ချက်တွေနှင့် ကိုက်ညီတဲ့ စစ်မှန်သည့် အများပြည်သူသဘောဆန္ဒဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ် 🤝

💠 အုရ်ဖ် (عرف) 🏛️ – ရိုးရာဓလေ့ထုံးတမ်း

ရိုးရာဓလေ့ထုံးတမ်းတွေကလည်း အစ္စလာမ့်ဥပဒေအတွက်အရေးပါပါတယ် ⚖️၊ ဒါပေမဲ့ အလိုအလျောက်စည်းမျဉ်းဖြစ်သွားတော့ မဟုတ်ဘူးပေါ့။ ဒေသဆိုင်ရာလုပ်ထုံးလုပ်နည်းတွေနှင့် လူမှုရေးစံသတ်မှတ်ချက်တွေ 👥 က စည်းမျဉ်းတွေကို သရုပ်ဖော်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ အဲ့ဒါက ရှရီအအ်ရဲ့ အခြေခံသဘောတရားတွေနှင့် ကိုက်ညီမှုရှိမရှိ အသးစိတ် စစ်ဆေးကြည့်ပြီးမှသာ ခွင့်ပြုခြင်းဖြစ်ပါတယ် 🔎။ တွင်တွင်ကျယ်ကျယ် ကျင့်သုံးနေတယ်ဆိုတာနဲ့ပဲ ထုံးတမ်းအစဉ်အလာတစ်ခုက လွယ်လွယ်ကူကူနှင့် ဥပဒေ မဖြစ်လာပါဘူး ❗ ပထမဦးဆုံးအနေဖြင့် အစ္စလာမ့်ဥပဒေရေးရာသဘောထားနှင့် တိုင်းတာကြည့်ပြီးမှသာ လက်ခံကျင့်သုံးတာ သို့မဟုတ် ငြင်းပယ်တာမျိုးကို ပြုလုပ်ကြပါတယ် ⚖️

ဒီအထက်မှာပြောထားတဲ့ လက်စွဲကိရိယာ/နည်းလမ်းတွေက အစ္စလာမ့်ဥပဒေသည် တင်းကြပ်လွန်းတာမျိုးမဟုတ်သလို ကြုံရာကျပန်း ဖန်တီးထားတာမဟုတ်ဘူးဆိုတာကို ပြသနေတာပဲဖြစ်ပါတယ် 💡။ ပထမရင်းမြစ်တွေကနေ အဖြေရှာလို့မရတဲ့အခါ ပညာရှင်ကြီးတွေက သေချာစေ့စပ်စွာနှင့် ပုဂ္ဂိုလ်ရေးအမြင်မဟုတ်တဲ့ အခြေခံသဘောတရားတွေကို အခြေပြုထားတဲ့ ဆင်ခြင်သုံးသပ်မှုကို ပြုလုပ်ကြရပါတယ် 🧠⚖️။ ဒီဥပဒေစနစ်ကြီးတစ်ခုလုံးက ဖန်ဆင်းရှင်ရဲ့ လမ်းညွှန်ချက်ကို အမှီပြုရင်း 🌟 လူ့ဘဝတိုးတက်ပြောင်းလဲလာမှုနှင့်အတူ ဆက်လက်ဖွံ့ဖြိုးနေဖို့ ဖွဲ့စည်းရေးဆွဲထားခဲ့တာပဲ ဖြစ်ပါတယ် 📈

Understanding Fiqh (လူတိုင်းအတွက် အစ္စလာမ့်ဥပဒေသိပ္ပံပညာ)

အပိုင်း (၁၀) ဘယ်သူ့မှာတာဝန်ရှိလဲ အပိုင်း (၁၂) အစ္စလာမ့်ဥပဒေစည်းမျဉ်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ – အစ္စလာမ့်ဥပဒေတွေ ဘယ်လိုပုံစံနဲ့ လုပ်ဆောင်နေတာလဲ။

Leave a Reply

Your email address will not be published. Required fields are marked *