Article 1 မှာ ဆွေးနွေးထားခဲ့သလိုပဲ သက္ကဝါဖြင့် အလ္လာဟ်(سبحانه وتعالى) ထံသွားရာလမ်းပေါ်မှ ဆူးချုံများကို ရှောင်ရှားရပါမယ်။ ကျွန်မတို့ဟာ အလ္လာဟ်(سبحانه وتعالى) ထံသို့ ပြန်သွားဖို့ ရည်ရွယ်ခဲ့ကြပေမယ့်၊ ဒီအတားအဆီးတွေက အမြဲလိုလို ဒုက္ခပေးနေကြတယ်။ ကျွန်မတို့ အခက်အခဲတွေနှင့် ကြုံဆုံဖို့က မလွဲမသွေဖြစ်ပြီး၊ ဒါကို တားဆီးဖို့ ကျွန်မတို့ ဘာမှလုပ်လို့ မရပါဘူး။
တမန်တော်မြတ် (ﷺ) မိန့်တော်မူခဲ့တာက “အာဒမ်(عليه السلام) ရဲ့ သားသမီးတိုင်းက အပြစ်ကျူးလွန်သူများ ဖြစ်ကြတယ်” ကျွန်မတို့ တစ်ဦးချင်းစီတိုင်းဟာ အပြစ်တွေ ကျူးလွန်ကြမှာပဲ၊ ဆူးစူးခံရမှာပဲ ဖြစ်တယ်။
ဒီလိုနဲ့ ကျွန်မတို့ဟာ နောက်မှာကျန်နေခဲ့ကြမှာဖြစ်ပြီး ကျွန်မတို့ထဲက အကောင်းဆုံးသူတွေကတော့ အလ္လာဟ် (سبحانه وتعالى) ထံ ပြန်လှည့်လာမယ့်သူတွေပဲ ဖြစ်ကြတယ်။
َوَخیُْر اْلَخّطَائیَِن التَّوَّاُبون “အမှားလုပ်မိသူတွေထဲမှာ အကောင်းဆုံးသူတွေကတော့ အလ္လာဟ်(سبحانه وتعالى)ထံ နောင်တတရားနဲ့ ပြန်လာသူတွေပဲ ဖြစ်တယ်”။
ဒီအချက်ကို နားလည်ဖို့ အရေးကြီးပါတယ်။ သက္ကဝါဆိုတဲ့ အယူအဆနဲ့ အပြစ်မလုပ်ဖို့ အကြောင်းကို လေ့လာပြီးနောက်၊ အလ္လာဟ်(سبحانه وتعالى) က اِنَّ اللهَ یُحِبُّ التَّوَّاِبیَن လို့ ဖော်ပြထားပါတယ်။ အလ္လာဟ်(سبحانه وتعالى)ဟာ နောင်တတရားနဲ့ ပြန်လာသူတွေကို ချစ်မြတ်နိုးတယ်။ ဒီနေရာမှာလည်း အလ္လာဟ်(سبحانه وتعالى) ရဲ့ ချစ်ခြင်းမေတ္တာအကြောင်း ပြောပြထားပါတယ်။
အလ္လာဟ် (سبحانه وتعالى) ဟာ ကျွန်မတို့ကို အပြစ်မလုပ်မိစေဖို့ ဖန်ဆင်းခဲ့တာ မဟုတ်ပါဘူး။ အလ္လာဟ်(سبحانه وتعالى) ဟာ ကျွန်မတို့ကို အပြစ်ကို မှန်ကန်စွာ ကိုင်တွယ်တတ်အောင် ဖန်ဆင်းခဲ့တာဖြစ်ပြီး ဒီနှစ်ခုအကြား ကြီးမားတဲ့ ကွာခြားချက်ရှိပါတယ်။
သောင်ဗဟ် ဆိုတဲ့ စကားလုံးဟာ အလ္လာဟ်(سبحانه وتعالى) ဆီကို ပြန်လှည့်လာခြင်းလို့ အဓိပ္ပါယ်ရပါတယ်၊ အဲဒီအပြစ်ရဲ့ အကျိုးဆက်တွေအားလုံးကို ဖယ်ရှားပြီးပြီလို့ မဆိုလိုပါဘူး။”နောင်တတရား” ဆိုတဲ့ စကားလုံးကတောင် ကျွန်မတို့နဲ့ အလ္လာဟ်(سبحانه وتعالى)ကြားက ဆက်ဆံရေးနဲ့ ဆက်စပ်နေတယ်ဆိုတာ သတိထားသင့်ပါတယ်။
ဒါက ဘာကိုဆိုလိုချင်တာလဲ။
အပြစ်ရှိခြင်းဟာ ကျွန်မတို့ရဲ့ လူသားဆန်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ခွင့်လွှတ်ခြင်းကတော့ အလ္လာဟ်(سبحانه وتعالى)ရဲ့ ဂုဏ်တော်တွေထဲက တစ်ပါးဖြစ်ပါတယ်။
အဲဒီနှစ်ခုကို တွဲစပ်လိုက်မယ်ဆိုရင်၊ ကျွန်မတို့ဟာ တမင်သက်သက် အပြစ်လုပ်မိခဲ့ရင်တောင် ကိုယ့်အပြစ်ကို ဝန်ခံကြတယ်၊ ကိုယ်အပြစ်ကျူးလွန်မိတယ်ဆိုတာကို အသိအမှတ်ပြုပြီး အလ္လာဟ်(سبحانه وتعالى)ဆီသွားတဲ့ လမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားတယ်၊ ဒီလိုလုပ်ခြင်းအားဖြင့် တကယ်တမ်းက ကျွန်မတို့ဟာ အလ္လာဟ်(سبحانه وتعالى) ရဲ့ ရှေ့တော်မှာ အချစ်ခံရဖို့ ကျွန်မတို့တွေရဲ့ အဆင့်အတန်းကို မြှင့်တင်ရာရောက်ပါတယ်၊ အကြောင်းကတော့ အလ္လာဟ် (سبحانه وتعالى) ဟာ အလ်-သောင်ဝါဗီန် ကို ချစ်မြတ်နိုးတော်မူလို့ပါပဲ၊ ဒါဟာ နောင်တရသူများ၊ အလ္လာဟ် (سبحانه وتعالى) ထံ ပြန်လှည့်လာသူများကို ဆိုလိုပါတယ်။
တမန်တော်မြတ် (ﷺ) မိန့်ဆိုထားတာက “အသင်တို့ အပြစ်မကျူးလွန်ခဲ့ရင်တောင် အလ္လာဟ်(سبحانه وتعالى) ဟာ သင်တို့ကို အပြစ်ကျူးလွန်နိုင်မဲ့ လူတွေနဲ့ အစားထိုးပြစ်ပါလိမ့်မယ်။ ပြီးတော့ သူတို့ဟာ ခွင့်လွှတ်ချမ်းသာပေးဖို့ တောင်းဆိုကြလိမ့်မယ်၊ အလ္လာဟ်(سبحانه وتعالى) ကလည်း ထိုသူတို့ကို ခွင့်လွှတ်ပေးတော်မူပါလိမ့်မယ်၊ အကြောင်းကတော့ အလ္လာဟ် (سبحانه وتعالى)သည် ခွင့်လွှတ်ခြင်းကို နှစ်သက်တော်မူလို့ပဲ ဖြစ်တယ်။ အလ္လာဟ်(سبحانه وتعالى)သည် နောင်တတရားကို ချစ်မြတ်နိုးပြီး နောင်တရသူတွေကိုလည်း ချစ်မြတ်နိုးတော်မူပါတယ်။”
အပြစ်နဲ့ ခွင့်လွှတ်ခြင်းကို အတူတွဲပြီး ကြည့်ရင်၊ အစ္စလာမ်မှာ ကျရှုံးခြင်းဆိုတာ မရှိပါဘူး – အဲဒီကျရှုံးမှုကို ဖြေရှင်းဖို့ ဘာမှမလုပ်ဘဲနေမှသာလျှင် ကျရှုံးခြင်းလို့ခေါ်နိုင်ပါတယ်။ နောင်တရပြီးနောက်ပိုင်းမှာ အလ္လာဟ်(سبحانه وتعالى) ရဲ့ ချစ်ခြင်းမေတ္တာကနေ သင့်ကို အမြဲတမ်း အရည်အချင်းမပြည့်မီအောင် လုပ်နိုင်တဲ့ အပြစ်ဆိုတာ မရှိပါဘူး၊ အထူးသဖြင့် သင်ဟာ အဲဒီအပြစ်အလွန်မှာ နောင်တရပြီး အလ္လာဟ် (سبحانه وتعالى)ဆီကို ပြန်လှည့်မယ်ဆိုရင်ပေါ့။
ဒီနေရာမှာ တမန်တော်မြတ် (ﷺ) ကျွန်မတို့ကို သင်ကြားပေးနေတာက ခွင့်လွှတ်ချမ်းသာမှုကို တောင်းခံခြင်းရဲ့ စိတ်နှလုံးသားအပေါ် သက်ရောက်နိုင်စွမ်းပဲ ဖြစ်ပါတယ်။ တမန်တော်မြတ် (ﷺ) မိန့်တော်မူခဲ့တာက အပြစ်ကြောင့် စိတ်နှလုံးပေါ်မှာ တင်ကျန်ခဲ့တဲ့ အမည်းစက်ဟာ နောင်တတရားနဲ့ ဖယ်ရှားရခံရုံတင်မဟုတ်ဘဲ ဝင်းလင်းတောက်ပလာတယ်လို့ ဆိုပါတယ်။ကျွန်မတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် နောင်တတရားရဲ့ အကျိုးသက်ရောက်မှုအကြောင်း တမန်တော်မြတ် (ﷺ) က “အပြစ်ဟာ အမှန်တကယ်ပင် သင့်ရဲ့ မှတ်တမ်းစာရွက်တွေပေါ်မှာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုအဖြစ် ပြောင်းလဲသွားတယ်” လို့ မိန့်တော်မူခဲ့ပါတယ်။ အမှန်တကယ် နောင်တရပြီးနောက်မှာ၊ အဲဒီမကောင်းတဲ့ လုပ်ဆောင်ချက်ဟာ တကယ်ပဲ ကောင်းတဲ့ လုပ်ဆောင်ချက်၊ ဟာဆနာဟ် (ကုသိုလ်) တစ်ခု ဖြစ်လာပါတယ်။
အဗ္ဗနု အလ်-ကိုင်ယင်မ်က တမန်တော်နှစ်ပါးရဲ့ ဥပမာတွေကို ပေးခဲ့ပါတယ်။ သူ ရှင်းပြထားတာက ရှိုင်သွာန်ဟာ တမန်တော်အာဒမ်(عليه السلام) ကို ကျဆင်းစေနိုင်ခဲ့လို့ ဝမ်းသာခဲ့ပေမယ့်၊ ရေငုပ်သမားတစ်ယောက်ဟာ ပင်လယ်ထဲငုပ်လျှင် ပုလဲတွေကို ကောက်ယူပြီးမှ ပြန်တက်လာတာကို သတိမပြုမိခဲ့ပါဘူး။ တမန်တော်အာဒမ်(عليه السلام) ဟာ နောင်တတရားရရှိပြီးနောက် ကမ္ဘာမြေပေါ် ရောက်လာရပေမယ့် အရင်ကထက် ပိုကောင်းလာခဲ့ပါတယ်။ အလ္လာဟ်(سبحانه وتعالى)ရှေ့မှာ သူ့အဆင့်အတန်းဟာ ဂျန္နဟ်မှာ ရှိစဉ်ကထက် ပိုမြင့်မားလာခဲ့ပါတယ်။ အလားတူပဲ တမန်တော်ယူနွတ်စ်(عليه السلام) ရဲ့ အဆင့်အတန်းသည်လည်း ဝေလငါးကြီးဝမ်းထဲ မြိုချခံရပြီးနောက် ပိုမိုကောင်းလာခဲ့ပါတယ်။
ကျွန်မတို့အပေါ် အလ္လာဟ်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာရင် နောင်တတရားရဲ့ အကျိုးသက်ရောက်မှုကတော့ – اِنَّ اللهَ یُحِبُّ التَّوَّابِیَن
“အလ္လာဟ်(سبحانه وتعالى)ဟာ နောင်တရသူတွေကို ချစ်မြတ်နိုးတယ်၊ အမြဲတမ်း အရှင့်ထံတော် ပြန်လှည့်လာသူတွေကို ချစ်မြတ်နိုးပါတယ်။”
နောင်တတရားရှိခြင်းဆိုတာက ကျွန်မတို့ဟာ အပြစ်မကျူးလွန်ခင်ကထက် အလ္လာဟ်(سبحانه وتعالى)နဲ့ ပိုမိုနီးကပ်သွားတယ်၊ ကျွန်မတို့ဟာ အရင်ကထက် အလ္လာဟ်အရှင်မြတ် ရဲ့ ချစ်ခြင်းမေတ္တာကို ပိုမိုခံစားရသူတွေ ဖြစ်လာတယ်ဆိုတာ ဆိုလိုပါတယ်။ ဒါကြောင့်ပဲ အလ္လာဟ်အရှင်မြတ်က ကျွန်မတို့ကို ဖန်ဆင်းပြီး အပြစ်ကျူးလွန်ခွင့် ပေးထားတာဟာ မမျှတဘူးလို့ မဆိုနိုင်တာပါ။ အဘယ်ကြောင့်ဆိုသော် အပြစ်ကျူးလွန်ပြီးနောက် နောင်တတရားရှိခြင်းက အလ္လာဟ်အရှင်မြတ် အာမခံပေးတဲ့ အဆင့်အတန်းဟာ အလ္လာဟ်(سبحانه وتعالى)ရဲ့ အပြစ်ကင်းတဲ့ ဖန်ဆင်းခံ ကောင်းကင်တမန်တွေရဲ့ အဆင့်အတန်းထက်တောင် ပိုမိုမြင့်မားနေလို့ပါ၊ ကောင်းကင်တမန်တွေမှာ ကိုယ်ပိုင်ဆန္ဒအလျောက် ရွေးချယ်ခွင့် မရှိပါဘူး။ နောင်တတရားရှိတဲ့ လူသားများဟာ အဆင့်အတန်းအရ ကောင်းကင်တမန်များကိုတောင် ကျော်လွန်ပြီး တက်လှမ်းနိုင်ပါတယ်။
ကျွန်မတို့ရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်တို့ကို ဖန်ဆင်းထားတဲ့ ထာဝရအရှင်တစ်ပါး ကျွန်မတို့မှာ ရှိပါတယ်။ အတိတ်က ကျွန်မတို့ ဘာလုပ်ခဲ့သလဲဆိုတာ အရေးမကြီးပါဘူး၊ ဘာလို့လဲဆိုတော့ အလ္လာဟ်အရှင်မြတ်က အဲဒီအတိတ်ကို ဘယ်လိုကိုင်တွယ်ရမလဲကို ကျွန်မတို့ သိလာရင် ပိုကောင်းတဲ့ အနာဂတ်ကို အာမခံပေးထားပြီး၊ အဲဒါက ကျွန်မတို့ကို အလ္လာဟ်အရှင်မြတ်အနီးသို့ ပို့ပေးမှာ ဖြစ်လို့ပါပဲ။
ကျွန်မတို့ရဲ့ နောင်တတရားတိုင်းမှာ၊ ကျွန်မတို့ရဲ့ အပြစ်တွေတိုင်းမှာ၊ ကျွန်မတို့ရဲ့ ကောင်းမှုကုသိုလ်တွေတိုင်းမှာ အလ္လာဟ်အရှင်မြတ်၏ ချစ်မြတ်နိုးခြင်းခံရသူတွေအနေနဲ့ ပါဝင်ခွင့်ရနိုင်စေဖို့ အလ္လာဟ်(سبحانه وتعالى)ထံတော်မှာ စိတ်အားထက်သန်စွာနဲ့ ဒုအာအ်တောင်းကြပါစို့။ အာမင်န်။