အလ္လာဟ် (سبحانه وتعالى) သည် ကျမ်းမြတ်ကုရ်အာန်ထဲတွင် وَاللهُ يُحِبُّ الصَّابِرِينَ “အရှင်မြတ်သည် စိတ်ရှည် သည်းခံတတ်သူများကို ချစ်မြတ်နိုးပါတယ်” လို့ မိန့်ဆိုထားပါတယ်။ အရှင်မြတ်က သည်းခံဖို့ကြိုးစားနေသူတိုင်းကို ချစ်မြတ်နိုးပါတယ်။ သည်းခံခြင်း(Sbr)နဲ့ ယုံကြည်အားကိုးခြင်း (Tawakkul)ဆက်စပ်မှုက ထင်ရှားပါတယ်။ ကျွန်မတို့ကသာ အလ္လာဟ် (سبحانه وتعالى) ကို မယုံကြည်ဘူးဆိုလျင် သည်းခံနိုင်ကြမှာ မဟုတ်ပါဘူး။
ကျွန်မတို့ဘဝကို ထိန်းချုပ်နေတဲ့သူ တစ်ယောက်ရှိတယ်ဆိုတာ နားမလည်မချင်း ကျွန်မတို့ဟာ ဘဝမှာ ဖြစ်ပျက်နေတာတွေကို သည်းခံနိုင်မှာ မဟုတ်ပါဘူး။ အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ရဲ့ အကောင်းဆုံးအကျိုးအတွက် ဆောင်ရွက်နေတယ်ဆိုတာ ခိုင်မာစွာ နားမလည်ရင် ကျွန်မတို့ဟာ မမှန်ကန်တဲ့ အပြုအမူတွေကနေ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဆွာဗရ် (သည်းခံခြင်း) နဲ့ တာဝက္ကုလ် (ယုံကြည်အားကိုးခြင်း)ကြား ဆက်စပ်မှုက မရှိမဖြစ် လိုအပ်ပါတယ်။ အလ္လာဟ် (سبحانه وتعالى) က အရှင်မြတ်ကို ယုံကြည်အားကိုးသူတွေကို ချစ်သလို သည်းခံသူတွေကိုလည်း ချစ်ကြောင်း ဖော်ပြထားပါတယ်။
ကျွန်မတို့ကို စိတ်ရှည်သည်းခံတတ်သူအဖြစ် ပြုလုပ်ပေးဖို့ အလ္လာဟ် (سبحانه وتعالى) ထံ တောင်းဆိုခြင်းဟာ ကောင်းတဲ့အရာပါ။ သည်းခံတတ်သူတွေထဲက တစ်ယောက်ဖြစ်လာစေမယ့် ဆွာဗရ် (သည်းခံခြင်း) အရည်အသွေးကို အလ္လာဟ် (سبحانه وتعالى) ထံ တောင်းဆိုတာလည်း ကောင်းမွန်ပါတယ်။ ဒါပေမယ့် သည်းခံခြင်းဟာ ခက်ခဲတဲ့အချိန်တွေမှာပဲ ကန့်သတ်ထားတာ မဟုတ်ဘူး – သည်းခံခြင်းဆိုတာ ကျွန်မတို့ရဲ့ ဘဝတစ်လျှောက်လုံး အလ္လာဟ် (سبحانه وتعالى) နဲ့အတူ လေ့ကျင့်ရမယ့်အရာပါ။ ဘယ်လိုလုပ်ရမှာလဲ? ခက်ခဲမှုတွေမှာ သည်းခံဖို့ဆိုတာ ထင်ရှားပါတယ်။ ကျွန်မတို့ဟာ ခက်ခဲဒုက္ခတွေမှာ သည်းခံတဲ့အခါ အလ္လာဟ် (سبحانه وتعالى) ရဲ့ချစ်ခြင်းကို ရရှိပါတယ်။ အကြောင်းကတော့ ကျွန်မတို့ဟာ အရှင်မြတ်ရဲ့ ဆုလာဘ်နဲ့ နှစ်သက်မှုအတွက် ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ ရွေးချယ်လိုက်လို့ပါပဲ။
(Abdullāh ibn Masʿūd)အဗ်ဒုလ္လာဟ် အဗ္ဗုနု မက်စ်အူဒ် (رحمه الله) က ဒီအကြောင်းနဲ့ပတ်သက်ပြီး အရမ်းနက်နဲတဲ့ စကားတစ်ခု ပြောခဲ့တယ်။ “ကေယာမဟ်နေ့မှာ လူအများစုဟာ သူတို့လုပ်ခဲ့တဲ့ ကောင်းမှုတွေကြောင့် ဂျန္နဟ်ဝင်ရတာမဟုတ်ဘဲ၊ သူတို့ ရင်ဆိုင်ခဲ့ရတဲ့ ခက်ခဲမှုတွေနဲ့ အဲဒီခက်ခဲမှုတွေကို တုံ့ပြန်တဲ့အခါ ပြသခဲ့တဲ့ သည်းခံခြင်းကြောင့်သာ ဖြစ်တယ်။” ဒါကြောင့် ကျွန်မတို့ဟာ တစ်သက်လုံး ပြင်ဆင်ထားကြပြီး ကြီးမားတဲ့ စမ်းသပ်မှုတစ်ခု ကျရောက်လာတဲ့အခါ၊ အလ္လာဟ် (سبحانه وتعالى) နဲ့အတူ သည်းခံခြင်းကို ဖော်ပြကြပါတယ်။ အဲဒီခက်ခဲမှုတွေကြား အလ္လာဟ် (سبحانه وتعالى) အား ချစ်ခြင်းကို ဖော်ပြကြတယ်။ ဒါဟာ ယုံကြည်အားကိုးခြင်း (Tawakkul) ပေါ်မှာပဲ အခြေခံ မူတည်ထားပြီး ကျွန်မတို့ကို အလ္လာဟ် (سبحانه وتعالى) ဆီက အမြင့်ဆုံးဆုလာဘ်ကို ရရှိစေပါတယ်။
ကေယာမဟ်နေ့မှာ ခက်ခဲမှုတွေထဲ သည်းခံခဲ့တာအတွက် အလ္လာဟ် (سبحانه وتعالى) ရဲ့ နှစ်သက်မှုကို ရရှိဖို့ဆိုတာ အလွန်ကြီးမားတဲ့ကိစ္စပါ။ ဒါကြောင့် ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကို ထိန်းချုပ်ပြီး ကိုယ့်ရဲ့ဒုက္ခတွေအစား အရှင်မြတ်ရဲ့ နှစ်သက်မှုကို မြင်တဲ့အတွက် ကိုယ့်ကိုယ်ကို ထိန်းသိမ်းကြတယ်။ ကျွန်မတို့ဟာ လက်ငင်း ခက်ခဲမှုအစား ကျွန်မတို့အတွက် အလ္လာဟ် (سبحانه وتعالى) ရဲ့ ရည်မှန်းချက်ကို မြင်ကြတယ်။ အဲဒီရည်မှန်းချက်က ကျွန်မတို့ ရင်ဆိုင်နေရတဲ့ ခက်ခဲမှုတွေကို ကျော်လွှားနိုင်စေပါတယ်။ အကြောင်းကတော့ သည်းခံခြင်းနဲ့အတူ လွယ်ကူမှုလည်း လာတတ်လို့ပါ။
ကိုယ်ပိုင်တပ်မက်မှုတွေ (ရှဟ်ဝဟ်) နဲ့ပတ်သက်ရင် သည်းခံခြင်းကလည်း ကြီးမြတ်တဲ့ ဂုဏ်ရည်တစ်ခုပါ။ ကျွန်မတို့ဟာ ကိုယ့်ရဲ့ တပ်မက်မှုတွေနဲ့ ဆန္ဒတွေကို ခွင့်မပြုထားတဲ့နည်းလမ်းတွေနဲ့ လုပ်ဆောင်ခြင်းမှ ကိုယ့်ကိုယ်ကို ထိန်းချုပ်ကြပါတယ်။ ဒါကြောင့်ပဲ အလ္လာဟ် (سبحانه وتعالى) က ဥပုသ်စောင့်ခြင်း (ဆွောင်မ်) ကို သည်းခံခြင်းလို့ ခေါ်ပြီး وَاسْتَعِينُوا بِالصَّبْرِ وَالصَّلاَةِ “သည်းခံခြင်းနဲ့ ဆွာလာဟ်ဝတ်ပြုခြင်းအားဖြင့် အကူအညီတောင်းကြပါ” လို့ မိန့်ဆိုထားပါတယ်။ ပညာရှင်တွေ ပြောကြတာကတော့ ဒီနေရာမှာ “သည်းခံခြင်း” ဆိုတဲ့ စကားလုံးဟာ “ဥပုသ်စောင့်ခြင်း” ဆိုတဲ့ စကားလုံးကို အစားထိုးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျွန်မတို့ လုပ်ဆောင်သင့်တဲ့ အရာတစ်ခုကတော့ အဆင်ပြေတဲ့အချိန်တွေမှာလည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ပါ။ လူတွေဟာ အဆင်ပြေချိန်တွေမှာ စိတ်ရှည်သည်းခံမှု မရှိတော့တဲ့အခါ၊ သူတို့ဟာ ကိုယ့်ရဲ့ ဆန္ဒတွေအတိုင်း လိုက်ပါလုပ်ဆောင်တတ်ကြတယ်။ အကြောင်းကတော့ သူတို့က တစ်သက်မှာတစ်ခါပဲ ရှင်သန်ရမယ်လို့ ထင်လို့ပါ။ ဒါပေမယ့် အဲဒါဟာ မမှန်ကန်ပါဘူး။ ကျွန်မတို့ရဲ့ ဘဝဟာ ထာဝရဖြစ်တယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ ဒီလောကမှာတော့ ကျွန်မတို့ရဲ့ နေ့ရက်တွေ ရေတွက်ပြီးသားဖြစ်နိုင်ပေမယ့် နောက်တမလွန်ဘဝကတော့ ထာဝရအတွက်ပါ။ ဒါဆို ကျွန်မတို့က ဘာကြောင့်များ နောက်ထပ်အသက်ရှင်ရတော့မှာ မဟုတ်ဘူးလို့ ထင်ပြီး အဲဒီဆန္ဒတွေအတိုင်း အပြေးအလွှား လုပ်ဆောင်ဖို့၊ အလိုဆန္ဒအားလုံးကို ဖြည့်ဆည်းဖို့၊ ပတ်ဝန်းကျင်က ကောင်းတာတွေ သို့မဟုတ် ကောင်းတာလို့ ဟန်ဆောင်ထားတဲ့ စမ်းသပ်မှုတွေအားလုံးကို သုံးစွဲဖို့ အပြေးအလွှား လုပ်နေကြတာလဲ?
ကျွန်မတို့ အဆင်ပြေချိန်မှာလည်း သည်းခံတာ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ တပ်မက်မှုတွေကို သည်းခံတာဟာ အရေးကြီးပါတယ်။ အကြောင်းကတော့ နောင်တမလွန်ဘဝမှာ အလ္လာဟ် (سبحانه وتعالى) ကျွန်မတို့ကို အာမခံပေးထားတဲ့ ဆုလာဘ်ဟာ ဒီလောကမှာ ကျွန်မတို့ ရနိုင်တဲ့ ဘယ်အရာထက်မဆို ပိုကြီးမားတယ်ဆိုတာ သိလို့ပါ။ အလ္လာဟ် (سبحانه وتعالى) ရဲ့ နှစ်သက်မှုနဲ့ ဆုလာဘ်အကြောင်း စဉ်းစားမိရင် ခက်ခဲမှုတွေကို ကျော်ဖြတ်နိုင်သလိုပဲ အဆင်ပြေချိန်တွေကိုလည်း ကျော်ဖြတ်နိုင်စေပါတယ်။
ပညာရှင်တွေ ဖော်ပြထားတဲ့ နောက်ဆုံး သည်းခံခြင်းပုံစံကတော့ အလ္လာဟ် (سبحانه وتعالى) ကို ဝတ်ပြုကိုးကွယ်တဲ့အခါ သည်းခံခြင်းပါ။ ကျွန်မတို့ဟာ အလ္လာဟ် (سبحانه وتعالى) ကို ဝတ်ပြုကိုးကွယ်တဲ့အခါ သည်းခံမှုမရှိဘူး၊ အရှင်မြတ်ရဲ့ အမိန့်တော်တွေကို မလိုက်နာဘူးဆိုရင် အဲ့ဒါဟာ အလ္လာဟ် (سبحانه وتعالى) အပေါ် လေးစားမှုမရှိတာကို ပြသနေတာပါ။ ဝတ်ပြုကိုးကွယ်မှုတွေကို မပြတ်မကွက်လုပ်ဆောင်နိုင်ဖို့ သည်းခံတာဟာ အလ္လာဟ် (سبحانه وتعالى) အတွက် လမ်းကြောင်းမှန်ကို ဆက်လျှောက်ဖို့ ဆန္ဒရှိကြောင်း ဖော်ပြနေတာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ရဲ့ ပြုလုပ်သမျှ ကောင်းမှုတိုင်းကို လက်ခံပေးခြင်းကို မြင်ချင်လိုကြပြီး မှန်မှန်ကန်ကန်နဲ့ ပြုလုပ်ချင်ကြတာမို့ပါ။ ပြီးတော့ အိဟ်ဇာန်(အကောင်းဆုံးလုပ်ဆောင်ခြင်း၊ သာလွန်ခြင်း) နဲ့ လုပ်ဆောင်ချင်ကြလို့၊ အကောင်းမွန်ဆုံးဆိုတာကို ပြသချင်ကြလို့ပါပဲ။ ကျွန်မတို့ရဲ့ လုပ်ဆောင်မှုတိုင်းက وَاللهُ يُحِبُّ الصَّابِرِينَ “အလ္လာဟ်က သည်းခံသူတွေကို ချစ်တယ်”ဆိုခြင်းရဲ့ ရလဒ်တစ်ခုအတွက်ပါ။
ယာအလ္လာဟ်။ ကျွန်တော်မျိုးမတို့ အား သည်းခံခြင်းကြောင့် အလ္လာဟ် (سبحانه وتعالى)၏ ချစ်မြတ်နိုးခြင်းကို ခံရသူများထဲမှ တစ်ဦး ဖြစ်ခွင့်ပေးသနားတော်မူပါ။ အာမီန်း။