Skip to content

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော… စေ့စပ်သေချာစွာ လုပ်ဆောင်ခြင်း 

နောက်တစ်ခုက အရည်အသွေးတစ်ခုဖြစ်ပြီး အရှေ့မှာပြောခဲ့တဲ့ အရည်အသွေးနှစ်ခု (ဂုဏ်သိက္ခာရှိတဲ့နှိမ့်ချခြင်း၊ သည်းခံခြင်းနှင့် ဆင်ခြင်တုံတရားရှိခြင်း)ကို အခြေခံထားကာ ကျွန်မတို့ရဲ့ လုပ်ကိုင်နည်းနဲ့ လုပ်ငန်းခွင်ကျင့်ဝတ်တွေမှာ ထင်ဟပ်ပေါ်လွင်စေပါတယ်။ တမန်တော်မြတ် (ﷺ) က


إِنَّ اللَهَ تَعَالَى يُحِبُّ إِذَا عَمِلَ أَحَدُكُمْ عَمَلًا أَنْ يُتْقِنَهُ

“အသင်တို့ထဲက တစ်ယောက်ယောက်က တစ်စုံတစ်ရာ လုပ်ဆောင်ရင်၊ ထိုသူ အဲဒါကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်တာကို အလ္လာဟ် (سبحانه وتعالى) ချစ်တော်မူတယ်” လို့ မိန့်တော်မူခဲ့ပါတယ်။ တနည်းအားဖြင့် သူတို့ဟာ အဲဒါကို စေ့စေ့စပ်စပ်နဲ့ လုပ်ဆောင်ကြတာ၊ အာရုံစူးစိုက်မှု အပြည့်အဝနဲ့ လုပ်ဆောင်ကြတာပဲ ဖြစ်ပါတယ်။

အစ်သ်ကန်اتَﻘﺎن (itqān) ရဲ့အဓိပ္ပာယ်က အကောင်းမွန်ဆုံးသော လုပ်ငန်းကျင့်ဝတ်နှင့်လုပ်ဆောင်ခြင်း သို့မဟုတ် စေ့စပ်သေချာစွာလုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အစောပိုင်းမှာ ကျွန်မ ပြောခဲ့တဲ့ اْﺣَﺴﺎن (iḥsān) ကတော့ ကောင်းမြတ်ခြင်း၊ ကောင်းမွန်စွာလုပ်‌ဆောင်ခြင်း (excellence) ဖြစ်ပေမယ့် မိမိကိုယ်ကို ပိုမိုမြင့်မားတဲ့ စံနှုန်းတွေ ချမှတ်ဖို့ အမြဲကြိုးစားတဲ့ ပိုကျယ်ပြန့်တဲ့ အဓိပ္ပာယ်ကို ဆောင်ပါတယ်။ Iḥsān က အလ္လာဟ် (سبحانه وتعالى) နဲ့ပတ်သက်ပြီး ကျွန်မတို့မှာရှိတဲ့ စိတ်အားထက်သန်မှုနဲ့ တွန်းအားကို ဆိုလိုတာပါ။ itqān ကတော့ ပိုမြင့်မားတဲ့ လုပ်ငန်းခွင်ကျင့်ဝတ်ကို ညွှန်းဆိုပါတယ်။ ဒါကြောင့် စိတ်အားထက်သန်မှုသက်သက်မှာ ပိုမြင့်မားတဲ့စံနှုန်းမဟုတ်ဘဲ၊ လုပ်ငန်းခွင်ကျင့်ဝတ်မှာလည်း ပိုမြင့်မားတဲ့စံနှုန်း ဖြစ်ပြီး ဒါဟာ ပိုမြင့်မားတဲ့ စိတ်အားထက်သန်မှုရဲ့ သက်သေတစ်ခုလည်း ဖြစ်ပါတယ်။

 အကယ်၍ ကျွန်မတို့ဟာ itqān၊ ကျွန်မတို့ရဲ့ လုပ်ငန်းခွင်ကျင့်ဝတ်မှာ စေ့စပ်သေချာစွာလုပ်ဆောင်ပြီး အသေးစိတ်အချက်တွေကို ဂရုပြုတတ်တယ်ဆိုရင်၊ ဒါဟာ ပိုမြင့်မားတဲ့ စိတ်အားထက်သန်မှုနဲ့ ပိုမြင့်မားတဲ့ iḥsān အဆင့်ကို ညွှန်ပြနေတာပါ။ ကျွန်မတို့ အစ္စလာမ်သမိုင်းကို ကြည့်ပြီး အံ့မခန်းဗိသုကာလက်ရာတွေ၊ အာရဗစ်စာလုံးအလှရေးထိုးမှုတွေနဲ့ အသေးစိတ်အချက်တွေကို အရမ်းဂရုစိုက်ထားတဲ့ အရာအားလုံးကို ထုတ်လုပ်ခဲ့ပုံတွေကို ကြည့်ရင်၊ ဒါတွေအားလုံးကို လုပ်ဆောင်ခဲ့ကြတဲ့သူတွေဟာ သူတို့လုပ်တဲ့ အရာတိုင်းကို အာရုံစိုက်ခဲ့ကြပြီး ဒါက ပိုမြင့်မားတဲ့ လုပ်ငန်းခွင်ကျင့်ဝတ်အဖြစ် သက်ရောက်ခဲ့ကာ နောက်ဆုံးမှာ အဲဒီလို တိုးတက်မှုတွေ ဖြစ်လာခဲ့တာပါ။ ကျွန်မတို့ လုပ်ဆောင်နေတဲ့ အလုပ်တွေနဲ့ပတ်သက်ပြီး၊ အထူးသဖြင့် အစ္စလာ့မ်အလုပ်တွေ၊ ဝန်ဆောင်မှုအလုပ်တွေ လုပ်တဲ့အခါမှာ ဒီအချက်ကို တကယ်အာရုံစိုက်စေချင်ပါတယ်။

 ပုံမှန်အားဖြင့် ကျွန်မတို့တွေဟာ အကောင်းဆုံး အကြောင်းပြချက်ကို သုံးပြီး မကောင်းတဲ့အလုပ်ကို အမြဲလိုလို ခွင့်လွှတ်လေ့ရှိကြပါတယ်။ “ကျွန်မ စေတနာ့ဝန်ထမ်းလုပ်နေတာပါ၊ အလ္လာဟ် (سبحانه وتعالى) အတွက် လုပ်နေတာဆိုတော့ သပ်သပ်ရပ်ရပ် မဖြစ်လည်း ကိစ္စမရှိပါဘူး။ သေသေချာချာ ဂရုစိုက်စရာ မလိုဘူး။ ဒီအတွက် လစာရတာ မဟုတ်ဘူး၊ ကုမ္ပဏီမှာလုပ်နေတာမှ မဟုတ်တာ၊ ဘော့စ်ကို စိုးရိမ်စရာ မလိုပါဘူး။” ဒါပေမယ့် စဉ်းစားကြည့်ပါ! အစ္စလာမ်လုပ်ငန်းအတွက် ဘယ်သူက ကျွန်မတို့ကို ပေးနေသလဲ?

ဘယ်သူ့အတွက် ကျွန်မတို့ ဒါကို လုပ်နေတာလဲ? ကိုယ့်ဘော့စ်ထက် ကြီးမြတ်တဲ့၊ ကျွန်မတို့ရနိုင်တဲ့ ငွေကြေးထက် ကြီးမြတ်တဲ့ အရာအတွက်ပါ။ ကျွန်မတို့ဟာ ထူးခြားတဲ့ စိတ်အားထက်သန်မှုရှိလို့ ထူးခြားတဲ့ လုပ်ငန်းခွင်ကျင့်ဝတ်နဲ့ အရာတွေကို လုပ်ဆောင်တာပါ။ ကျွန်မတို့ လုပ်ဆောင်တဲ့ အလုပ်မှာ၊ လောကီပဲဖြစ်ဖြစ်၊ ဘာသာရေးပဲဖြစ်ဖြစ်၊ အသေးစိတ်အချက်တွေကို ဂရုစိုက်တာ၊ ကိုယ့်ကိုယ်ကို ပိုမြင့်မားတဲ့ စံနှုန်းတွေ ထားရှိတာကို အလ္လာဟ် (سبحانه وتعالى) ချစ်တော်မူပါတယ်။ Iḥsān ကို များသောအားဖြင့် ဝတ်ပြုမှုပိုင်းမှာ ပြောလေ့ရှိတာမို့ အလ္လာဟ် (سبحانه وتعالى) ကို ဝတ်ပြုတဲ့အခါ၊ အလ္လာဟ် (سبحانه وتعالى) အတွက်ဆိုရင် ထူးခြားမြင့်မြတ်တဲ့ ဝတ်ပြုမှု ဖြစ်သင့်ပါတယ်။

 ထိုနည်းတူစွာပဲ၊ အကယ်၍ ကျွန်မတို့ဟာ အလ္လာဟ် (سبحانه وتعالى) အတွက် အလုပ်လုပ်နေတယ်ဆိုရင် ကျွန်မတို့ရဲ့ လုပ်ငန်းခွင်ကျင့်ဝတ်နဲ့ပတ်သက်ပြီးလည်း ထူးခြားမွန်မြတ်သင့်ပါတယ်။ အသေးစိတ်အချက်တွေကို ဂရုစိုက်တာ၊ အရာအားလုံးကို မှန်ကန်စွာလုပ်ဆောင်တာ၊ iḥsān ရဲ့ စိတ်ဓာတ်နဲ့ itqān ရဲ့ လုပ်ငန်းခွင်ကျင့်ဝတ်ကို တွဲဖက်လုပ်ဆောင်ရမှာပါ။ ဒီ ထူးခြားမွန်မြတ်မှု နှစ်မျိုးကို ပေါင်းစပ်ဖို့ ကြိုးစားကြရမယ် – ပိုမြင့်မားတဲ့ စိတ်အားထက်သန်မှုရဲ့ စံနှုန်းကို ကျွန်မတို့လုပ်တဲ့ အလုပ်မှာလည်း ပိုမြင့်မားတဲ့ စံနှုန်းနဲ့ ပေါင်းစပ်တာပေါ့။

ကျွန်မတို့ဟာ ဒီအရာနှစ်ခုကို ကျွန်မတို့ကို ပေးသနားဖို့ အလ္လာဟ် (سبحانه وتعالى) ထံမှာ တောင်းခံလေ့ရှိကြပါတယ်၊ ဒါမှ ကျွန်မတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ အဲဒီစိတ်အားထက်သန်မှုရဲ့ ရလဒ် နှစ်ခုစလုံးမှာ ပေါ်လွင်မယ်၊ ကျွန်မတို့ရဲ့ အလုပ်နဲ့ ဝတ်ပြုမှု နှစ်ခုစလုံးမှာ ပေါ်လွင်မယ်။

ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့အား အရှင်မြတ်ချစ်တဲ့သူတွေ ဖြစ်စေဖို့၊ ကေယာမဟ်နေ့မှာလည်း ဒီလိုအရည်အသွေးတွေက ကျွန်မတို့အတွက် သက်သေတစ်ခု ဖြစ်စေဖို့ တောင်းဆုဒုအာအ်ပြုပါတယ်။ အာမီန်း။

အလ္လာဟ်ချစ်မြတ်နိုးသော...

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…သည်းခံခြင်းနှင့် ဆင်ခြင်တုံတရားရှိခြင်း အလ္လာဟ်အရှင် ချစ်မြတ်နိုးသော… စဉ်ဆက်မပြတ်လုပ်ဆောင်ခြင်း