ကျွန်မတို့ အရှေ့ဆောင်းပါးမှာ တစ်သမတ်တည်းလုပ်တဲ့နည်းလမ်းဟာ ကောင်းမှုအလုပ်တွေမှာ အလ္လာဟ် အချစ်ဆုံးအရည်အသွေးဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ဒီအရာကို အလ္လာဟ်အရှင် အချစ်ဆုံး ကောင်းမှုအလုပ်တွေမှာ အသုံးချဖို့ ဖြစ်သင့်ပါတယ်။ တမန်တော်မြတ် (ﷺ) မိန့်တော်မူခဲ့တဲ့အတိုင်း ကေယာမဟ်နေ့မှာ ကျွန်မတို့ ပထမဆုံး မေးခံရမယ့်အရာက ဆွလာဟ်၊ နမာဇ်အကြောင်း ဖြစ်တယ်ဆိုတာ ကျွန်မတို့ သိပြီးသားပါ။
တမန်တော်မြတ်(ﷺ) အလ္လာဟ့်အရှင်မြတ်အမိန့်တော်ခံခါနီးမှာ ، اَلصَّلاَةُ ، اَلصَّلاَةُ ، وَاسْتَوصُوا بِالنِّسَاءِ خَيْرًا “အသင်တို့ရဲ့ ဆွလာဟ်၊ အသင်တို့ရဲ့ ဆွလာဟ် နဲ့ အမျိုးသမီးတွေကို ကောင်းစွာ ဆက်ဆံကြပါ” လို့ မိန့်တော်မူခဲ့ပါတယ်။
ရှဟာဒါဟ် ကလိမဟ်နဲ့ အစ္စလာမ်ဘာသာဝင်ဖြစ်လာပြီးတဲ့နောက်မှာ ဆွလာဟ်ဟာ အစ္စလာမ့်ရဲ့ အခြေခံအကျဆုံးသော မဏ္ဍိုင်ဖြစ်ပါတယ်။ တမန်တော်မြတ် (ﷺ) က ဒီအခြေခံ မဏ္ဍိုင်ကို တစ်သမတ်တည်း ကျင့်သုံးဖို့ သင်ကြားပေးခဲ့ပါတယ်။ ဒီအခန်းမှာ ဖော်ပြမယ့် ဟဒီးဆ်တော်ကတော့ အဗ္ဗဒူလာဟ် အဗ္ဗုနု မက်စ်အူးဒ် (رضي الله عنه) ဆီကနေ ရရှိထားတာပါ။ သူက “ကျွန်တော် တမန်တော်မြတ် (ﷺ) ကို أيُّ الْعَمَلِ أحَبُّ إِلَى اللهِ ‘ဘယ်လိုအလုပ်တွေက အလ္လာဟ် (سبحانه وتعالى) ဆီမှာ အချစ်ဆုံးပါလဲ’ လို့ မေးတော့၊ တမန်တော်မြတ် (ﷺ) က اَلصَّلاَةُ لِوَقْتِهَا ‘အချိန်မှန် ဆွလာဟ်’လို့ ဖြေကြားခဲ့ပါတယ်” လို့ ဆိုပါတယ်။ နောက်ထပ်တဆင့်ပြန်ပြောတဲ့ ဟဒီးဆ်တော်တစ်ခုမှာ တမန်တော်မြတ် (ﷺ) က اَلصَّلاَةُ لِاَوَّلِ وَقْتِهَا “ဆွလာဟ်အချိန်စတာနဲ့ ဝတ်ပြုခြင်း” လို့ မိန့်တော်မူခဲ့ပါတယ်။
ရိုးရှင်းတယ်လို့ ထင်ရပေမယ့် ဒီအကြောင်းကို တစ်ခဏ စဉ်းစားကြည့်ရအောင်။ ကျွန်မတို့ တစ်ခါတစ်ရံ qiyām al-layl (ညဆွလာဟ်)၊ တရာဝီ ဆွလာဟ်၊ စွန္နဟ် ဆွလာဟ်နဲ့ ကျွန်မတို့ လုပ်နိုင်တဲ့ အပိုထပ်ဆောင်း ကောင်းမှုတွေအကြောင်း ပြောနေတုန်းမှာ ကျွန်မတို့ မမေ့သင့်တဲ့ နေ့စဉ် ဖရာဇ် ဆွလာဟ် ငါးချိန်ကို မေ့လျော့တတ်ကြပါတယ်။
ကျွန်မတို့ ပထမဆုံး စစ်မေးခံရမှာက ကျွန်မတို့ရဲ့ တာဝန်ဝတ္တရားတွေအကြောင်း၊ ကျွန်မတို့ ဘာသာရဲ့ အရေးကြီးဆုံးအပိုင်း၊ အဲ့ထဲမှာ ပထမဆုံးက နေ့စဉ် ဆွလာဟ် ငါးချိန်ပါ။ ဒီဆွလာဟ်တွေကို အချိန်မှန် ဝတ်ပြုခြင်း၊ သေချာကာကွယ်ထိန်းသိမ်းခြင်း၊ ဆွလာဟ်ရဲ့ မဏ္ဍိုင်အားလုံးကို လိုက်နာကြောင်း သေချာအောင်လုပ်ခြင်း၊ ဘာမှ မချန်လှပ်မိကြောင်း သေချာအောင်လုပ်ခြင်းတို့ဟာ ကျွန်မတို့ အလ္လာဟ် (سبحانه وتعالى) အတွက် လုပ်နိုင်တဲ့ အချစ်ဆုံးအရာ ဖြစ်ပါတယ်။
ညဆွလာဟ်နဲ့ စွန္နဟ်ဆွလာဟ်တွေက ဖရာဇ်ဆွလာဟ်တွေအတွက် အကာအကွယ် ဖြစ်စေတယ်ဆိုတာမို့ ညဆွလာဟ်နဲ့ စွန္နဟ်ဆွလာဟ်တွေအကြောင်းလည်း ပြောသင့်ပေမယ့် ဖရာဇ်ဆွလာဟ်တွေက ဒါတွေအားလုံးရဲ့ အခြေခံအကျဆုံးအရာဖြစ်ကြောင်း နားလည်ထားဖို့ လိုပါတယ်။ ဒါကြောင့် တမန်တော်မြတ် (ﷺ) က “ကေယာမဟ်နေ့မှာ သူတို့ရဲ့ ဖရာဇ်ဆွလာဟ်တွေမှာ ချို့ယွင်းချက်တွေရှိရင် အလ္လာဟ် (سبحانه وتعالى) က ‘သူတို့ရဲ့ နဖိလ်ဆွလာဟ်တွေ ဘယ်မှာလဲ?’ လို့ မေးပြီး အလ္လာဟ် (سبحانه وتعالى) က လွဲခဲ့တဲ့ ဖရာဇ်ဆွလာဟ်တွေ သို့မဟုတ် ဖရာဇ်ဆွလာဟ်တွေမှာရှိတဲ့ ချို့ယွင်းချက်တွေကို ဒီနဖိလ်ဆွလာဟ်တွေနဲ့ ဖြည့်စွက်ပေးပါတယ်” လို့ မိန့်တော်မူခဲ့ပါတယ်။ နဖိလ်ဆွလာဟ်တွေဟာ ကျွန်မတို့ရဲ့ ဖရာဇ်ဆွလာဟ်တွေမှာရှိတဲ့ ချို့ယွင်းချက်တွေကို ကာမိစေရန် ရည်ရွယ်ပါတယ် – ဆွလာဟ်ပြုနေစဉ် ကျွန်မတို့မှာ စိတ်လွင့်ပါးမှုတွေ၊ နှောင့်ယှက်မှုတွေနဲ့ အာရုံပြောင်းစေတဲ့ အကြောင်းအရာတွေ ရှိနေတာ ထင်ရှားပါတယ်။
ဆွလာဟ်ကို အချိန်စတာနဲ့ ဝတ်ပြုခြင်းအကြောင်း တစ်ခဏ အာရုံစိုက်ကြည့်ရအောင်။ ဒါက ဘာကြောင့် အလ္လာဟ် (سبحانه وتعالى) ဆီမှာ ဒီလောက်အချစ်ခံရတာလဲ? အမှန်တော့ (အိရှားအ်) ဆွလာဟ်မှလွဲပြီး ကျန်ဆွလာဟ်အားလုံးအတွက် အချိန် စတာနဲ့ ပြုလုပ်သင့်ပါတယ်။ အိရှားအ်အတွက်ကတော့ နည်းနည်းနောက်ကျမှ ပြုလုပ်ရန် ပိုသင့်တော်ပါတယ်။ ဆွလာဟ်အချိန်စတာနဲ့ ပြုလုပ်ခြင်းက ဘာကြောင့် ဒီလောက်ထူးခြားတာလဲ? ကျွန်မတို့က حَيَّ عَلَى الصَّلاةِ، حَيَّ عَلَى الفَلاَح “ဆွလာဟ်ဆီလာကြ၊ အောင်မြင်မှုဆီလာကြ” ဆိုတာကို ကြားတဲ့အခါ၊ ကျွန်မတို့ဟာ ဆွလာဟ်ကိုလာတဲ့အခါ အလ္လာဟ် (سبحانه وتعالى) ကို တွေ့ချင်စိတ်ပြင်းပြပြီး တမ်းတနေကြတယ်ဆိုတာကို အလ္လာဟ် (سبحانه وتعالى) အား ပြသတာပါ။ Ibn al-Qayyim(رضي الله عنه) က “အလ္လာဟ် (سبحانه وتعالى) ဆီလာပါ – بِقَلْبٍ مُشْتَاقٍ – တမ်းတနေတဲ့ နှလုံးသားနဲ့” လို့ ဆိုပါတယ်။ အလ္လာဟ် (سبحانه وتعالى) ကို မျှော်လင့်တမ်းတနေတဲ့ နှလုံးသားနဲ့ပေါ့။ တမန်တော်မြတ် (ﷺ) ဟာ ارِحْنَا بِهَا يَا بِلاَل “အို ဘီလားဟ်၊ ဆွလာဟ်နဲ့ ကိုယ်တော်တို့ကို နှစ်သိမ့်စေပါ” လို့ ဆိုလေ့ရှိခဲ့ပါတယ်။ ကိုယ်တော်ဟာ ဆွလာဟ်ကို ကိုယ်တော့်မျက်စိများရဲ့ အေးမြမှုလို့လည်း ပြောလေ့ရှိခဲ့ပါတယ်။ ကျွန်မတို့ရဲ့ဘဝမှာ ဆွလာဟ်ကို ဦးစားပေးခြင်းဟာ ကျွန်မတို့ဟာ အလ္လာဟ် (سبحانه وتعالى) ကို ကျွန်မတို့ရဲ့ဘဝမှာ ဦးစားပေးနေကြောင်း ပြသတာပါ။
အလ္လာဟ် (سبحانه وتعالى) က အလုပ်တွေ၊ ကျောင်းတွေ၊ ခရီးသွားတာတွေနဲ့ တခြားအရာတွေကြောင့် ဆွလာဟ်ကို သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ နောက်ကျမှ ပြုလုပ်ရမယ်ဆိုတာကို အပြည့်အဝ နားလည်ပါတယ်။ အမှန်တကယ်ပဲ၊ ကျွန်မတို့ ခရီးသွားတဲ့အခါ ဆွလာဟ်တွေကို ပေါင်းပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ပုံမှန်နေ့တွေ၊ ပုံမှန်အချိန်ဇယားတွေမှာ၊ ဆွလာဟ်အချိန်စတာနဲ့ ဘယ်လောက်စောစော ပြုလုပ်ကြသလဲ? တစ်နေကုန်မှာ ကျွန်မတို့ ဆွလာဟ်ငါးချိန်လုံးကို ပြုလုပ်မှာပဲဆိုတာ ကျွန်မတို့ သတိထားမိမှာပါ၊ ဒါဟာ ကျွန်မတို့ ဆုံးဖြတ်ရမယ့် စိတ်နေသဘောထားတစ်ခုသာ ဖြစ်ပါတယ်။
အချို့လူတွေက နောက်ဆွလာဟ်အချိန် မတိုင်ခင် ငါးမိနစ်အလိုထိ စောင့်ကြတယ်၊ တခြားသူတွေကတော့ ဆွလာဟ်အချိန်စပြီး ငါးမိနစ်အတွင်းမှာပဲ ပြုလုပ်ကြတယ်။ နှစ်ဖက်စလုံးက ဆွလာဟ်ငါးချိန်ကို ပြုလုပ်တာပဲ ဖြစ်ပေမယ့် ကွာခြားတာက သူတို့ရဲ့ စိတ်နေသဘောထား၊ အလ္လာဟ် (سبحانه وتعالى) အပေါ် ထားရှိတဲ့ သဘောထားသာ ဖြစ်ပါတယ်။ အလ္လာဟ် (سبحانه وتعالى) က ကျမ်းမြတ်ကုရ်အာန်မှာ မုနာဖစ်က်တွေအကြောင်း وَإِذَا قَامُوا إِلَى الصَّلاَةِ قَامُوا كُسَالَى သူတို့ ဆွလာဟ်ဆီထသွားကြတဲ့အခါ၊ သူတို့ ပျင်းရိစွာ ထကြတယ်လို့ မိန့်တော်မူပါတယ်။ ထိုသူတို့က ဆွလာဟ်ပြုချင်တဲ့စိတ် မရှိဘူး။ သူတို့ခြေကို ဆွဲနေကြတယ်၊ ဆွလာဟ်ကို မနည်းလိုက်မိရုံလောက်ပဲ ရှိတယ်။ အလ္လာဟ် (سبحانه وتعالى) က အရင်ကလူမျိုးတွေအကြောင်းလည်း ပြောပြပါတယ် فَخَلَفَ مِنْ بَعْدِهِمْ خَلْفٌ أَضَاعُوا الصَّلاَةَ သူတို့နောက်မှာ မျိုးဆက်တွေ ထွက်ပေါ်လာပြီး ဆွလာဟ်ကို လျစ်လျူရှုကြတယ်၊ وَاتَّبَعُوا الشَّهَوَاتِ ပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင်တပ်မက်မှုတွေကို လိုက်ကြတယ်တဲ့။ ဒါကြောင့် သူတို့ အပြစ်ဒဏ်ခံရမှာပဲ။
Umar ibn al-Khaṭṭāb (رضي الله عنه) က ဒီအကြောင်းကို ပြောရာတွင် أَضَاعُوا الصَّلاَةَ “ထိုသူတို့ဟာ ဆွလာဟ်တွေကို လျစ်လျူရှုခဲ့ကြတယ်” ဆိုတာဟာ သူတို့ဟာ ဆွလာဟ်တွေကို ခွင့်ပြုထားတဲ့အချိန်ထက် ကျော်လွန်ပြီး နောက်ကျရန် ဆိုင်းငံ့လာခဲ့ကြတယ်ဆိုတာကို ဆိုလိုတယ်။ သူတို့ဟာ အဆွရ်ကို မဂ်ရစ်ဗ်အချိန်မှာ ပြုလုပ်ကြတော့တယ်။ အကယ်၍ ကျွန်မတို့က ဆွလာဟ်တွေကို အမြဲလိုလို နောက်ကျအောင်လုပ်နေရင်၊ နောက်ဆုံးမှာ ကျွန်မတို့ဟာ ဆွလာဟ်တွေကို နောက်ကျ ဖတ်လာကျပြီး တစ်ခါတစ်ရံ လုံးဝပျက်ကွက်မိလာမှာပါ။ ဒါဟာ အလိုလိုဖြစ်လာမယ့် ဆုတ်ယုတ်လာမှုပဲဖြစ်ပါတယ်။ ပြီးတော့ ထိုသူတို့ဟာ သူတို့ရဲ့ တပ်မက်မှုတွေနောက်ကို လိုက်ကြတော့တယ်။
ဒီအာယာဟ်အရှေ့မှာရှိတဲ့ အာယသ်တော်တွေမှာ၊ အလ္လာဟ် (سبحانه وتعالى) က စူရာဟ်မရ်ယမ်မှာ ဖော်ပြထားတာက၊ သူတော်စင်လူစုတွေဟာ အရ်-ရဟ်မာန် (အလွန်ကရုဏာတော်ရှင်) ရဲ့ အာယသ်တော်တွေကို ကြားတဲ့အခါ خَرُّوا سُجَّدًا وَبُكِيًّا သူတို့ဟာ သူတို့ရဲ့မျက်နှာတွေကို မြေကြီးပေါ် ဝပ်ချပြီး၊ စဂျ်ဒဟ်ပြုကာ ငိုယိုကြတယ်။ အူမရ်က ဒီအာယာဟ်ကို ရှင်းပြရာမှာ လှပတဲ့နည်းလမ်းတစ်ခုရှိခဲ့ပါတယ်။ သူက ဒီအာယာဟ်မှာ အလ္လာဟ် (سبحانه وتعالى) က သူတော်စင်တွေအကြောင်း ဖော်ပြရာတွင် သူတို့မှာ (Khuḍūʿ) ခူဒူအ် خُضُوع ရှိတယ်လို့ ဆိုပါတယ်။ ခူဒူအ်ဆိုတာ မိမိကိုယ်ကို ခန္ဓာကိုယ်ပိုင်းဆိုင်ရာအရ နှိမ့်ချတာဖြစ်ပါတယ်။ ဆိုလိုတာက အလ္လာဟ် (سبحانه وتعالى) ရှေ့တော်မှာ သင့်တော်တဲ့ပုံစံနဲ့ ရပ်တာ၊ ဆွလာဟ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေကို ထိန်းသိမ်းစောင့်ရှောက်တာပါ။ ဒါ့ကြောင့် သူတို့ဟာ အလ္လာဟ် (سبحانه وتعالى) ရှေ့မှာ သူတို့ရဲ့မျက်နှာကိုငုံ့ပြီး စဂျ်ဒဟ်ချခဲ့ကြတယ်။ ပြီးတော့ သူတို့မှာ (Khushūʿ) ခူရှူအ် خُشُوع ဒါမှမဟုတ် နူးညံ့နှိမ့်ချတဲ့စိတ်လည်း ရှိကြတယ်။ ခူရှူအ်ဆိုတာ သူတို့ကို ငိုယိုစေတဲ့ အတွင်းပိုင်းစိတ်ဓာတ်စည်းကမ်းပါ။ သူတို့ရဲ့ နောက်တစ်မျိုးဆက်ဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ စည်းကမ်းနှစ်ခုစလုံးကို ဆုံးရှုံးခဲ့တယ်။ အပြင်ပိုင်းအားဖြင့် သူတို့ဟာ ဆွလာဟ်တွေကို ဆုံးရှုံးခဲ့ပြီး၊ အတွင်းပိုင်းအားဖြင့် သူတို့ဟာ အလ္လာဟ် (سبحانه وتعالى) ထက်အခြားအရာတွေကို တပ်မက်တွယ်တာခဲ့ကြတယ်။
Ibn al-Qayyim(رضي الله عنه) က ဆွလာဟ်အကြောင်း အင်အားကြီးမားတဲ့ အချက်တစ်ချက်ကို ရေးသားခဲ့ပါတယ်။ သူက اِذَا دَخَلَ عَبْدُ اللهِ الصَّلَوةَ “အလ္လာဟ် (سبحانه وتعالى) ရဲ့ ကျေးကျွန်တစ်ဦးဟာ ဆွလာဟ်ထဲဝင်တဲ့အခါ ثُمَّ الْتَفَتَ ပြီးတော့ အလ္လာဟ် (سبحانه وتعالى) ဆီကနေ လှည့်ထွက်သွားတယ်” လို့ ဆိုပါတယ်။ ဒါဟာ အလ္လာဟ် (سبحانه وتعالى) ဆီက ရုပ်ပိုင်းဆိုင်ရာ လှည့်ထွက်တာ မဟုတ်ဘဲ၊ စိတ်ပိုင်းဆိုင်ရာအရ လှည့်ထွက်တာ ဖြစ်ပါတယ်။ قَالَ اللهُ عَزَّوَجَلَّ “အလ္လာဟ် (سبحانه وتعالى) က ဒီကျေးကျွန်ကို يَا عَبْدُ اِلَي اَيْنَ خَيْرًا مِنِّي ‘အို အရှင်ရဲ့ ကျေးကျွန်၊ အသင်က အရှင်မြတ်ထက်ပိုကောင်းတဲ့ ဘယ်ဆီကို လှည့်နေရတာလဲ?’ – အသင်က အရှင့်ထက်ပိုကောင်းတဲ့ ဘာကိုတွေ့လို့လဲ? အရှင့်ထက်ပိုပြီး ထိုက်တန်တာ ဘာကိုတွေ့လို့လဲ?” လို့ မိန့်တော်မူပါတယ်။
ဒါကြောင့် အခြေခံအကျဆုံးအချက်ကနေ စကြရအောင်။ အကယ်၍ ကျွန်မတို့ တစ်ခုခုကို မှန်ကန်စွာလုပ်နိုင်မယ်ဆိုရင်၊ ကျွန်မတို့ရဲ့ နေ့စဉ်ဆွလာဟ် ငါးချိန်ကို အချိန်မှန်ပြုလုပ်ဖို့ ကြိုးစားပြီး၊ ဆွလာဟ်တွေကို မလွဲခြင်းအားဖြင့် သတ်မှတ်အချိန်ရောက်တာနဲ့ စောစောပြုလုပ်ဖို့ အလေ့အကျင့်ဖြစ်အောင် လုပ်ကြပါစို့။ ဒါဟာ အလ္လာဟ် (سبحانه وتعالى) နဲ့အတူ ကောင်းချီးမင်္ဂလာရှိတဲ့တာဝန်တစ်ခု ဖြစ်လာပါလိမ့်မယ်။ တမန်တော်မြတ် (ﷺ) က “တစ်စုံတစ်ယောက်ဟာ ဆွလာဟ် ငါးချိန်ကို အချိန်မှန်ပြုလုပ်ခဲ့ပြီး၊ ဘာမှမချန်လှပ်ခဲ့ဘူး၊ ဆွလာဟ်ရဲ့အရေးပါမှုကို နားလည်ခဲ့တယ်ဆိုရင် ကေယာမဟ်နေ့ရောက်တဲ့အခါ ထိုသူဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့ ဂျန္နဟ်ဝင်ခွင့် ကတိတော်ကို ရသွားမှာဖြစ်တယ်” လို့ မိန့်တော်မူခဲ့ပါတယ်။
ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့အား ဆွလာဟ်ကို အချိန်မှန်ပြုလုပ်နိုင်ရန်၊ ဂျန္နဟ်သို့ ဝင်ရောက်ခွင့်ရနိုင်ရန်၊ ကျွန်မတို့ရဲ့ ချို့ယွင်းချက်များကို ခွင့်လွှတ်ပေးတော်မူရန်နှင့် အရှင်မြတ် ကို တမ်းတလွမ်းဆွတ်နေသူများထဲတွင် ပါဝင်နေခွင့်ရစေရန် တောင်းဆု ဒုအာအ်ပြုပါတယ်။ အာမီးန်။