အစ္စလာမ့်ဥပဒေရဲ့ စည်းမျဉ်းတိုင်းမှာ ဖွဲ့စည်းပုံတစ်ခုရှိပါတယ်။ 🏗️ ဖွဲ့စည်းပုံရဲ့ သဘောတရားအကြောင်းမပြောခင် အရှေ့မှာပြောခဲ့တဲ့ ဥပဒေအမျိုးအစားတွေပါဝင်ထားတဲ့ စည်းမျဉ်းအမျိုးအစား ၂ ခုကို ခြုံပြောပြချင်ပါတယ်။
📖 စည်းမျဉ်းအမျိုးအစား ၂ ခု
၁။ ဟူကွမ် သကလ္လီဖီး (الحكم التكليفي)
ပထမအမျိုးအစား ၁ ခုကို ဟူကွမ် သကလ္လီဖီး (الحكم التكليفي) လို့ခေါ်ပြီး မဖြစ်မနေ လုပ်ဆောင်ရမဲ့ ဝတ္တရားတွေကို ဖန်တီးပေးတဲ့ စည်းမျဉ်းဖြစ်ပါတယ်။ ဒီစည်းမျဉ်းက ကျွန်မတို့ကို ဘာလုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာကို ပြောပြနေတာပါ။ 🧭
ဒီထဲမှာ ကျွန်မတို့ဆွေးနွေးထားတဲ့ ဥပဒေအမျိုးအစား ၅ ခုဖြစ်တဲ့
မဖြစ်မနေလုပ်ကိုလုပ်ရမဲ့ ဝတ္တရား (ဝါဂျစ်ဗ်) ✅၊
လုပ်ဆောင်ရန်အားပေးတိုက်တွန်းထားသည့် ဝတ္တရား (မန်ဒူးဘ်) 🤲၊
တရားဝင်ခွင့်ပြုချက် (မူဘဟ်) ⚖️၊
မလိုလားချက် (မက်ခရူဟ်) ⚠️ နှင့်
တားမြစ်ချက် (ဟရာမ်) ⛔ တို့ပါဝင်ပါတယ်။
ဒီဥပဒေစည်းမျဉ်းတွေက ကျွန်မတို့ရဲ့ လုပ်ဆောင်ချက်တွေကို တိုက်ရိုက်ရည်ညွှန်းပါတယ်။
၂။ ဟူကွမ် ဝဒွီး (الحكم الوضعي)
ဒုတိယအမျိုးအစား ၁ ခုကိုတော့ ဟူကွမ် ဝဒွီး (الحكم الوضعي) လို့ခေါ်ပြီး ကြေငြာချက်စည်းမျဉ်းဖြစ်ပါတယ်။ 📜
ဒီစည်းမျဉ်းက ကျွန်မတို့ကို ဘာလုပ်ရမလဲဆိုတာ ပြောတာမျိုးမဟုတ်ပါဘူး။ မဖြစ်မနေလုပ်ရမဲ့ ဝတ္တရားတစ်ခု ဟုတ်/မဟုတ် နှင့် ကျွန်မတို့လုပ်ရပ်တွေက တရားဝင်ဖြစ်/မဖြစ်ဆိုတာကို ဆုံးဖြတ်ပေးတဲ့ အခြေအနေတွေ၊ ဖြစ်စေတဲ့အကြောင်းတရားတွေနှင့် အတားအဆီးတွေကို သတ်မှတ်ပေးပါတယ်။
ဒီစည်းမျဉ်းကို ရိုက်ကွင်းတစ်ခုရဲ့ နောက်ကွယ်က လုပ်ဆောင်နေတဲ့ လည်ပတ်မှုစနစ်တစ်ခုအဖြစ် တွေးကြည့်လိုက်ပါ။ ⚙️🎬
🔎 ဟူကွမ် ဝဒွီး ရဲ့ အဓိက သဘောတရား ၃ ခု
ပိုပြီးရှင်းသွားအောင် ဟူကွမ် ဝဒွီး ရဲ့ အဓိက သဘောတရား ၃ ခုကို လေ့လာကြည့်ရအောင်။
၁။ စဗဗ် (سبب) — အကြောင်းအရင်း
ပထမတစ်ခုက စဗဗ် (سبب) လို့ခေါ်တဲ့ စည်းမျဉ်းတစ်ခုကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။
နေဝင်ပြီဆိုတာက မဂ္ဂရစ်ဘ် နမားဇ်ချိန်ကျရောက်လာပြီဆိုတဲ့ ဝတ္တရားကိုပြပေးတဲ့ အကြောင်းအရင်း ဖြစ်ပါတယ်။ 🌇
လမြတ်ရမဿွါန်ကျရောက်လာပြီဆိုတာကလည်း ရိုဇာစောင့်ထိန်းရမယ်ဆိုတဲ့ ဝတ္တရားကိုပြပေးတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ 🌙
အကြောင်းအရင်းသာမရှိနေဘူးဆိုရင် စည်းမျဉ်း/ဝတ္တရားကိုလည်း ကျင့်သုံးစရာ မလိုနေပါဘူး။
၂။ သျှရ်သွ် (شرط) — အခြေအနေ
ဒုတိယတစ်ခုက သျှရ်သွ် (شرط) လို့ခေါ်တဲ့ ကျွန်မတို့အပြုအမှု အထမြောက်စေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေအနေဖြစ်ပါတယ်။
ဝူဒူရှိခြင်းသည် နမားဇ်ဝတ်ပြုဖို့အတွက် အခြေအနေတစ်ခုရှိနေခြင်းဖြစ်ပါတယ်။ 💧
အခြေအနေဆိုတာက အကြောင်းအရင်းနဲ့ ကွာခြားပါတယ်။ အခြေအနေရှိနေတယ်ဆိုတာက စည်းမျဉ်းရှိတယ်ဆိုတာကို ညွှန်းနေတာမဟုတ်ပေမဲ့ အခြေအနေမရှိနေဘူးဆိုရင် ပြုလုပ်တဲ့လုပ်ဆောင်ချက်တွေကလည်း တရားမဝင်တော့ပါဘူး။
၃။ မာနိအ် (مانع) — အတားအဆီး
တတိယတစ်ခုက မာနိအ် (مانع) လို့ခေါ် တဲ့ အကြောင်းတရားနှင့် အခြေအနေဆုံလာတဲ့အခါမှာတောင် စည်းမျဉ်းကို တားဆီးပေးနေတဲ့ အတားအဆီးဖြစ်ပါတယ်။ 🚫
အမျိုးသမီးတို့ လစဉ်ဓမ္မတာလာခြင်းသည် နမားဇ်ဝတ်ပြုခြင်းနှင့် ရိုဇာစောင့်ထိန်းခြင်းကို ပြုလုပ်နိုင်ဖို့ အတားအဆီးတစ်ခုဖြစ်ပါတယ်။
တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ထားခြင်းသည် ထိုကွယ်လွယ်သူထံမှ အမွေခံစားပိုင်ခွင့်ကို အတားအဆီးဖြစ်စေပါတယ်။ ⚖️
အရာအားလုံးက သူ့နေရာနှင့်သူရှိနေရင်တောင် အတားအဆီးက စည်းမျဉ်းကို ဆိုင်းငံ့စေနိုင်ပါတယ်။
🧩 နိဂုံးချုပ်
အကြောင်အရင်း၊ အခြေအနေနှင့် အတားအဆီးတို့က စည်းမျဉ်းတစ်ခုခြင်းစီတိုင်းရဲ့ နောက်ကွယ်မှာရှိနေပါတယ်။
တူညီတဲ့စည်းမျဉ်းတစ်ခုစီက လူတစ်ယောက်အတွက် မဖြစ်မနေလုပ်ဆောင်ရမဲ့ ဝတ္တရားဖြစ်နေပြီး နောက်လူအတွက်တော့ မဟုတ်နေတာ၊ အခြေအနေတစ်ခုမှာ လုပ်ပိုင်ပေမဲ့ အခြားအခြေအနေတစ်ခုမှ မပိုင်နေတာ အစရှိတာတွေကို ဒီသဘောတရား ၃ ခုကပဲ ရှင်းပြပေးနေပါတယ်။
အစ္စလာမ့် ဥပဒေဆိုတာက ပုံသေသတ်မှတ်ထားတဲ့ အမိန့်ပေးချက်ဇယားစဉ်ကြီးတစ်ခု မဟုတ်နေပါဘူး။ 📑❌
အစ္စလာမ့်ဥပဒေဆိုတာက စနစ်တကျဖွဲ့စည်းပုံဖော်ထားတဲ့ စနစ်တစ်ခုဖြစ်ပြီး 🏛️ စည်းမျဉ်းစည်းကမ်းတွေက စည်းမျဉ်းထုတ်ပေးသူမှ သေချာခွဲခြားသတ်မှတ်ထားတဲ့ အကြောင်းတရားတွေ၊ အခြေအနေတွေနှင့် တားဆီးနေတဲ့အကြောင်းတရားတွေအားဖြင့် အစပျိုးထားတာဖြစ်ပါတယ်။
